ရေဘေးကြောင့် ကပ်ရောဂါကူညီရေးအဖွဲ့တွေ အခက်ကြုံ

flood in lower Myanmar

ကရင်ပြည်နယ် မြဝတီမြို့ ကိုဗစ်စင်တာမှာ ရေကြီးလို့ အောက်ဆီဂျင်ပေးနေရတဲ့ လူနာအပါအဝင် လူနာ ၁၀၀ ကျော်ကို အရေးပေါ်ပြောင်းရွှေ့ထားရပါတယ်။ မော်လမြိုင်မှာလည်း ရေကြီးပြီး ရပ်ကွက်လမ်း၊ သချိုင်္င်းသွားလမ်းတွေ ရေမြှုပ်လို့ နေအိမ်မှာ သေဆုံးသွားသူ ၉ ဦးကို မိုးထဲရေထဲ ခက်ခက်ခဲခဲ သယ်ယူမီးသင်္ဂြုလ်ခဲ့ရပါတယ်။ မြန်မာပြည်တောင်ပိုင်းတခွင် ရေကြီးရေလျှံလို့ ကပ်ရောဂါအကူအညီပေးရေးကိစ္စတွေမှာ အဟန့်အတားဖြစ်နေတဲ့အခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို အလိမ္မာပြောပြပါမယ်။

ကရင်ပြည်နယ် မြဝတီမြို့ က မိုးရွာသွန်းမှုကြောင့် ဇူလိုင် ၂၆ ရက် မနေ့ညနေကကိုဗစ်ကွာရန်တင်း စင်တာမှာ ရေကြီးရေလျှံဖြစ်နေလို့၊ အောက်ဆီဂျင်ရှူနေရတဲ့ လူနာအပါအဝင် ကိုဗစ်လူနာ ၁၀၀ ကျော်ကို အရေးပေါ်ပြောင်းရွှေ့ထားရတယ်လို့ ကိုယ်တိုင် အပြောင်းအရွှေ့ကူညီပေးခဲ့တဲ့ မြဝတီမြို့ ကျွန်းတစ်ပင်လူမူကယ်ဆယ်ရေးအသင်း တာဝန်ခံ ကိုမောင်ငယ်က ဗွီအိုအေကို ပြောပါတယ်။

“ပြောင်းရွှေ့ရတာပေါ့ ရေတွေ တအားဝင်လာလို့ ကွာရန်တင်းစင်တာထဲမှာ ရေက လူတွေနဲ့ကျတော့ အဆင်မပြေဘူး၊ volunteer အဖွဲ့ရယ် ကျနော်တို့လူမူကယ်ဆယ်ရေးအဖွဲ့ရယ် သွားပြီးတော့ အဲ့ဒီကုတင်တွေရွှေ့ပေးတယ်၊ လူနာတွေကို ဟိုဘက်အပေါ်အမြင့်တဲ့နေရာကို ရွှေ့တယ် ပြောင်းတယ်။ လူနာ လက်ရှိက အခုအဲ့ဒီမှာ လူနာ ၁၀၀ ကျော်လောက်ပဲရှိတော့တယ် ၁၀၀ ကျော်လုံး ပြောင်းရွှေ့ထားတယ်၊ ကွာရန်တင်းစင်တာမှာ ပထမ ကျနော်တို့ သွားရွှေ့တဲ့အချိန်မှာတော့ ရေ တစ်ပေလောက်ပဲတက်တယ်၊ ကျနော်တို့ရွှေ့လို့ပြီးသွားတဲ့အခါကျတော့ အဲ့မှာခါးလောက်အထိတောင် ရောက်လာတယ်။”

မြဝတီမြို့ အမှတ်(၄) ရွှေမြဝတီ ကွာရန်တင်းစင်တာမှာ မနေ့ညနေ ၃ နာရီလောက်က ရေစကြီးလာလို့ အရေးပေါ်ပြောင်းရွှေ့လိုက်ရတာပါ။ လက်ရှိအချိန်ထိ ရေမကျသေးဘူးလို့ ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ကိုဗစ်အတည်ပြုလူနာတွေကို ကုသပေးနေတဲ့ စင်တာ အပါအဝင် ကိုဗစ်စင်တာ ၇ခုရှိပြီး လက်ရှိမှာလူနာ ၇၀၀ လောက်ရှိပါတယ်။ အောက်ဆီဂျင် မလုံလောက်တဲ့ပြသနာက ကြီးမားနေဆဲဖြစ်ပါတယ်။ တဖက်ကမ်းဖြစ်တဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အောက်ဆီဂျင်သွားဖြည့်နေရပါတယ်။ ဟိုဘက်ကမ်းမှာလည်း လမ်းကြောင်းအခြေအနေနဲ့ အောက်ဆီဂျင်မရတဲ့အခက်အခဲတွေလည်း ရှိနေပါတယ်လို့ ကိုမောင်ငယ်က ဆက်ပြောပါတယ်။

