ပြည်သူတွေ သွေးမအေးကြဖို့ တော်လှန်ရေးသမားဖြစ်လာတဲ့ လူရွှင်တော်အဖွဲ့ တိုက်တွန်း



တချိန်က စင်မြင့်ထက်က မီးရောင်တွေအောက်မှာ ပြည်သူတွေ ရယ်မောပျော်ရွှင်ရအောင် ဟာသပျက်လုံးတွေ ထုတ်ခဲ့တဲ့ ဟား ၅ ကောင်အဖွဲ့က အနုပညာသမား လူရွှင်တော်တွေဟာ အခုချိန်မှာတော့ လူသူမနီးတဲ့ တောတွင်းတစ်နေရာမှာ ပြည်သူကိုဖိနှိပ်သတ်ဖြတ်တဲ့ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ဖို့ စစ်သင်တန်း တက်နေကြပါတယ်။

သူတို့ဟာ ရိုးမတောထဲ လက်နက်ကိုင်နယ်မြေတစ်ခုက စစ်သင်တန်းမှာ လူငယ်တွေနဲ့အတူ ရှိနေကြတာပါ။

ပြည်သူတွေ ရယ်အောင် စွမ်းဆောင်ပေးနေတဲ့ အနုပညာသမားဖြစ်လို့ စင်ပေါ်မှာပဲ ကချင်ခဲ့ပေမယ့် စစ်အာဏာရှင်ကိုတော့ လက်နက်ကိုင်တော်လှန်မှ ဖြစ်မယ်ဆိုတဲ့စိတ်ကြောင့် ဒီနေရာကို ရောက်လာတာလို့ ဟား ၅ ကောင်အဖွဲ့က ကိုတိုးကျော်က ပြောပါတယ်။

“ဒါကတော့ ရှင်းပါတယ်။ အနုပညာသမားက မိတ်ကပ်လူးပြီး စင်ပေါ်ပဲ တက်ကချင်တာပေါ့။ ဘာလို့ ဒီသေနတ်ကြီး ကိုင်ရသလဲဆိုတာ လူစိတ်မရှိတဲ့လူအတွက် ဒီသေနတ်နဲ့မှ ဖြစ်မယ်ထင်လို့ သေနတ် ကိုင်ရတာပါ”

ဝါသနာအရင်းခံပြီး ပြည်သူကို အလုပ်ကျွေးပြုတဲ့ အနုပညာသမားဖြစ်အောင် ကြိုးစားခဲ့ကြသူတွေဟာ တစ်နေ့မှာ သေနတ်ကိုင်ပြီး စစ်ရေးလေ့ကျင့်ရလိမ့်မယ်လို့ စိတ်ကူးထဲမှာတောင် မတွေးခဲ့ဖူးပါဘူး။

အခုလို လက်နက်ကိုင်တာကလည်း စစ်အာဏာရှင်ပြုတ်ကျဖို့သာဖြစ်တယ်လို့ ဟား ၅ ကောင်အဖွဲ့ဝင် လူရွှင်တော်တစ်ဦးဖြစ်တဲ့ ကိုဝိုင်းကျော်က ပြောပါတယ်။

“အမှန်တိုင်းပြောရရင် ကျနော်တို့က အနုပညာသမားတွေဖြစ်တဲ့အတွက် သေနတ်ကိုင်ဖို့ ရည်ရွယ်ချက် လည်း မရှိပါဘူး။ ရည်ရွယ်ချက်မရှိသလို တချိန်ကျရင် ကိုင်မယ်ဆိုတဲ့ ရည်မှန်းချက်လည်း မရှိပါဘူး။ ဒါပေမဲ့ မဖြစ်မနေ ကိုင်ရမယ့်အခြေအနေကို တွန်းပို့လာတာကြောင့် အနုပညာသမားတွေ ဖြစ်ပေမယ့် လည်း လက်နက်ကိုင်ရမှာပဲ။ လက်နက်ကိုင်ရတဲ့အတွက် ကြောက်ရွံ့စိတ်လည်း မရှိပါဘူး။ အာဏာရှင် စနစ် ပြုတ်ကျသွားဖို့ပါပဲ”

