ကနီကျေးရွာတွေမှာ စစ်ကောင်စီဘက်က ခြောက်လှန့်ပစ်ခတ်တာ၊ ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေဆဲလို့ ဒေသခံတွေပြော

CJCopyright: CJ


စစ်ကိုင်းတိုင်းဒေသကြီး၊ကနီမြို့နယ်ထဲကကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ လှည့်လှည်တပ်စွဲနေပြီး ရွာတွေထဲ အင်အားသုံးပြီးလှည့်လှည်ခြောက်လှန့်ပစ်ခတ်တာတွေ၊ ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့မှာ စစ်ကောင်စီနဲ့ ကနီဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား လူသေဆုံးတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

ဒီတိုက်ပွဲအပြီးမှာ စစ်ကောင်စီဘက်က ကနီမြို့နယ်အတွင်းကကျေးရွာတွေမှာ လှည့်လှည်တပ်စွဲပြီး ပစ်ခတ်ခြောက်လှန့်တာတွေ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ယူဆတဲ့လူငယ်တွေကိုဖမ်းဆီးတာတွေဆက်လိုက်လုပ်နေတယ်လို့ ဒေသခံတွေကပြောဆိုလာတာပါ။

"ရက်ပိုင်းအတွင်းပဲ သေနတ်သံတွေပြန်ကြားနေရတယ် ရွာထဲကအိမ်တွေကိုထိတာတွေလည်းရှိတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက ရွာထဲက ကိုယ်ဝန်ဆောင်တယောက် ပေါင်ကိုကျည်ထိသေးတယ်။ ဖမ်းလိုက်၊ စစ်လိုက်၊ ပြန်လွှတ်လိုက်လုပ်နေတော့ပြေးတဲ့ရွာတွေလည်း ကြိုပြေးပြီ။ အထူးသဖြင့် လူငယ်ဆိုရင်ကိုရွာထဲမနေရဲဘူး " လို့ ကနီနယ်ခံက ဘီဘီစီကိုပြောပါတယ်။

အခုလိုပစ်ခတ်ဖမ်းဆီးတာတွေရှိပေမယ့် လက်ရှိအချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့စစ်ကောင်စီအပြန်လှန်ပစ်ခတ်နေတာမျိုးမရှိဘူးလို့လည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

"ရွာထဲကိုပစ်လိုက် ရွာသားတွေကိုဖမ်းလိုက်နဲ့စစ်ကိုမြူ နေတဲ့သဘောဖြစ်နေတယ်။ လက်ရှိကတော့နှစ်ဖက်တင်းမာနေတာပဲရှိပါတယ်။ အပြန်လှန်ပစ်ခတ်တာမျိုးမရှိပါဘူး"လို့ ကနီဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက ဘီဘီစီကိုပြောပါတယ်။

အခုလိုစစ်ကောင်စီဘက်က လှည့်လှည်တပ်စွဲဖမ်းဆီးမူတွေကြောင့် ပြီးခဲ့တဲ့တိုက်ပွဲတွေတုန်းက တိမ်းရှောင်ရတဲ့ရွာတွေအပြင် ရွာပေါင်း ၄ရွာလောက်ထပ်ပြီး ရှောင်ပြေးရတာကြောင့် ကနီဒေသထဲမှာ ၂၄ ရွာလောက်စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံလူမူအကူညီပေးနေသူတွေကဆိုပါတယ်။

ကနီမှာ ဇွန်လ ၉ ရက်ကနေ ၁ဝ ရက်အတွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပါဝင်ပြည်သူ ၁၁ ဦးသေဆုံးခဲ့တယ်လို့ ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ခဲ့ပြီး စစ်ရှောင်တွေနေတဲ့နေရာတွေထိ စစ်ကောင်စီဘက်ကလိုက်ခံပစ်ခတ်တာကိုလည်း ထည့်သွင်းပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ စစ်ကောင်စီအနေနဲ့ ဒေသခံစစ်ရှောင်တွေရှိတဲ့တောတွေထဲ လိုက်လံပစ်ခတ်တာမရှိဘူးလို့ငြင်းဆိုထားသလို လက်ရှိကနီဒေသထဲက ပစ်ခတ်ဖမ်းဆီးမူတွေနဲ့ပတ်သက်လို့လည်း ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57783160

ကနီကျေးရွာတွေမှာ စစ်ကောင်စီဘက်က ခြောက်လှန့်ပစ်ခတ်တာ၊ ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေဆဲလို့ ဒေသခံတွေပြော  ကနီကျေးရွာတွေမှာ စစ်ကောင်စီဘက်က ခြောက်လှန့်ပစ်ခတ်တာ၊ ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေဆဲလို့ ဒေသခံတွေပြော Reviewed by THITHTOOLWIN on 23:36 Rating: 5

No comments:

Powered by Blogger.