ဘဏ်တွေရဲ့တိုကင်စနစ်ကြောင့် ငွေကြေးလိမ်လည်မှုတွေရှိနေ

ဘဏ်တွေရဲ့တိုကင်စနစ်ကြောင့် ငွေကြေးလိမ်လည်မှုတွေရှိနေ ATM စက်မှ ငွေထုတ်ဖို့ စောင့်ဆိုင်းနေသူတွေကို ၂၀၂၁၊ မေ ၁၂ ရက်နေ့က တွေ့ရစဉ် / Photo: RFA

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဘဏ်တွေကနေ ငွေထုတ်ယူရတာ ခက်ခဲလာတာကို အခွင့်အရေးယူပြီး ရန်ကုန်မြို့မှာ ဘဏ်ကနေ ငွေထုတ်ယူနိုင်ဖို့ တိုကင်ယူပေးမယ်ဆိုပြီးတော့ ငွေကြေး လိမ်လည်ခံရတာတွေ ဖြစ်ပေါ်နေတယ်လို့ လိမ်လည်ခံလိုက်ရသူတွေက RFA ကို ပြောပါတယ်။

တိုကင်နံပါတ်ကို ငွေတစ်သောင်းကျပ်နဲ့ ကိုယ်စားယူပေးမယ်ဆိုလို့ ငွေလွှဲလိုက်ပြီးကာမှ လိမ်လည်ခံရမှန်း သိခဲ့ရတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“တိုကင်ယူပေးတယ်၊ တိုကင်က (၃) နာရီအတွင်း ရတယ်ဆိုလို့ သူ့အကောင့်ကို ဝင်ကြည့်တော့လည်း အောက်မှာ အမှန်ပုံစံတွေပြောထား၊ မန့်ထားကြတာ။ တကယ်တော့ သူတို့လူနဲ့သူတို့ အုပ်စုဖွဲ့လုပ်ကြ၊ လိမ်ကြတာနေမှာ။ တိုကင်အတွက် ဘဏ်နဲ့ ချိတ်ဆက်ပြီး ပြန်တင်ပေးရလို့ ဝန်ဆောင်ခ ငွေကြိုလွဲရမယ်ဆိုလို့ ဘဏ်စာအုပ် နှစ်ခုအတွက် နှစ်သောင်း လွဲထားတာ။ တုံကင်ဘယ်အချိန်ရမလဲ မေးလိုက်တော့ ဘဏ်က မတ်ဆေ့ချ် ပို့မယ်ပြောတယ်။ ဘဏ်က မပို့တော့ သူ့ကိုလှမ်းမေးတော့ အကောင့်ကိုလည်း ဘလော့သွားသလို ဖုန်းနံပတ်တွေကိုလည်း ဘလော့သွားတယ်။ ကိုယ်ကတော့ နှစ်သောင်းပဲ လိမ်ခံရတာဆိုပေမယ့် ဒီလိုမျိုး တစ်နေ့ကို ဘယ်နှစ်ယောက်လောက်တောင် လိမ်နေမလဲမသိဘူး။ မတတ်နိုင်တဲ့သူတွေဆိုရင် တစ်သောင်းဆိုလည်း မနည်းပါဘူး။”

ပြည်သူတွေဟာ သူတို့ရဲ့အပ်ငွေကို ထုတ်ယူဖို့အတွက် ဘဏ်တွေမှာ တိုကင်နံပါတ်တွေရယူပြီးမှ ငွေထုတ်ယူ ခွင့် ရကြတာပါ။

ဘဏ်က တိုကင်နံပါတ်တွေ ရယူနိုင်ဖို့အတွက် ဝန်ဆောင်မှုပေးတယ်ဆိုပြီး လူမှုကွန်ရက် ဂရုတစ်ခုမှာ ကြေညာထားတာကို အချိန်တစ်လလောက် စောင့်ကြည့်ခဲ့ပြီး ဆက်သွယ်လုပ်ဆောင်ရာမှာ အခုလို လိမ်လည် ခံလိုက်ရတာလို့လည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးက ပြောပါတယ်။

အခုလိုလိမ်လည်မှုတွေရှိနေတဲ့အကြောင်း အဲဒီလူမှုကွန်ရက်ဂရုထဲမှာ မှတ်ချက်သွားပေးရာမှာလည်း ဝင်လို့မရတော့အောင် ပယ်ဖျက်ခံလိုက်ရပြီး အခြားသူတွေအနေနဲ့ အလွယ်တကူနဲ့ မယုံကြည်သင့်ဘူးလို့လည်း ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ဘဏ်တွေကနေ ငွေကြေးထုတ်ယူမှုတွေကို ကန့်သတ်ထားတာ ကြောင့် ပြည်သူတွေဟာ ဘဏ်တွေကနေ ငွေထုတ်ဖို့ အခက်အခဲနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

အပြင်မှာ ငွေထုတ်မယ်ဆိုရင် ငွေကျပ်တစ်သိန်းကို ကျပ်ခုနှစ်ထောင်လောက်ထိ အမြတ်ပေးပြီး ငွေထုတ်ယူ နေကြရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/bank-token-07012021034738.html

ဘဏ်တွေရဲ့တိုကင်စနစ်ကြောင့် ငွေကြေးလိမ်လည်မှုတွေရှိနေ ဘဏ်တွေရဲ့တိုကင်စနစ်ကြောင့် ငွေကြေးလိမ်လည်မှုတွေရှိနေ Reviewed by THITHTOOLWIN on 20:58 Rating: 5

No comments:

Powered by Blogger.