နွေဦးတော်လှန်ရေးလို့ ရည်ညွန်းထားတဲ့ စစ်အာဏာရှင်တော်လှန်ရေးမှာ ဒီလူရွှင်တော်အဖွဲ့ အဓိက ရင်ဆိုင်တိုက်ခိုက်ရမှာက ကာလကြာရှည်လေ့ကျင့်ထားတဲ့ အင်အားကြီးတဲ့ အာဏာသိမ်းစစ်တပ်ဖြစ်ပါတယ်။

    "ဘာလို့ ဒီသေနတ်ကြီး ကိုင်ရသလဲဆိုတာ လူစိတ်မရှိတဲ့လူအတွက် ဒီသေနတ်နဲ့မှ ဖြစ်မယ်ထင်လို့ သေနတ် ကိုင်ရတာပါ”

အာဏာသိမ်းစစ်တပ်မှာ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ပညာတွေရှိနေပေမယ့် ပြည်သူတွေကို အနိုင်ကျင့် ဖိနှိပ်နေတာကြောင့် နောက်ထပ်ထွက်ပေါ်လာမယ့် ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ယုံကြည်ချက်၊ စိတ်ဓာတ်နဲ့ ခံယူချက် ပြည့်ဝမှုတွေဟာ အာဏာသိမ်းစစ်တပ်ကို အနိုင်ယူ တိုက်ခိုက်နိုင်မှာဖြစ်တယ်လို့ လူရွှင်တော် နောက်တစ်ဦးဖြစ်တဲ့ ကိုတိုင်းကျော်က ယုံကြည်ထားပါတယ်။

“ကျနော်တို့ ဘာသာရေးအရ အသက် ၇ နှစ်အရွယ် ကလေးလေးတောင်မှ ဘုရားရှင်လက်ထက်မှာ ရဟန္တာဖြစ်သွားတာ ရှိဖူးတာပဲ။ သင်တန်းရက်တိုလေးတက်ပေမယ့် တကယ်တမ်း နိုင်လိုစိတ်နဲ့ ဖြစ်ချင်တဲ့စိတ်ရယ်၊ ကျနော်တို့ သူတို့လောက် ကျွမ်းကျင်ချင်မှ ကျွမ်းကျင်မယ်။ အဲဒီစိတ်တွေနှစ် ထားတဲ့အတွက် ပြည်သူ့တပ်မတော်ဟာ ယုံကြည်ချက်နဲ့ ခံယူချက်နဲ့ လုပ်နေတာဖြစ်တဲ့အတွက် သူတို့စနစ်တကျဖွဲ့စည်းထားတဲ့ တပ်မတော် ဘယ်လောက်ဖြစ်ပါစေ ကျနော်တို့ နိုင်မှာပဲ”

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် နှိမ်နှင်းမှု၊ ဖိနှိပ်သတ်ဖြတ် မှုတွေကြောင့် သေဆုံးသူ အရေအတွက်က ၈၈၄ ယောက်ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP က ဇွန်လ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ကျဆုံးသွားတဲ့ ပြည်သူတွေအတွက် ထပ်တူစိတ်မကောင်းဖြစ်ရတယ်လို့ ဟား ၅ ကောင်အဖွဲ့ဝင် လူရွှင်တော် တစ်ဦးဖြစ်တဲ့ ကိုပြည်ကျော် က RFA ကို ပြောပြပါတယ်။

“ထပ်တူစိတ်မကောင်းဖြစ်တာပေါ့ဗျာ။ သူတို့အယောက် ၁၀၀ နဲ့ ပြည်သူတစ်ယောက် မလဲနိုင်ပါဘူး။ မိသားစုနဲ့ထပ်တူ ကိုယ့်သွေးရင်းသားရင်းတစ်ယောက် ဆုံးရှုံးသွားသလို ခံစားရပါတယ်”

