စစ်ကောင်စီလို့ မသုံးဖို့ ထပ်မံခြိမ်းခြောက်တဲ့အပေါ် သတင်းသမားတွေ လက်မခံ

စစ်ကောင်စီလို့ မသုံးဖို့ ထပ်မံခြိမ်းခြောက်တဲ့အပေါ် သတင်းသမားတွေ လက်မခံ မုံရွာမြို့အခြေစိုက် သတင်းသမားတွေ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းမှာ ပါဝင်ဆန္ဒပြနေကြတာကို ၂၀၂၁ ဖေဖော်ဝါရီ ၂၀ ရက်နေ့က တွေ့ရစဉ် / Photo: CJ

မြန်မာနိုင်ငံမှာအခြေစိုက်တဲ့ နိုင်ငံခြားသတင်းဌာနတွေအနေနဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို စစ်ကောင်စီ၊ အာဏာသိမ်းစစ်တပ်၊ စစ်အစိုးရ စသဖြင့် သုံးနှုန်းနေတာတွေနဲ့ သတင်းမှားတွေကို ကိုးကား ချဲ့ကား ရေးသားဖြန့်ချိတာတွေ မလုပ်ဖို့ သတင်းစာတွေကနေ နေ့စဉ်သတိပေးနေသလို စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနကလည်း မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီလိုသာ ဆက်လုပ်နေမယ်ဆိုရင် တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့လည်း အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြည်တွင်းအခြေစိုက် နိုင်ငံခြား သတင်းထောက်တစ်ဦးက အာဏာရယူထားတဲ့ စစ်တပ်အနေနဲ့ သူတို့ရဲ့ လုပ်ရပ်အပေါ် မလုံမလဲဖြစ်နေတာဖြစ်နိုင်တယ်လို့ ဝေဖန်ပါတယ်။

“အဖြစ်မှန်ကိုတော့ သတင်းဌာနတွေက အင်တာဗျူးတွေ လုပ်ပြီးတော့ သတင်းရေးကြရတာပဲလေ။ ဟိုနာမည် မခေါ်နဲ့ ဒီနာမည်မခေါ်နဲ့ဆိုတာကလည်း မလုံတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ကိုယ်က အာဏာကိုယူထားတဲ့ သူတွေ ဆိုတော့လေ။ (ဒီထုတ်ပြန်ချက်က)ကောင်းတာတော့ မကောင်းဘူးပေါ့လေ။ ဒါပေမဲ့ တကယ်မှာ သူတို့ဘယ်လောက်အထိ ဆက်လုပ်မလဲဆိုတာ ကြည့်ရမှာပေါ့။ ဒီလိုအမိန့်ထုတ်တယ် ဆိုတာလည်း ဒါက ပထမဆုံးအကြိမ်မှ မဟုတ်တာ၊ စောင့်ကြည့်ရမှာပေါ့၊ သူတို့ဘယ်လောက်အထိ လုပ်မလဲဆိုတာ”

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့တာကြောင့် သတင်းသမားတွေက စစ်ကောင်စီ၊ အာဏာသိမ်းစစ်ကောင်စီ၊ အာဏာသိမ်းစစ်တပ် စသဖြင့် သုံးနှုန်းဖော်ပြနေတာပါ။

စစ်ကောင်စီဘက်ကလည်း သူတို့ဟာ အာဏာသိမ်းယူလိုက်တာမဟုတ်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ အာဏာကိုထိန်းလိုက်တာကြောင့် သတင်းသမားတွေအနေနဲ့ အဲဒီအသုံးအနှုန်းကို မသုံးဖို့ အကြိမ်ကြိမ် ထုတ်ပြန်သတိပေးနေတာပါ။

    "ဟိုနာမည် မခေါ်နဲ့ ဒီနာမည်မခေါ်နဲ့ဆိုတာကလည်း မလုံတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ကိုယ်က အာဏာကိုယူထားတဲ့ သူတွေ ဆိုတော့လေ"

မနေ့က စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်သတိပေးချက်မှာလည်း ကုလသမဂ္ဂနဲ့ ကမ္ဘာ့ နိုင်ငံတွေက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုထားပြီးဖြစ်ကြောင်းနဲ့ သတင်းစီးဆင်းမှုတွေ မှန်ကန်မြန်ဆန်စေဖို့ သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်တာ၊ သတင်းမေးမြန်းမှုတွေကို မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် ဖြေကြားပေးနေတယ်လို့လည်း ပါရှိပါတယ်။

နေ့စဉ် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး သတင်းဌာနတွေရဲ့ မေးမြန်းချက်တွေကို ဘယ်လိုဖြေကြားနေသလဲဆိုတာ သိနိုင်ဖို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

သတင်းစာဆရာ တစ်ဦးဖြစ်တဲ့ ဦးမြင့်ကျော်ကတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ ဝါဒဖြန့်ရုံသက်သက် လို့မြင်ကြောင်း ပြောပါတယ်။