“အောက်ဆီဂျင် လေဖြည့်ရတဲ့နေရာ အရင်တုန်းကဆိုလို့ရှိရင် သုံးခုလောက်ရှိတယ် ကြီးကြီးမားမား(ဖြည့်ပေးနိုင်တဲ့နေရာ)၊ အခုချိန်မှာ သူတို့ဆီတောင်မှ အချိန်နဲ့တပြေညီဖြည့်လို့မရတဲ့အတွက်ကြောင့် အဆင်မပြေဘူးဖြစ်နေတယ်၊ ဟိုဖက်ကမ်းမှာသွားသွားဖြည့်နေရတယ်၊ ထိုင်းနိုင်ငံ မဲဆောက် ဟုတ်ကဲ့ပါ။ ဟိုဘက်ကမ်းမှာ ဖြည့်တော့လည်း ကိုယ် ဒီနေ့သွားလည်းသွားချင်တိုင်း မရဘူး၊ သူတို့ဆီက ဖြည့်ပေးမှရတဲ့ဖြစ်တဲ့အတွက်ကြောင့် အချိန်မမှန်ဘူး ကျနော်တို့မှာ။”

မွန်ပြည်နယ်မှာလည်း ကိုဗစ်အတည်ပြုလူနာ နေ့စဉ် ရာနဲ့ချီရှိပြီး သေဆုံးသူက ၂၀ ထက်မနည်းရှိနေပါတယ်။ မော်လမြိုင်ဆေးရုံမှာ သေဆုံးတဲ့ လူနာတွေအပြင် နေအိမ်တွေမှာ ကုသရင်း သေဆုံးသွားတဲ့ လူနာတွေပါ ပရဟိသအသင်းတွေက ကူညီမီးသဂြိုလ်နေပါတယ်။

မွန်ပြည်နယ်မှာလည်း ကိုဗစ်တတိယလှိုင်နဲ့ ရေဘေးဒဏ် တပြိုင်ထဲရင်ဆိုင်နေရတာပါ။

မနေ့ကဆိုရင် ရေကြီးရေလျှံလို့ သချိုင်္င်းသွားတဲ့လမ်း၊ ရပ်ကွက်လမ်းတွေ ရေမြှုပ်လို့ လူနာတွေ သယ်ယူဖို့ အခက်ခဲဖြစ်နေရသလို မနေ့က နေအိမ်မှာ

သေဆုံးတဲ့ ကိုဗစ်သံသယလူနာ ၉ ဦးကိုလည်း မိုးရေထဲမှာ ခက်ခက်ခဲခဲ သယ်ယူမီးသင်္ဂြုလ်ခဲ့ရတဲ့အကြောင်း မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးက အခုလို ပြောပါတယ်။

“မနေ့ကဆိုရင် လမ်းတွေ ရေမြှုပ်၊ ဟိုသချိုင်္င်းသွားတဲ့လမ်းတွေလည်း ရေမြှုပ်ပြီးတော့ အကုန်လုံးတကယ်ကို ခက်ခက်ခဲခဲမိုးထဲရေထဲမှာ လိုက်ပြီးတော့ ကူညီပေးရတယ်ပေါ့နော်။ ဆေးရုံမှာနေ့စဉ်သေဆုံးတဲ့လူနာတွေလည်း ကျနော်တို့ သွားပြီး ရင်ကွဲရုံတွေ ထုတ်ပြီး သင်္ဂြုလ်ပေးတာပေါ့၊ အဲ့ဒါအပြင် ကျနော်တို့ အခုရပ်ကွက်တွေထဲမှာ နေ့စဉ်သေတဲ့လူနာတွေရှိတယ် မနေ့ဆိုရင် ကျနော်တို့ ၉

အလောင်းလောက်ရှိတာပေါ့နော်၊ မနေ့ကဆိုလို့ရှိရင် တကယ့်ကို မိုးထဲရေထဲမှာ သူတို့ကလည်း အကူအညီတောင်းလာတယ် ဒီမှာ Dead body တွေနဲ့ အိမ်မှာလည်းမိုးထဲရေထဲမှာ ရေကလည်း မြှုပ်နေတော့ အိမ်တွေမှာ တော်တော်ခက်ခက်ခဲခဲဖြစ်တာပေ့ါနော်၊ သေတဲ့လူနာတွေကို တကယ့်ကိုခက်ခက်ခဲခဲလိုက်ပြီးတော့ သယ်ချပေးရပါတယ်၊ ရေထဲကနေပြီးတော့ သယ်ချသယ်ချပြီးတော့ ကျနော်တို့ဒီသချိုင်္င်းကို ပို့ပြီးတော့ သေသေချာချာလည်းလုပ်ပေးပါတယ်။”

