စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်မှာ တိုက်ပွဲပေါင်း (၂၇) ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၆ဦးအထိ ရှိလာ


စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်းမှာ မေလ ၂၁ရက်နေ့မှစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့  အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း (၂၇)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ပစ်ခတ်မှုကြေင့်သေဆုံးခဲ့ရတဲ့ ပြည်သူ ၆၃ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၁၃)ဦး ကျဆုံးခဲ့ရပြီး စုစုပေါင်း သေဆုံးသူ ၇ ဦးထိ ရှိလာပြီဖြစ်ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) မှ ဇူလိုင်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ မှတ်တမ်းအရ သိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်မှ အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်အလိုမရှိတဲ့အကြောင်း ဆန္ဒထုတ်ဖော်ရာမှ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူအပါအဝင် စစ်ကောင်စီမှ လမ်းသွားလမ်းလာပြည်သူကို အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အများစုသေဆုံးခဲ့ရပြီး ရိက္ခာပြန်သယ်တဲ့  ကျေးရွာသားကိုပစ်သတ်တာ၊ စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်သူတွေကို ပစ်သတ်မှုအပြင် စစ်ရှောင်စခန်းမှာ ဆေးဝါးမလုံလောက်တဲ့အတွက် သေဆုံးခဲ့ရတဲ့ ကလေးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးခဲ့ရပြီး စစ်ကောင်စီတပ်မှ ၂၀၀ကျော် သေဆုံးခဲ့တယ်လို့ PKPFက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားရတဲ့အကြောင်းအရင်းမှာ စစ်ကောင်စီတပ်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကေအဲန်ပီပီနယ်မြေကို ကျူးကျော်မှုကြောင့် ပစ်ခတ်ခြင်း၊ စစ်ကောင်စီမှ ရပ်ကွက်ကျေးရွာအထိ ကျူးကျော်ပစ်ခတ်နေမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မှ စတင်ခုခံတော်လှန်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီတပ်စွဲနေရာကို PDF မှ ဝင်ရောက်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီဖက်မှ စစ်ကူပို့ရာတွင် ကြားဖြတ်တိုက်ခိုက်ခြင်း၊ နှစ်ဖက်အပြန်အလှန် တိုက်ခိုက်ခြင်း၊ စစ်ကောင်စီမှ စစ်ကြောင်းလှည့်လည်စဉ် PDF နဲ့တိုက်ပွဲဖြစ်ပွားခြင်း၊  ရဲစခန်းသိမ်းတိုက်ပွဲ၊ နယ်စပ်ဂိတ်ဝင်ရောက်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီမှ ထိုးစစ်ဆင်၍ ပြန်လည်ခုခံတိုက်ခိုက်ခြင်း စတဲ့ အကြောင်းအရင်းများကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်တယ်လို့ PKPF မှ ပြုစုထားတဲ့အချက်အလက် သိရပါတယ်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ ကရင်နီ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော်ရှိပြီး  စစ်ကောင်စီမှလက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးခဲ့တဲ့ အိမ်ခြေ ၅၀ ကျော်ရှိလာခဲ့ပါတယ်။

လူငယ်စွမ်းဆောင်ရည်မြှင့်သင်တန်းမှ ပြန်လာတဲ့ လူငယ် ၇၀ကျော်ကို စစ်သင်တန်းမှပြန်လာသူများဟု စစ်ကောင်စီက ယူဆကာ ဖမ်းဆီးခံရခြင်း၊ ဆန္ဒထုတ်ဖော်ရာမှ ဖမ်းဆီးခံရခြင်း၊ နေအိမ်ထိ လာရောက်ဖမ်းဆီးခြင်း၊ စစ်ရှောင်ပြည်သူကိုကူညီရင်း ဖမ်းဆီးခံရခြင်း စတဲ့အကြောင်းရင်းတွေနဲ့ ဖမ်းဆီးခံရတဲ့ ပြည်သူ ၁၃၂ ဦး ရှိပြီလို့ သိရပါတယ်။

ပြီးခဲ့ ဇွန်လ ၃၀ ရက်နေ့မှာ စစ်ကောင်စီမှ ဖမ်းဆီးထားတဲ့ ပြည်သူတွေထဲမှ ၂၃၀၀ ကျော်ကို ပြန်လွတ်ပေးပြီး ကရင်နီပြည်နယ်မှ ဒေသခံပြည်သူ ၁၁ ဦး ပါဝင်ပါတယ်။


Kantarawaddy Times 

https://www.facebook.com/KantarawaddyTimes

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်မှာ တိုက်ပွဲပေါင်း (၂၇) ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၆ဦးအထိ ရှိလာ စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်မှာ တိုက်ပွဲပေါင်း (၂၇) ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၆ဦးအထိ ရှိလာ Reviewed by THITHTOOLWIN on 19:54 Rating: 5

No comments:

Powered by Blogger.