မြန်မာပြည်မှာ ၆ လ အတွင်း လူတွေ သန်းချီငတ်မွတ်နိုင်ကြောင်း တွက်ဆထား

တောတောင်တွေထဲ ထွက်ပြေးရတဲ့ ဒီမော့ဆို စစ်ဘေးရှောင်ပြည်သူတွေ၊ ကယား၊ ဇွန်လဆန်း ၂၀၂၁။

အကျပ်အတည်းက ပိုပိုဆိုးလာတဲ့လမ်းပေါ် သွားနေတာကို ရပ်ပစ်ဖို့လိုတယ်

မြန်မာနိုင်ငံမှာ လာမယ့် ခြောက်လ အတွင်း စားနပ်ရိက္ခာ မလုံလောက်တာတွေ သိသိသာသာ ပိုမိုဖြစ်လာနိုင်ပြီး သန်းပေါင်းများစွာသောသူတွေ ငတ်မွတ် ခေါင်းပါးတဲ့ဒဏ် ခံစားရလိမ့်မယ်ဆိုပြီး ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့ ယူအဲန်အိုချာက ထပ်လောင်း သတိပေးပါတယ်။

ရခိုင်နဲ့ ဧရာဝတီဒေသတွေမှာ ကျေးလက်နေပြည်သူတွေ၊ စစ်ဘေးရှောင် ပြည်သူတွေကို အသီးအနှံနဲ့ ဆန်စပါး မျိုးစေ့တွေ၊ ကြက်စာတွေ၊ မြေဩဇာတွေ ထောက်ပံ့တာမျိုး စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးဆိုင်ရာ ကုလအဖွဲ့ FAO က လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

ဇွန်လဟာ စိုက်ပျိုးရာသီနဲ့ ရိတ်သိမ်းရာသီကြား ကာလဖြစ်လို့ ကျေးလက်မှာ ပုံမှန် အတိုင်းဆိုရင်ကို အလုပ်အကိုင်ရှားတဲ့ ရာသီချိန် ဖြစ်ပါတယ်။

လက်ရှိ ကြုံတွေ့နေရတဲ့ နိုင်ငံရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ မတည်ငြိမ်မှုတွေဟာ အခုလို ရာသီချိန်မှာ လူတွေကိုပိုပြီး အခက်ကြုံစေတယ်လို့ အိုချာက ပြောပါတယ်။

တခြားတိုင်းပြည်တွေမှာ အလုပ်ဖြစ်ခဲ့ပြီး၊ လူ့အသက်တွေကို ကယ်နိုင်တာတွေ့ရတဲ့ ကြိုတင် တွက်ဆ လုပ်ဆောင်ချက် စီမံကိန်းတွေ ကုလ FAO က မြန်မာပြည်ထဲမှာလည်း လုပ်မယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် အထက်မှာပြောထားသလို လူတွေ တနိုင်တပိုင် စိုက်ပျိုးမွေးမြူ စားနိုင်အောင် ထောက်ပံ့တဲ့ စီမံကိန်းတွေ ဖော်ဆောင်တာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံတွင်း အခြေအနေနဲ့ ပတ်သက်ပြီး အာရှနဲ့ ပစိဖိတ်ရေးရာ စီမံကိန်း အရာရှိ ဆုမ်ဆပ် ပီပိုပင်ညို ပြောတာက ...

“မြန်မာတနိုင်ငံလုံး အနှံ့ အကြီးအကျယ် နှောင့်နှေး ရပ်ဆိုင်းနေတာတွေ တွေ့နေရပါတယ်။ အထူးသဖြင့် အဓိက ပို့ဆောင်ရေး လမ်းကြောင်းတွေ ပုံမှန် မလည်ပတ်နိုင်ပါဘူး။ အကျိုးဆက်အားဖြင့် ပြည်ပကသွင်းတဲ့ စားသုံးဆီနဲ့ စိုက်ပျိုးရေးသုံး မြေဩဇာတွေ စျေးတွေ ထိုးတက်လာပါတယ်”

“ဝေးလံခေါင်ဖျားတဲ့ ဒေသကလူတွေနဲ့၊ လတ်တလော ထပ်တိုးလာတဲ့ စစ်ဘေးရှောင် မိသားစုတွေ စားရေရိက္ခာ မပြတ်လပ်အောင် ကာကွယ်မှ ဖြစ်လိမ့်မယ်။ အကျပ်အတည်းက ပိုပိုဆိုးလာတဲ့လမ်းပေါ် သွားနေတာကို ရပ်ပစ်ဖို့လိုတယ်” ဆိုပြီး မစ္စတာ ပီပိုပင်ညိုက ဆိုပါတယ်။

FAO ကျင့်သုံးနေတဲ့ ကြိုတင်တွက်ဆ လုပ်ဆောင်ချက် Anticipatory Action စီမံကိန်းကို ဂျာမနီ၊ ဥရောပသမဂ္ဂ၊ ဘယ်လ်ဂျီယံနဲ့ ဆွီဒင်တို့က ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲက ပရောဂျက်အတွက် ဂျာမနီ ဗဟိုအစိုးရရဲ့ နိုင်ငံခြားရေးရုံး ဆီက အကူအညီ အထောက်အပံ့ရတယ်လို့ ဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57652919

မြန်မာပြည်မှာ ၆ လ အတွင်း လူတွေ သန်းချီငတ်မွတ်နိုင်ကြောင်း တွက်ဆထား မြန်မာပြည်မှာ ၆ လ အတွင်း လူတွေ သန်းချီငတ်မွတ်နိုင်ကြောင်း တွက်ဆထား Reviewed by THITHTOOLWIN on 23:58 Rating: 5

No comments:

Powered by Blogger.