“လွတ်လပ်စွာ သတင်းရေးနိုင်တဲ့ ပတ်ဝန်းကျင်အနေအထားမျိုး အဲလိုအခြေအနေမျိုး ရှိသလားဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ သတင်းအချက်အလက် မှန်တွေက ထွက်လာမှာပေါ့နော်။ နောက် (သတင်း အတွက်)သွားနိုင်ရဲ့လား၊ ယူနိုင်ရဲ့လား။ အခုတောင် သတင်းထောက်တွေက အပြင်ထွက်ရင် သတင်း ထောက်ဆိုတာနဲ့ဟာမျိုးနဲ့ ဖမ်းဆီးခံရတဲ့ အနေအထားမျိုးက ရှိနေတယ်။ သတင်းထောက်တွေ သတင်း လိုက်လို့မရတဲ့ အနေအထားမျိုး ရှိနေတာ။ ဒီဟာကတော့ နိုင်ငံရေးအရ ဝါဒဖြန့်တဲ့သဘောမျိုးနဲ့ ထုတ်ပြန် တာလို့ပဲမြင်ပါတယ်။ သတင်းသမားတွေက အခုလည်း စိုးရိမ်စရာအနေအထားမှာ ရောက်နေတာ။ ဒီအခြေအနေက မလျော့သွားသေးဘူးလို့ပဲ ပြောရမယ်”

စစ်ကောင်စီနဲ့ ပတ်သက်လို့ ခေါ်ဝေါ်သုံးစွဲမှုတွေဟာ နှိမ့်ချပြောဆိုတဲ့ စကားလုံးတွေ မဟုတ်ဘဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဒီချုပ်လို့ ခေါ်ဝေါ်သုံးနှုန်းကြသလိုမျိုး အတိုကောက်အသုံးအနှုန်းသာဖြစ်လို့ ဒီအပေါ်မှာ စောဒကတက်စရာမလိုဘူးလို့လည်း သူက ဆိုပါတယ်။

သတင်းမှန်တွေ ထွက်လာဖို့အတွက် သက်ဆိုင်တဲ့သူတွေအားလုံးကို ချက်ချင်းမေးမြန်း အတည်ပြုတာတွေကို အားပေးရမှာဖြစ်ပြီး သတင်းအတွက်ပြောဆိုသူတွေကို ဖမ်းဆီးအရေးယူတာတွေ မလုပ်ဖို့ လိုအပ်တယ်လို့ လည်း ဦးမြင့်ကျော်က ပြောပါတယ်။

သတင်းစာဆရာ တစ်ဦးဖြစ်တဲ့ ဦးစည်သူအောင်မြင့်ကလည်း စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ကြေညာ ချက်ဟာ သတင်းမီဒီယာတွေအပေါ်မှာ ထပ်မံခြိမ်းခြောက်မှု တစ်ခုဖြစ်ပြီး အခေါ်အဝေါ် အသုံးအနှုန်း တွေအပေါ် ထိန်းချုပ်ဖို့ကြိုးပမ်းမှုဟာ အောင်မြင်မှာ မဟုတ်ဘူးလို့မြင်တယ်လို့ ပြောပါတယ်။

“သူတို့ ရည်ရွယ်ချက်ကတော့ သူတို့ဖြစ်ချင်တာကိုသူတို့ပြောတယ်။ သူတို့ကိုအဲလိုမရေးဖို့ ဘာညာ ဆိုပြီးတော့ပြော တယ်။ တကယ်လို့ အဲလိုမျိုးဆက်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင် ဥပဒေအရ အရေးယူမယ် ဘာညာဆိုတာက သူတို့ခြိမ်းခြောက်တာပေါ့။ ခြိမ်းခြောက်တယ်ဆိုတာက နိုင်ငံခြား မီဒီယာတွေဆိုရင် ပြည်တွင်းမှာဆိုရင် ဟိုအရင် သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်းက စဝင်လာခဲ့ကြတာပေါ့နော်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်၊ နောက်တော့ NLD အစိုးရ လက်ထက်တွေမှာ တရားဝင်သတင်း ရယူခွင့် တရားဝင်မှတ်ပုံတင်ပြီးတော့မှ ဒီမှာအလုပ်လုပ်နေတာတွေရှိတယ်။ အဲဒီဥစ္စာတွေကို သူတို့ ပြန်ကြားရေးဝန်ကြီးဌာနက ပယ်ဖျက်မယ်ဆိုပြီးတော့မှ ခြိမ်းခြောက်လိုက်တဲ့ သဘောပါပဲ။ ဒါပေမဲ့ အဲဒီလို ဲခြိမ်းခြောက်တဲ့ဥစ္စာကတော့ အောင်မြင်နိုင်လိမ့်မယ်လို့တော့ မထင်ပါဘူး။ သတင်းဌာနတွေဆိုတာက အဖွဲ့အစည်းတစ်ခုကို သူတို့နာမည် တပ်ချင်တိုင်းလည်း တပ်လို့မရဘူးလေ။ တကယ့်တကယ် အမှန်ကို ထင်ဟပ်ပြီးတော့မှ အများလည်းနားလည်အောင် အဲလိုမျိုး ထင်ဟပ်ပြီးတော့မှ ပြောဆိုကြရတာ။ အဲတော့ သူ့ခြိမ်းခြောက်မှုကတော့ သိပ်ပြီးတော့ ထိရောက်လိမ့်မယ်လို့တော့ မထင်ပါဘူး”

