တန့်ဆည်မှာ ထွေအုပ်ဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံရ

တန့်ဆည်မှာ ထွေအုပ်ဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံရ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ပြည်သူတွေ ၂၀၂၁၊ မေ ၂၅ ရက်နေ့က စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြကြစဉ် / Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ဆံဆွဲ-စည်ကြီးအုပ်စုမှာ တာဝန်ကျနေတဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန က စာရေးဖြစ်သူ အသက် (၃၃) နှစ်ခန့်အရွယ် ကိုကျော်မျိုးထွန်း (ခေါ်) ကိုချပ်ပြား ဟာ ဇူလိုင်လ ၈ ရက် မနေ့က သတ်ဖြတ်ခံလိုက်ရတယ်လို့ တန့်ဆည်မြို့ဒေသခံတွေက RFA ကို ပြောပါတယ်။

သူဟာ မနေ့ နေ့လယ် နှစ်နာရီလောက်က မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားပြီးနောက် ည ၈ နာရီလောက် မှာတော့ တန့်ဆည်မြို့က ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းနားမှာ ခေါင်းဖြတ်ပြီး သတ်ဖြတ်ခံထားရတာကို တွေ့ရှိခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

"အဆက်သွယ်ပြတ်တော့ မိသားစုက လိုက်စုံစမ်းတယ်။ မရဘူး၊ ညပိုင်း ၈ နာရီလောက်မှာ တန့်ဆည် ဗိုလ်ချုပ်ကြေးရုပ်နားက အဝိုင်းမှာ အနက်ရောင် အိတ်တစ်လုံး တွေ့လို့ ရဲတွေက မီးသတ်ပိုက်တွေနဲ့ ပက်တယ်။ သေနတ် ခုနစ်ချက်လောက် ပစ်ကြည့်တယ်။ ဘာမှမဖြစ်တာ့ အိတ်ကိုကြည့်တဲ့အခါ ကိုကျော်မိုးထွန်း ရဲ့ ဦးခေါင်း ဖြစ်နေတယ်။ ဒီကနေ့ မနက်မှာတော့ သူ့ရဲ့ ခေါင်းမပါတဲ့ အလောင်းကို တန့်ဆည်-ကံထူးမ သွားတဲ့လမ်း ချောင်းဦးလမ်းခွဲမှာ တွေ့ရတယ်။ ရဲကား သုံးစီးနဲ့သယ်ပြီး သူ့ရွာကို ပြန်ပို့လိုက်တယ်။ ဘယ်သူက သတ်သွားတယ်ဆိုတာတော့ မသိဘူး"

ကိုကျော်မိုးထွန်းဟာ ဆင်ငယ်ကျေးရွာကဖြစ်ပြီး ဇူလိုင်လ ၈ ရက် မနေ့မနက်က သူတာဝန်ကျနေတဲ့ ဆံဆွဲ-စည်ကြီး ကျေးရွာအုပ်စုကို သက်ကြီးဘိုးဘွား ထောက်ပံ့ကြေး ပေးဖို့အတွက် နေအိမ်က ထွက်သွားခဲ့တာလို့ ဆိုပါတယ်။

မနေ့က သတ်ဖြတ်မှုဟာ ဘယ်သူ့လက်ချက်ဆိုတာကို မသိရသေးဘူးလို့လည်း တန့်ဆည်ဒေသခံတွေက ပြောပါတယ်။

တန့်ဆည်မြို့ဟာ စစ်အာဏာသိမ်းတာကို အပြင်းအထန် ကန့်ကွက်မှုနေကြတဲ့ မြို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၇) ရက်နေ့ ညကလည်း တန့်ဆည်မြို့အနီးက ရေဦးမြို့မှာ ရဲတပ်ဖွဲ့နဲ့ တူမီး သေနတ် သမားတွေ အကြား အပြန်အလှန် ပစ်ခတ်ခဲ့တဲ့နောက် ရဲတပ်ဖွဲ့ဝင် တစ်ဦးနဲ့ တူမီးသေနတ်သမား တစ်ဦး သေဆုံးခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/death-in-taze-tsp-07092021021114.html

တန့်ဆည်မှာ ထွေအုပ်ဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံရ  တန့်ဆည်မှာ ထွေအုပ်ဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံရ Reviewed by THITHTOOLWIN on 00:00 Rating: 5

No comments:

Powered by Blogger.