ကျောက်စိမ်းထုတ်လုပ်ရေးလုပ်ငန်း မြန်မာစစ်တပ်ကိုထောက်ပံ့ပေး - Global Witness

ကချင် ပြည်နယ် ထွက် မြန်မာ့ကျောက်စိမ်း (ဓာတ်ပုံ - Wired)

မြန်မာနိုင်ငံ ကျောက်စိမ်း ထုတ်လုပ်ရောင်းဝယ်မှုက ရတဲ့ အကျိုးစီးပွားအားလုံးကို စစ်တပ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ နီးစပ်သူ အားလုံးက ရယူနေပြီး ဒီလုပ်ငန်းဟာ အာဏာသိမ်းစစ်တပ် ရေရှည်ရပ်တည်ဖို့ ဝင်ငွေရစေတဲ့ အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်း တခုဖြစ်တဲအ့ကြောင်း Globla Witness အဖွဲ့ကြီးက အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံအတွင်းက ထွက်တဲ့ ကျောက်စိမ်းတွေရဲ့ ၉၀ ရာခိုင်နှုန်း ပြည်ပကို တရားမဝင်ခိုးထုတ်ရောင်းချနေပြီး အားလုံး နီးပါး တရုတ်နိုင်ငံက ဝယ်ယူနေတာလို့လည်း Global Witness က အစီရင်ခံစာ မှာ ဖေါ်ပြပါတယ်။

"အစီရင်ခံစာထဲမှာ ရေးသားထားသလို မတည်ငြိမ်မှုတွေ၊ အလွဲသုံးစားမှုတွေက ဖားကန့်နဲ့ ကျောက်စိမ်း တူးဖေါ်နေတဲ့ဒေသတခုထဲမှာတင် ကွက်ပြီးတော့ ဖြစ်နေတာ မဟုတ်ပါဘူး။ ဒီလုပ်ငန်းနဲ့ ဆက်နွယ်တဲ့ မတည်ငြိမ်မှုတွေ တခုပြီးတခု မီးခိုးကြွက်လျှောက်ပေါ်လာနေတာကို တရုတ်အစိုးရက နားလည်သင့်ပါတယ်" လို့ Global Witness အဖွဲ့ကြီးက Keel Dietz က AP သတင်းဌာနကို ပြောဆိုသွားပါတယ်။ ကျောက်စိမ်းတူးဖေါ်နေတဲ့ နယ်စပ် ဒေသ၊ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ တိုးလာတဲ့ အခြေအနေကို ထောက်ပြပြီး၊ မြန်မာနိုင်ငံရဲ့ ကြောက်မက်ဖွယ်ရာ အကျင့်ပျက်မှုကြီးထဲမှာ တရုတ်နိုင်ငံ တာဝန်သိသိ ရပ်တည်ဖို့လည်း Global Witness အဖွဲ့ကြီးက တောင်းဆိုပါတယ်။

ကမ္ဘာပေါ်က ကျောက်စိမ်းအားလုံးရဲ့ ၇၀ ရာခိုင်နှုန်း မြန်မာနိုင်ငံက ထွက်ပြီး ဒီလုပ်ငန်းကနေ ဒေါ်လာ ဘီလျံနဲ့ချီ ဝင်ငွေ ရနေပါတယ်။ ကျောက်စိမ်းလုပ်ငန်းက ရတဲ့ အကျိုးအမြတ်တွေဟာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့မိသားစုအပါအဝင် စစ်တပ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဆက်နွယ် နေတယ်လို့ Globla Witness အဖွဲ့ကြီးက ရေးသားထားပါတယ်။ စစ်တပ် ရေရှည် အာဏာချုပ်ကိုင်ဖို့ ပင်မစီးပွားရေးလုပ်ငန်း ဖြစ်နေတဲ့အတွက် ကျောက်စိမ်းဝယ်ယူတာတွေ ပိတ်ပင် အရေးယူဖို့ နိုင်ငံတကာကို Global Witness အဖွဲ့ကြီးက တောင်းဆိုထားပါတယ်။ ကျောက်စိမ်းဟာ တိုင်းပြည်အတွက် အဖိုးတန် ရတနာ ဖြစ်ရမယ့်အစား စစ်တပ်နဲ့ တခြားလက်နက်ကိုင် အဖွဲ့တွေအကြား အာဏာပဋိပက္ခ လွန်ဆွဲပွဲနဲ့ အကျင့်ပျက်ချစားမှုတွေပေါ်လာဖို့ အခရာကျတဲ့ တွင်းထွက်ပစ္စည်းတခု ဖြစ်လာတယ်လို့လည်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-jade-military-controlled-billion-dollars-global-witnesses-/5946600.html

ကျောက်စိမ်းထုတ်လုပ်ရေးလုပ်ငန်း မြန်မာစစ်တပ်ကိုထောက်ပံ့ပေး - Global Witness ကျောက်စိမ်းထုတ်လုပ်ရေးလုပ်ငန်း မြန်မာစစ်တပ်ကိုထောက်ပံ့ပေး - Global Witness Reviewed by THITHTOOLWIN on 19:45 Rating: 5

No comments:

Powered by Blogger.