အခုလို ခြိမ်းခြောက်မှုတွေရှိနေပေမယ့်လည်း နိုင်ငံတကာ သတင်းမီဒီယာတွေမှာတော့ စစ်ကောင်စီ၊ အာဏာသိမ်းစစ်တပ်၊ စစ်အစိုးရ စတဲ့အသုံးအနှုန်းတွေကို ဆက်လက်သုံးစွဲနေကြဦးမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံတွေက တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုကြတာကြောင့် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်မှာပါတဲ့ သူတို့ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု ထားတယ်လို့ ပြောဆိုချက်ဟာ လိမ်ညာခြင်းသာဖြစ်တယ်လို့လည်း ဦးစည်သူအောင်မြင့်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဒီဗီဘီ၊ မဇ္ဈိမ၊ Myanmar Now သတင်းဌာနတွေ အပါအဝင် သတင်းမီဒီယာ ရှစ်ခု ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်းခံထားရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီ မီဒီယာအဖွဲ့အစည်းတွေကို လိုင်စင်ပိတ်သိမ်းတာဟာ စစ်ကောင်စီလို့ သုံးနှုန်းလို့ အရေးယူခဲ့တာလားလို့ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်ကောင်စီဆိုတဲ့ အသုံးအနှုန်းကြောင့် မဟုတ်ဘဲ သူတို့ရဲ့ရေးသားချက်တွေကြောင့်သာ အရေးယူတာလို့ တုံ့ပြန်ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလို့ သုံးနှုန်းတာဟာ မြဝတီ၊ မြန်မာ့အလင်းနဲ့ကြေးမုံတို့သာရှိပြီး ကျန်မီဒီယာတွေမှာ ရေးချင်သလို ရေးနေကြတာကြောင့် စစ်ကောင်စီလို့ သုံးနှုန်းလို့ အရေးယူမယ်ဆိုရင် မီဒီယာသမားတွေ တစ်ယောက်မှ ကျန်မှာမဟုတ်ဘူးလို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

(မုံရွာမြို့အခြေစိုက် သတင်းသမားတွေ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းမှာ ပါဝင်ဆန္ဒပြနေကြတာကို ၂၀၂၁ ဖေဖော်ဝါရီ ၂၀ ရက်နေ့က တွေ့ရစဉ်)

ဒါပေမဲ့ အခုရက်ပိုင်းတွေအတွင်း ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာချက်ကို သတင်းစာတွေမှာ နေ့စဉ်ဖော်ပြနေတဲ့အပြင်၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဝက်ဆိုက်စာမျက်နှာမှာလည်း သတင်းသမားတွေဟာ ကျင့်ဝတ်နဲ့မညီဘဲ ရေးသားနေတဲ့အတွက် အရေးယူမခံရအောင်လို့ စစ်ကောင်စီ ဖွဲ့ထားတဲ့ သတင်းမီဒိယာကောင်စီသစ်ကနေ လိုအပ်တဲ့ သင်တန်းတွေပေးမယ်လို့ ဇူလိုင်လ ၁ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

ဒီလိုထုတ်ပြန်သတိပေးချက်တွေကြောင့် သတင်းမီဒီယာတွေအပေါ်မှာ ဘယ်လောက်အထိ အကျပ်ကိုင် လာဦးမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်တယ်လို့ သတင်းသမားတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ဒီနေ့အထိ သတင်းသမား ၈၈ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး၊ ဒီကနေ့ ဇူလိုင် ၂ ရက်နေ့အထိ ပြန်လွတ်လာသူ ၄၉ ဦးပဲ ရှိပါတယ်။

ဒါ့ကြောင့် တစ်နိုင်ငံလုံးက အကျဉ်းထောင်တွေထဲမှာ သတင်းသမား ၃၉ ဦး ဆက်လက်အဖမ်းခံထားရ ဆဲဖြစ်ကြောင်း ဖမ်းဆီးခံသတင်းသမားတွေရဲ့ အချက်အလက်တွေကို နေ့စဉ်စောင့်ကြည့်လေ့လာနေတဲ့ Detained Journalists Information Myanmar ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/information-department-statement-07022021044725.html

စစ်ကောင်စီလို့ မသုံးဖို့ ထပ်မံခြိမ်းခြောက်တဲ့အပေါ် သတင်းသမားတွေ လက်မခံ စစ်ကောင်စီလို့ မသုံးဖို့ ထပ်မံခြိမ်းခြောက်တဲ့အပေါ် သတင်းသမားတွေ လက်မခံ Reviewed by THITHTOOLWIN on 20:17 Rating: 5

No comments:

Powered by Blogger.