လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တာဝန်မှရပ်နားရန် KIA/KIO ညွှန်ကြား


သျှမ်းသံတော်ဆင့်၊ ဇွန် ၁၀

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူး များအားလုံး  CDM ဝင်၊ အလုပ်နားကြရန် ကချင်လွတ်လပ်ရေး တပ်မတော်တပ်ဖွဲ့ (KIA/KIO) က စာထုတ်ညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။ 

ဇွန်လ ၆ ရက်နေ့က  သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အရှေ့ဘက် မိုင် ၃၀ ခန့်အကွာရှိ မိုင်းယော် တိုက်နယ်  နောင်ပစ်ကျေးရွာတွင်  အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာလူကြီးများ အပါအဝင် ရွာသူ/ရွာသား၂၀၀ ခန့်ကို KIA/KIO  ကအစည်း အဝေးခေါ်ပြီး   မိုင်းယော်မြို့ နယ်အတွင်းရှိ အုပ်စုအုပ်ချုပ်ရေးမှူးများ အားလုံးကို လက်ရှိတာဝန်မှ ရပ်နားရန် ညွှန်ကြားကြောင်း သိရသည်။

“၆ ရက်နေ့ကစပြီး  KIO/KIA က မိုင်းယော်မြို့နယ်ထဲမှာရှိနေတဲ့ အုပ်စုအုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူတွေ့ဆုံပြီး တာဝန်ကနေ ရပ်နားခိုင်းတယ်၊ ရွာသားတွေကို ကော်မတီ  အသစ်ဖွဲ့ခိုင်းပြီးတော့ အုပ်စုအုပ်ချုပ်ရေးမှူး အသစ်ရွေးခိုင်း တယ်၊ ပြီးတော့ အုပ်စုအုပ်ချုပ်ရေးတံဆိပ်တုံးအားလုံးကိုလည်း သူတို့ကိုအပ်ဖို့ပြောတယ်” ဟု မိုင်းယော် တိုက်နယ်အတွင်းမှ ဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ တာဝန်ထမ်းဆောင်နေသော မိုင်းယော်မြို့နယ်အတွင်းရှိ အုပ်စုအုပ်ချုပ်ရေးမှူးများ အားလုံးသည် ပြည်သူမှ ရွေးကောက်တင်မြှောက်ထားသူများ ဖြစ်သည့်အတွက် ညွှန်ကြားချက် အတိုင်းသာ လုပ်ဆောင်မည် ဆိုပါက ပြည်သူများ ပိုမိုခက်ခဲကြပ်တည်းမည်ကို စိုးရိမ်ရကြောင်းလည်း ဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“လက်ရှိကျနော်တို့ရဲ့ အုပ်စုအုပ်ချုပ်ရေးမှူးက စစ်ကောင်စီတွေ ရွေးထားတဲ့သူတွေ မဟုတ်ပါဘူး၊ ကျနော်တို့ ပြည်သူတွေကနေ တင်မြှောက်ထားတဲ့သူတွေပဲဖြစ်တယ်၊ အခု KIO/KIA ခိုင်းသလို အုပ်စု အုပ်ချုပ်ရေးမှူးတွေက CDM လုပ်ခိုင်းပြီး အုပ်ချုပ်ရေးမှူးအသစ်တင်လိုက်ရင် စစ်ကောင်စီက ကျနော်တို့ ပြည်သူတွေကို ထင်တိုင်းကြဲပြီး နှိပ်စက်ကြမှာ” ဟု ၎င်းကပြောသည်။

KIO/KIA အနေဖြင့် အမိန့်ပေး ညွှန်ကြားထားသလို လုပ်ဆောင်လျှင် လုံခြုံရေးအတွက် တာဝန်ယူကြောင်း နှင့် အကယ်၍ လိုက်နာလုပ်ဆောင်ခြင်းမပြုပါက အရေးယူ အပြစ်ပေးခြင်းခံရမည်ဟု ဆိုသည်။

“KIO/KIA အခုလို လုပ်တာက အုပ်စုအုပ်ချုပ်ရေးမှူးတွေမကဘဲ ရွာသူ/ရွာသားတွေကလည်းအခက်တွေ့ စေပါတယ်၊ အုပ်စုအုပ်ချုပ်ရေးမှူးတံဆိပ်တုံးအားလုံးကို အပ်ဖို့ဆိုတာကလည်း သူတို့က အဲ့တံဆိပ်တုံးနဲ့ ဘာသွားလုပ်မလဲဆိုတာ တွေးစရာဖြစ်လာတယ်” ဟု မိုင်းယော်ဒေသခံ လူငယ်တစ်ဉီးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

 အုပ်စုအုပ်ချုပ်ရေးမှူးသစ်ရွေးကောက်တင်မြှောက်ပါက စစ်ကောင်စီတို့၏ မတရားဖမ်းဆီးမှုများနှင့် အကြမ်းဖက် တိုက်ခိုက်မှုများခံရမည်ကို ဒေသခံများကစိုးရိမ်နေကြပါသည်။ 

ဇွန်လ ၁၀ ရက် နောက်ဆုံးသိရသည့်သတင်းအရ လက်ရှိတွင် မိုင်းကျက် ၊ မိုင်းဟက်၊မိုင်းတင်၊ မိုင်းယော်၊ မိုင်းယန်းအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းတာဝန်ရပ်ထားရပြီးဖြစ်ကြောင်း၊ ဒေသတွင်းကျန်းမာရေးဌာနများတွင်လည်း ၎င်းတို့မှ ကျန်းမာရေးဝန်ထမ်းများ ဖြည့်စွက်ခန့်အပ်ပေးမည်ဟုပြောဆိုထားကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပက်သက်ပြီ မိုင်းယော်တိုက်နယ်အတွင်း သွားလာလှုပ်ရှားနေသည့် KIO/KIA တာဝန်ရှိသူများနှင့် အဆက်အသွယ် ရရှိနိုင်ရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း ဆက်သွယ်နိုင်ခြင်းမရှိပါ။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တာဝန်မှရပ်နားရန် KIA/KIO ညွှန်ကြား လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တာဝန်မှရပ်နားရန် KIA/KIO ညွှန်ကြား Reviewed by THITHTOOLWIN on 23:25 Rating: 5

No comments:

Powered by Blogger.