မလိုအပ်လျင် အိမ်ပြင်မထွက်ဖို့ မန်းနဲ့ ပဲခူးမှာ အမိန့်ထုတ်

ရန်ကုန်မြို့က Covid-19 ရောဂါပိုးစစ်ဆေးခံနေသူတဦး၊ အောက်တိုဘာ ၇၊ ၂၀၂၀။

ဒေသတွင်း ကပ်ရောဂါကူးစက်သူ တိုးလာနေလို့ ဒီနေ့ ဇူလိုင် ၂ရက်ကစပြီး မန္တလေးက မြို့နယ် ၇ခုနဲ့ ပဲခူးတိုင်းထဲက မြို့နယ် ၂ခုကို Stay at Home သတ်မှတ်လိုက်တဲ့အတွက် Stay at Home သတ်မှတ်လိုက်တဲ့ မြို့နယ်ပေါင်း ၂၀ ရှိသွားပါပြီ။ နေအိမ်တွေထဲမှာနေဖို့ ကန့်သတ်လိုက်တဲ့ မြို့နယ်တွေရဲ့ ကပ်ရောဂါကူးစက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို မစုမြတ်မွန် ပြောပြမှာပါ။

ဇူလိုင်လ ၂ ရက်နေ့ကစပြီး မန္တလေးတိုင်းထဲက ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေနဲ့ အောင်မြေသာဇံ အပါအဝင် ပုသိမ်ကြီး၊ အမရပူရ မြို့နယ်တို့ကို Stay at Home သတ်မှတ်လိုက်ပါတယ်။ မန္တလေးမှာ တပတ်တာကာလအတွင်း ဓာတ်ခွဲအတည်ပြုလူနာ ၇၅၂ ဦးနဲ့ ကိုဗစ်ကြောင့်သေဆုံးသူ ၁၀ ဦး ရှိခဲ့ပြီး အဲဒီထဲက တပတ်တာအတွင်း အတည်ပြုလူနာ ၈၅ ဦးရှိထားတဲ့ အောင်မြေသာဇံမြို့နယ်မှာတော့ လူနာတွေကိုသီးသန့်ထားဖို့ နေရာအခက်အခဲရှိနေတယ်လို့ ကိုဗစ်တိုက်ဖျက်ရေးမှာ ပါဝင်ကူညီနေတဲ့ ဓါတ်ပေါင်းစုလူမှု ကူညီရေးအသင်း ဥက္ကဋ္ဌက ဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့ အောင်မြေသာဇံမြို့နယ်မှာဆိုရင် ကိုဗစ်သံသယလူနာတွေကို တိုင်းရင်းဆေးတက္ကသိုလ်၊ သံဃာ့ဆေးရုံတွေမှာ ပို့ပေးရတာပေါ့။ ကိုဗစ်လူနာတွေရဲ့ အဓိကလိုအပ်ချက်ကတော့ လောလောဆယ် ကျနော်တို့အသင်းကနေပြီးတော့ အောက်ဆီဂျင်ကူညီပေးရတာတွေ ရှိတယ်။ ထိတွေ့လူနာကျတော့ သူတို့လမ်းညွှန်တဲ့ ကိုဗစ်စစ်တဲ့နေရာတွေကို ပို့ဆောင်ပေးရတာပေါ့။ အဲဒီကနေမှ Positive ဆိုရင်လည်း စစ်တဲ့နေရာကနေမှ သူတို့စီစဉ်ထားတဲ့ဆေးရုံကို ပို့ပေးရတယ်။ တချို့ညွှန်ကြားတဲ့ဆေးရုံက ပြည့်နေပြီဆိုရင် အိမ်မှာပဲ သူတို့ကို Home Quarantine ထားပေးရတယ်။ အကယ်၍ Negative ဆိုရင်တော့ အိမ်တခါတည်း ပို့ပေးရတာပေါ့။ နေရာထိုင်ခင်းကတော့ လောလောဆယ် မလုံလောက်ပါဘူး။ တချို့ Positive လူနာတောင်မှ ကိုယ့်အိမ်မှာပဲ Home Quarantine ပြန်နေရတာရှိတယ်။"

အတည်ပြုလူနာ တိုးလာနေပေမဲ့ ကပ်ရောဂါကာကွယ် ထိန်းချုပ်ရေး စည်းမျဉ်းတွေကိုတော့ လိုက်နာမှုအားနည်းနေတယ်လို့လည်း သူကဆက်ပြောပါတယ်။

"ကိုဗစ်စစ်တဲ့နေရာတွေ လိုက်ပို့တဲ့အခါမှာ တချို့လူတွေက အကြောက်တရားမရှိကြဘူး ဆိုတာက ကျနော်တို့ တွေ့ခဲ့ရတဲ့အခြေအနေလေး ပြောပြမယ်။ စစ်တဲ့နေရာတခုမှာဆိုရင် ရုပ်ရှင်လက်မှတ် တန်းစီပြီးဝယ်နေသလို၊ တဦးနဲ့တဦး တင်နဲ့ရင်နဲ့ ထိပြီးတော့ တွေ့နေရတာတွေ ကျနော်တော်တော်ကြီး စိတ်မကောင်းဖြစ်ခဲ့တယ်။ ဒါက ဘာကြောင့်လဲဆိုရင် အဲဒီစစ်တဲ့နေရာက Guideline မပေးဘူး။ တဦးနဲ့ တဦး အကွာအဝေးဘယ်လောက်နေပါဆိုတာ မရှိဘူး။ ကိုဗစ်စစ်တဲ့လူတွေက အဲလိုပြွတ်သိပ်နေတော့ ကျနော်တို့အနေနဲ့ ပိုပြီးတော့စိုးရိမ်တာပေါ့။ ကျနော်တို့တွေတောင်မှ ကားပေါ်ကနေ အောက်ကို သိပ်မဆင်းရဲဘူး။ လန့်တောင်လန့်တယ်။"

