မိုးကုတ်က အသက်အငယ်ဆုံး ဖမ်းဆီးခံရတဲ့ သမီးငယ် စုထက်ဝိုင်း ပြန်လွတ်

ဓာတ်ပုံ - Soe Htay facebook ၊ အင်တာနက် စာမျက်နှာများ

မိုးကုတ်၊ ဇူလိုင် ၁၊ ၂၀၂၁

မန္တလေးတိုင်း မိုးကုတ်မြို့က အသက် အငယ်ဆုံး ဖမ်းဆီးခံရသူ ဖြစ်တဲ့ အသက် ၅ နှစ် အရွယ်ရှိ သမီးငယ်လေး စုထက်ဝိုင်း ပြန်လည် လွတ်မြောက် လာကြောင်း သိရပါတယ်။

“သမီးငယ် စုထက်ဝိုင်း မနေ့က ဖမ်းဆီးခံထားရခြင်းမှ ပြန်လွတ်လာပါတယ်”လို့ ဖခင် ဖြစ်တဲ့ ကိုစိုးဌေးက သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသား ထားပါတယ်။

သမီးငယ် စုထက်ဝိုင်းနဲ့ အတူ ဖမ်းဆီးခံထားရတဲ့ မိခင် နဲ့ အစ်မ ဖြစ်သူကိုတော့ ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

သမီးငယ် စုထက်ဝိုင်းက သူဖမ်းဆီးခံထားရစဉ် ကာလအတွင်း ထမင်းဝအောင် မစားရကြောင်း၊ ရေချိုးရင် အိမ်သာရေကို အသုံးပြုရကြောင်း ပြောပြတယ်လို့လည်း ကိုစိုးဌေးက ဆက်လက် ရေးသားထားပါတယ်။ 

လက်ရှိ အချိန်မှာတော့ သမီးငယ် စုထက်ဝိုင်းဟာ ဖခင်နဲ့ အတူ ရှိနေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

အခုလို သမီးငယ် စုထက်ဝိုင်း လွတ်မြောက်ရေး ဝိုင်းဝန်း ကူညီကြသူများကို ကျေးဇူးတင်ကြောင်းလည်း ကိုစိုးဌေးက လူမှုကွန်ရက် စာမျက်နှာ ဖော်ပြထားပါတယ်။

ကိုစိုးဌေးဟာ မိုးကုတ်မြို့က သပိတ်ခေါင်းဆောင် ၁ ဦး ဖြစ်ကြောင်းလည်း သတင်းတွေမှာ ဖော်ပြရေးသားတာ တွေ့ရှိရ ပါတယ်။

ဇွန်လ ၁၃ ရက်နေ့က ကိုစိုးဌေးကို ဖမ်းဖို့ နေအိမ်မှာလာရှာရင်း ကိုစိုးဌေး ရဲ့ ဇနီး၊ တတိယနှစ် ဥပဒေ ကျောင်းသူ သမီး ၁ ဦး နဲ့ အသက် ၅ နှစ်အရွယ် သမီးငယ် စုထက်ဝိုင်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရပါတယ်။

ဇွန်လ ၃၀ ရက်က ရန်ကုန်တိုင်း အင်းစိန် အကျဉ်းထောင်မှ အကျဉ်းသား ၇၂၁ ဦး အပါအဝင် နေပြည်တော်၊ မန္တလေး စတဲ့ နိုင်ငံတဝန်း အကျဉ်းထောင် အသီးသီးမှ အကျဉ်းသူ အကျဉ်းသား ၂၂၉၆ ဦး ပြန်လည် လွှတ်ပေးခြင်း ဖြစ်ကြောင်းလည်း သတင်း ထုတ်ပြန် ထားပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

မိုးကုတ်က အသက်အငယ်ဆုံး ဖမ်းဆီးခံရတဲ့ သမီးငယ် စုထက်ဝိုင်း ပြန်လွတ် မိုးကုတ်က အသက်အငယ်ဆုံး ဖမ်းဆီးခံရတဲ့ သမီးငယ် စုထက်ဝိုင်း ပြန်လွတ် Reviewed by THITHTOOLWIN on 20:31 Rating: 5

No comments:

Powered by Blogger.