ရိုးမတောလို နေရာမျိုးမှာ စစ်သင်တန်း တက်နေရတဲ့သူတွေအတွက် နေထိုင်စားသောက်ဖို့ဆိုတာ အခက်ခဲတွေ အများကြီးရှိနေတယ်လို့ သူက ဆိုပါတယ်။
comedians-fighter.jpg
(ရိုးမတောထဲမှာ စစ်သင်တန်းတက်နေတဲ့ ဟား ၅ ကောင်အဖွဲ့က အနုပညာသမား လူရွှင်တော်တွေကို တွေ့ရစဉ် -Photo: Taingkyaw)

လူရွှင်တော် နောက်တစ်ဦးဖြစ်တဲ့ ကိုပိုးလေး ကတော့ တောထဲမှာ စစ်သင်တန်းတက်ဖို့ ရောက်နေကြ သူတွေက ဒီလိုအစားအသောက်၊ အနေအထိုင်၊ အခက်ခဲတွေကို သိပ်ကရုမစိုက်ဘူးလို့ ဆိုပါတယ်။

“အနေဆင်းရဲ အစားဆင်းရဲ ဒုက္ခရောက်တာတော့ ရောက်တာပေါ့ဗျာ။ ဒါဘဝကြီးမှ မဟုတ်တာ။ ကိုယ့်အိမ်လိုတော့ ဘယ်သာယာပါ့မလဲ။ ကျနော်တို့အတွက်က အစားအသောက်က အဓိက မဟုတ်ပါဘူး။ ဘဝကြီး မဟုတ်ပါဘူး။ နေတာထိုင်တာက မိုးရွာရင်တော့ အဆင်မပြေဘူး အဲဒါတွေရှိတယ်။ ပိုးကောင် မွှားကောင်လေးတွေ ကိုက်တယ်၊ အဲတော့ ဘုလေးတွေထွက်တယ်။ ဒီကိုရောက်ရင် ဒါမျိုးဖြစ်မယ်ဆိုတာ ကြိုတွေပြီးသားပဲ။ အေးဆေးပါ”

သူတို့ ဟား ၅ ကောင်အဖွဲ့ဟာ အရင်က ဘဝတူလုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ခဲ့သလို အခုချိန်မှာတော့ မကြာခင် တိုက်ပွဲဝင်ရမယ့် ရဲဘော် ရဲဘက်တွေ ဖြစ်နေကြပါတယ်။

ရိုးမတောထဲမှာ စစ်သင်တန်းတက်နေတဲ့ Gen-Z လူငယ်တွေနဲ့အတူ ဟား ၅ ကောင်အဖွဲ့ဝင် အနုပညာသမား လူရွှင်တော်တွေဟာ လက်ရှိအချိန်မှာ NUG အစိုးရနဲ့ ချိတ်ဆက်ထားပြီး ဗဟိုပြည်သူ့ကာကွယ်ရေးတပ် PDF က နေ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ တိုက်ပွဲခေါ်သံ စတင်မယ့်အချိန်ကို စောင့်နေတယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ အနိုင်ရမယ်လို့ ယုံကြည်ပြီး သွေးမအေး၊ စိတ်မလောကြပဲ စစ်အာဏာရှင်ကို တိုက်ထုတ်ရမယ့်အချိန်ကို အတူရင်ဆိုင်ကြဖို့ ဟား ၅ ကောင်အဖွဲ့က တိုက်တွန်းသွားပါတယ်။

RFA Burmese



ပြည်သူတွေ သွေးမအေးကြဖို့ တော်လှန်ရေးသမားဖြစ်လာတဲ့ လူရွှင်တော်အဖွဲ့ တိုက်တွန်း ပြည်သူတွေ သွေးမအေးကြဖို့ တော်လှန်ရေးသမားဖြစ်လာတဲ့ လူရွှင်တော်အဖွဲ့ တိုက်တွန်း Reviewed by THITHTOOLWIN on 20:51 Rating: 5

No comments:

Powered by Blogger.