ဒီနေ့ကစပြီး ပဲခူးတိုင်းမှာရှိတဲ့ သာယာဝတီနဲ့ မင်းလှမြို့နယ်တို့ကိုလည်း Stay at Home သတ်မှတ်လိုက်ပါတယ်။ အခုရက်ပိုင်းထဲ အတည်ပြုလူနာ ဦးရေအများဆုံးရှိနေတဲ့ ပဲခူးတိုင်းမှာ တပတ်တာအတွင်း လူဦးရေ ၁,၆၃၃ ဦးအထိ ကူးစက်ခံထားရပြီး၊ သေဆုံးသူ ၈ ဦး ရှိခဲ့ပါတယ်။ အဲဒီထဲက မင်းလှမြို့နယ်မှာတော့ အတည်ပြုလူနာဟာ ရက်သတ္တပတ်ထဲ ၁၇၁ ဦးအထိ ရှိခဲ့ပါတယ်။

မင်းလှမြို့နယ်အတွင်းမှာရှိတဲ့ ကယ်ဆယ်ရေးပရဟိတ အဖွဲ့တွေ ပူးပေါင်းပြီး မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်အလိုက် အဖွဲ့ခွဲ ဆောင်ရွက်ပေးနေတာပါ။ ဒေသတွင်း ကူးစက်သူဦးရေ ထပ်ပြီးတိုးမလာစေဖို့ ဆောင်ရွက်တဲ့နေရာမှာ လိုအပ်ချက်တွေရှိနေတယ်လို့ စိန်ကန့်လန့်လူမှု ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့ဆီမှာ လောလောဆယ်တော့ အောက်ဆီဂျင်ပြတ်လတ်တဲ့ လူနာတွေမရှိသေးဘူး။ ဒါပေမဲ့ ရှေ့မှာဖြစ်ခဲ့တဲ့ လက်ပံတန်းအတွေ့အကြုံအရ အဲလိုဖြစ်လာမှာစိုးလို့ ကျနော်တို့က အောက်ဆီဂျင်ကို ကြိုစုတဲ့သဘောပဲ။ ကယ်ဆယ်ရေးပစ္စည်းဆိုတာက PPE မလောက်ငတာတို့ပေါ့၊ အသင်းက လက်ကျန်နဲ့လုပ်ရတာတို့။ အခုက ဖြစ်တဲ့လူဦးရေက များနေတော့ မလောက်ငဘူးပေါ့။ အဲတော့ ပတ်ဝန်းကျင်ကလှူတာနဲ့ပဲ ကျနော်တို့တွေ ရပ်တည်နေရတာပေါ့။ ကူးတဲ့နှုန်းက မြန်လည်းမြန်တယ်၊ ပြီးတော့ Contact တွေက များလည်းများတော့ တရွာနဲ့တရွာကို Contact ဖြစ်မှာစိုးလို့ ပေါင်းမသယ်ဘူး။ အဲတော့ တဦးချင်းသယ်တဲ့အခါကျတော့ PPE ကုန်ကျတာများတာပေါ့။ အဲအတွက်ကို PPE လိုတယ်ပေါ့။ အောက်ဆီဂျင်ကတော့ ကျေးရွာတွေ၊ မြို့နယ်တွေမှာ လိုက်ပြီးအလှူခံတဲ့အတွက် အောက်ဆီဂျင်ကတော့ ပြည့်မယ်လို့ထင်တာပဲ။ လောလောဆယ်လိုအပ်ချက်ကတော့ အဓိက ကယ်ဆယ်ရေးပစ္စည်းပဲ။"

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ် အပါအဝင် မန္တလေးတိုင်းတို့မှာရှိတဲ့ မြို့နယ် ၂၀ ကို ရောဂါကူးစက်မှုအခြေအနေကြောင့် မလိုအပ်ရင် အပြင်မထွက်ဖို့ Stay at Home သတ်မှတ်ထားတာပါ။ နိုင်ငံတွင်း ကပ်ရောဂါကူးစက်ခံရသူ တိုးလာတဲ့အထဲ ကာကွယ်ဆေးထိုးထားပြီးသူတွေလည်း ပါဝင်နေပါတယ်။ ကာကွယ်ဆေးတွေ ထပ်ပြီးရရှိဖို့အတွက် ရုရှားနဲ့ တရုတ်နိုင်ငံတို့ကနေ မှာယူထားတယ်လို့ သိရပြီး ဇူလိုင်လအတွင်း ကိုဗစ်ကာကွယ်ဆေးတွေ မြန်မာနိုင်ငံကိုရောက်ရှိမယ်လို့ စစ်ကောင်စီပိုင် သတင်းမီဒီယာကနေတဆင့် ဖော်ပြထားပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၁ရက်၊ ည ၈နာရီ ထုတ်ပြန်ထားတဲ့စာရင်းအရ ပြည်တွင်းမှာ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂,၀၇၀ ဦး ရှိထားပါတယ်။


မစုမြတ်မွန်/ VOA Burmese

https://burmese.voanews.com/a/5950955.html

မလိုအပ်လျင် အိမ်ပြင်မထွက်ဖို့ မန်းနဲ့ ပဲခူးမှာ အမိန့်ထုတ် မလိုအပ်လျင် အိမ်ပြင်မထွက်ဖို့ မန်းနဲ့ ပဲခူးမှာ အမိန့်ထုတ် Reviewed by THITHTOOLWIN on 20:18 Rating: 5

No comments:

Powered by Blogger.