လက်ရှိ မွန်ပြည်နယ်မှာ ကိုဗစ်ကူးစက်နှုန်းနဲ့ သေဆုံးနှုန်းက မြင့်တက်နေသလို အောက်ဆီဂျင်လိုအပ်ချက်လည်း ကြီးမားနေပါတယ်။ မော်လမြိုင် RESCUEလူမှုကယ်ဆယ်ရေးအဖွဲ့ကတော့ သေဆုံးရုပ်အလောင်းတွေ မီးသင်္ဂြုလ်ပေးတဲ့အပြင် အောက်ဆီဂျင်အိုးတွေလည်း ကူညီပေးနေတာပါ။ အခုတဖန် မော်လမြိုင်မှာ ရေကြီးလို့ ရေဘေးသင့်ပြည်သူတွေကိုပါ ထပ်မံကူညီပေးနေရပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်ထိန်းချုပ်ရေးရော ရေဘေးကူညီမှုပါ တပြိုင်တည်းလုပ်နေရလို့ ပရဟိတအဖွဲ့တွေအတွက် အခက်အခဲတွေရှိနေတယ်လို့သိရပါတယ်။

ရန်ကုန်မှာလည်း ကိုဗစ်သံသယလူနာတွေများပြားနေပါတယ်။ အခက်အခဲဖြစ်လို့ ဆေးဝါးနဲ့ အစားအသောက်အကူအညီလိုအပ်တဲ့ အိမ်တွေကို အိမ်ရှေ့မှာ အလံထောင် အမှတ်အသားပြုပြီး အကူအညီတောင်းခံကြဖို့ ပရဟိတအကူအညီပေးသူတွေက အသိပေးထားပါတယ်။

အကူအညီလိုအပ်နေတဲ့ နေအိမ်တွေဆီ အစားအသောက်ကို အဓိကထားပြီး အရှင့်ကျေးကျွန်များအဖွဲ့ က ကူညီဆောင်ရွက်ပေးနေပါတယ်။

အကူအညီတောင်းခံတဲ့ အိမ်တွေ ပိုမိုများပြားလာလို့ မနိုင်မနင်ဖြစ်နေသလို အဖွဲ့သားထဲက ဖျားနာနေကြလို့ ခဏတာအနားယူထားတယ်လို့ အရှင့်ကျေးကျွန်များအဖွဲ့ က ပြောပါတယ်။

“ပိုပိုပြီးတော့ များလာတယ်၊ ကျနော်တို့လည်းအမျိုးသမီးလေးယောက်ပဲရှိတော့ မနိုင်ကြတော့ဘူး၊ အလံထောင်တဲ့ အိမ်က သင်္ဃန်းကျွန်းဆို သင်္ဃန်းကျွန်း တစ်ပုံကြီး၊ တောင်ဥက္ကလာဆိုလည်း တောင်ဥက္ကလာပေါ့နော်၊ ကိုယ်ကဒီလေးယောက်နဲ့ အလုပ်လုပ်တော့ ဖျားတဲ့ လူလည်းဖျားကုန်ပြီး ဘယ်လိုပဲ ကာကွယ်ကာကွယ် ဖျားတဲ့ လူက ဖျားတော့ လေးယောက်ကနေ သုံးယောက်၊ နောက် နှစ်ယောက် ကနေ တစ်ယောက် အခုခဏတောင်မှ နားထားတယ်သုံးလေးရက်ရှိပြီး။”

အဖွဲ့သားတွေ ဖျားနာကြလို့ ခဏအနားယူထားပေမယ့် လက်ရှိမှာအကူအညီတောင်းထားတဲ့ အိမ် ၅၀ လောက်ရှိနေလို့ ကြိုးစားပို့ဆောင်ပေးသွားမယ်လို့လည်း ပြောပါတယ်။


အလိမၼာ/ VOA Burmese

https://burmese.voanews.com/a/myanmar-flood/5980811.html

ရေဘေးကြောင့် ကပ်ရောဂါကူညီရေးအဖွဲ့တွေ အခက်ကြုံ ရေဘေးကြောင့် ကပ်ရောဂါကူညီရေးအဖွဲ့တွေ အခက်ကြုံ Reviewed by THITHTOOLWIN on 23:33 Rating: 5

No comments:

Powered by Blogger.