မိုင်းယော်ဒေသ မန့်ပန်ပြည်သူ့စစ်စခန်းအနီး စစ်ကောင်စီ အင်အားဖြည့်


ဇူလိုင် (၁)ရက် 

သျှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်ဒေသ မန့်ပန်ပြည်သူ့စစ်တပ်စခန်း အနီး စစ်ကောင်စီ မှ စစ်အင်အား (၁၀၀)ကျော် အင်အားလာဖြည့်ထားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇွန် ၂၆ရက် တွင် စစ်ကောင်စီ ၏ တပ်မ ၉၉ မှ စစ်အင်အား (၁၀၀)ကျော် သည် လားရှိုးမြို့နယ် မိုင်းယော်ဒေသ မြို့အဝင် ယခင် ရဲစခန်းဟောင်းနေရာတွင် လာရောက်နေရာယူထားကြောင်း မိုင်ယော်ဒေသခံ တစ်ဦး ကသျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်ပါတယ် တပ်မ ၉၉ ကပါ၊ အင်အား တစ်ရာကျော်လောက်ရှိမယ်။ မန်ပန်ပြည်သူ့စစ်စခန်းအနီးမှာ နေရာယူထားတာပါ။ အဲ့တပ်က စာသင်ကျောင်းနဲ့ ရဲစခန်းဟောင်းထဲမှာ ချထားတယ်။ ပြည်သူ့စစ်ကလည်း သူတို့တပ်ထဲမှာပဲ နေတယ်၊ အင်အား ၄၀/၅၀လောက်တော့ ရှိတယ်” ဟု မိုင်းယော်မှ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

လွန်ခဲ့သည့် ဇွန် ၂၀ရက် တွင်လည်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA)မှ မန်ပန်ပြည်သူ့စစ်ကို ယခုလက်ရှိ တပ်စခန်းချထားသည့် မိုင်းယော်ဒေသမှ (၂)ရက် အတွင်း အပြီး ပြောင်းရွှေ့ရန် ညွှန်ကြားထားသော်လည်း မန်ပန်ပြည်သူ့စစ်ဘက်မှ လက်မခံကြောင်း သိရသည်။

“ ကချင်တပ်မတော်က သူတို့ကို ပြောင်းဖို့ ပြောထားတယ်၊ နှစ်ရက်အတွင်း အပြီးပြောင်းဖို့၊ ဒါပေမယ့် ပြည်သူ့စစ်က လက်မခံဘူး၊ အဲ့ချိန်တုန်းက စစ်ဖြစ်မှာကို ကြောက်နေကြတာ၊ ခုဆိုရင် စစ်ကောင်စီကလည်း အင်အားဖြည့်တင်းပြီး ပြည်သူ့စစ်တပ်စခန်းအနီး နေရာလာချထားတာဆိုတော့ ကချင်တပ် လာတိုက်ဖို့က လွယ်ဦးမယ် မထင်ဘူး” ဟု မိုင်းယော်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

လားရှိုးမြို့နယ် မိုင်းယော်ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် မန်ပန်ပြည်သူ့စစ်၊ စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်များ လှုပ်ရှားနေကြသည့်ဒေသဖြစ်သည်။ 

ပြီးခဲ့သည့် ဇွန် (၆)ရက်  KIA က လားရှိုးမြို့ ရှိ  အုပ်ချုပ်ရေးမှူးများကို CDM လုပ်ခိုင်းပြီး ကျေးရွာတံဆိပ်တုံးများကိုလည်း ၎င်းတို့ထံ သွားရောက်အပ်နှံစေခဲ့သည်။ 

သို့သော် ယခုချိန်ထိ တချို့ ကျေးရွာအုပ်ချုပ်ရေးမှူးများသည် CDM ပြုလုပ်ခြင်းမရှိ၊ တံဆိပ်တုံးများလည်း မအပ်နှံဘဲ ယခင်အတိုင်း ဆက်လက်နေထိုင်နေတာဖြစ်ကြောင်း မိုင်းယော်ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

မိုင်းယော်ဒေသ မန့်ပန်ပြည်သူ့စစ်စခန်းအနီး စစ်ကောင်စီ အင်အားဖြည့် မိုင်းယော်ဒေသ မန့်ပန်ပြည်သူ့စစ်စခန်းအနီး စစ်ကောင်စီ အင်အားဖြည့် Reviewed by THITHTOOLWIN on 20:31 Rating: 5

No comments:

Powered by Blogger.