မြင်းခြံမှာ အရပ်သားတစ်ဦး သေနတ်ပစ်ခံရလို့ သေဆုံး

မြင်းခြံမှာ အရပ်သားတစ်ဦး သေနတ်ပစ်ခံရလို့ သေဆုံး ၂၀၂၁ ဇူလိုင် ၈ ရက်နေ့ညမှာ ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ ကိုဖြိုးလှိုင်ဝင်းရဲ့အလောင်းကို သယ်ယူနေစဥ် / Photo CJ

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ စက်မှုဇုန်ခန်းမအနီးမှာ ဇူလိုင်လ ၈ ရက် မနေ့ည ၈ နာရီကျော်လောက်က ဆားခါး ရွာက အသက် ၂၆ နှစ်အရွယ် ကိုဖြိုးလှိုင်ဝင်းဟာ သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ မြင်းခြံမြို့ခံတွေ က ပြောပါတယ်။

သူပစ်ခတ်ခံရလို့ ဒဏ်ရာရနေတဲ့အကြောင်း သူကိုယ်တိုင် မိသားစုထံ ဖုန်းဆက်အကြောင်းကြားခဲ့ပေမယ့် အဲဒီအချိန်မှာ ဘယ်သူမှမသွားရဲကြတာကြောင့် သေနတ်ဒဏ်ရာက သွေးထွက်လွန်ပြီး သေဆုံးခဲ့တာလို့ ဆားခါးရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

“မိန်းမနဲ့စကားများပြီး ထွက်သွားတာ။ ပစ်ခံလိုက်ရတော့ ပစ်ခံရမှန်းမသိဘူး။ ချောင်းနားလေးထိ ဆက် မောင်းလာတာ။ နောက်မှ သူပစ်ခံလိုက်ရတာကို သိတာ။ အဲဒီချောင်းနားမှာ သွေးလွန်သေးတာပေါ့၊ ဒီ မနက်မှ အလောင်းကို လူမှုကူညီရေးအသင်းက ကောက်ပြီး ရွာကိုလာပို့တာ၊ ရေချိုးပေးတဲ့အချိန်မှာမှာ ဗိုက်ကနေ ကျည်က ထွက်လာတယ်။ ကျောကနေ ပစ်ခံလိုက်ရတာပေါ့၊ ဒီလိုတွေဖြစ်နေတာ စိတ်မကောင်း ဘူး၊ လက်နက်နဲ့ အနိုင်ကျင့်နေကြတာ”

သေဆုံးသူ ကိုဖြိုးလှိုင်းဝင်းဟာ ပန်ရံအလုပ်လုပ်ကိုင်သူဖြစ်ပြီး နိုင်ငံရေးနဲ့ဆက်နွယ်မှု မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကိုဖြိုးလှိုင်ဝင်း သေဆုံးတဲ့နေရာနဲ့ မလှမ်းမကမ်းမှာတော့ စစ်တပ်ပိုင် အထည်ချုပ်စက်ရုံရှိနေပြီး အဲဒီမှာ စစ်တပ်က လုံခြုံရေးယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်းခြံမြို့မှာ ည ၈ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသလို ကိုဖြိုုးလှိုင်ဝင်း ပစ်ခတ်ခံရချိန်မှာ တစ်ယောက်တည်းဖြစ်နေတာကြောင့် ဘယ်သူကပစ်သွားတယ်ဆိုတာ အတိအကျမသိ နိုင်ပေမယ့် ဒေသခံတွေကတော့ စစ်တပ်ကပစ်တာ ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။

မနေ့ညက သေနတ်ပစ်ခံရပြီးနောက် ကူညီပေးဖို့အတွက် လူမှုကူညီရေးအသင်းတွေဆီ ဆက်သွယ်လာတာ ရှိပေမယ့် အချိန်နောက်ကျနေတဲ့အတွက် အသင်းတွေအနေနဲ့ သွားရောက်ဖို့ အခက်ခဲရှိခဲ့သလို အခုလို ပစ်ခတ်မှုကို စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တာလား၊ ဘယ်သူက ပစ်ခတ်သွားတာလဲဆိုတာ မသိနိုင်ဘူးလို့ မြင်းခြံမြို့က လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

မြင်းခြံမြို့က ပရဟိတအသင်းတွေက ကိုဖြိုးလှိုင်ဝင်းရဲ့ ရုပ်အလောင်းကို ဒီကနေ့ မနက် ၅ နာရီလောက်မှာ သွားရောက်သယ်ယူခဲ့ပြီးတော့ ဆားခါးရွာကို ဆက်လက်ပို့ဆောင်ပြီး ရွာမှာချက်ခြင်းပဲ သင်္ဂြိုဟ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုဖြိုးလှိုင်ဝင်းကို စစ်တပ်ကပစ်တာ ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ထံကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖေဖော်ရီ ၁ ရက်နေ့ကနေ ဇူလိုင်လ ၈ ရက်နေ့အထိ သေဆုံးသူ ၈၉၈ ယောက်ရှိသွားပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/soldiers-kill-one-civilian-in-myinchan-07092021040505.html

မြင်းခြံမှာ အရပ်သားတစ်ဦး သေနတ်ပစ်ခံရလို့ သေဆုံး  မြင်းခြံမှာ အရပ်သားတစ်ဦး သေနတ်ပစ်ခံရလို့ သေဆုံး Reviewed by THITHTOOLWIN on 00:01 Rating: 5

No comments:

Powered by Blogger.