စစ်အာဏာသိမ်းပြီးနောက် အလုပ်ပြုတ် စက်ရုံလုပ်သား ၁ သန်းကျော်ရှိပြီ

ထည်ချုပ် စက်ရုံ တခုရဲ့ မြင်ကွင်း။ (ဓာတ်ပုံ - European Union Myanmar Facebook - ဇူလိုင် ၀၄၊ ၂၀၂၀)

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာတနိုင်ငံလုံးက စက်မှုဇုံတွေအပါအဝင်၊ တခြားကဏ္ဍပေါင်းစုံက ပေါ်ထွက်လာတဲ့ အလုပ်လက်မဲ့နှုန်းဟာ ၁၀ သိန်းကျော်ရှိသွားပြီလို့ အလုပ်သမား သမဂ္ဂတွေက ပြောလိုက်ပါတယ်။ မြန်မာပြည်တွင်းက စက်ရုံတွေပိတ်နေတဲ့ အခြေအနေနဲ့ အလုပ်လျှော့ချခံရမှု အခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုရဲမွန်က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး မတည်ငြိမ်မှုတွေဖြစ်နေတာကြောင့် စက်ရုံ အလုပ်ရုံ လုပ်ငန်းကြီးတွေ တခုပြီး တခု ပိတ်နေကြပါတယ်။ ပြီးခဲ့တဲ့ရက်ကပဲ အလုပ်သမား ထောင်ချီရှိတဲ့ ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုံက ဟန်မောက်အထည်ချုပ် ပိတ်တယ်လို့ ကြေညာခဲ့သလို အလုပ်သမားရာချီရှိတဲ့ စက်ရုံ ၂ ခုလည်း ထပ်ပိတ်ဖို့ ပြင်ဆင်နေပါတယ်။ ခုလို စက်ရုံတွေပိတ်နေတာကြောင့် အဲဒီစက်ရုံတွေမှာ အလုပ်လုပ်နေကြသူတွေ အလုပ်လက်မဲ့ပြဿနာတွေ ရှိလာနေတယ်လို့ အလုပ်သမားသမဂ္ဂတွေက ထောက်ပြနေပါတယ်။

“ ဆိုတော့ ရှေ့ဆက်ပြီးတော့မှ နိုင်ငံရေးမတည်ငြိမ်မှုတွေရဲ့ ဆိုးကျိုးကတော့ အလုပ်လက်မဲ့တွေ ဆက်ပြီးတော့မှဖြစ်မယ်၊ နောက် စက်ရုံကြီးတွေလည်း ဆက်လက်ထွက်ခွာနိုင်တယ်လို့ ကျမတို့ သုံးသပ်မိပါတယ်။ အထည်ချုပ်ကဏ္ဍကတော့ တော်တော်လေးကို ပျက်စီးသွားနိုင်တယ်ရှင့်။ နောက်ဆုံး တောင့်ခံထားနိုင်တာကတော့ ထုံးစံအတိုင်းပေါ့လေ စစ်ကောင်စီနဲ့ နီးကပ်တဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံအများစုနဲ့ တခြားနိုင်ငံသားလေးတွေပေါ့ ကိုရီးယားပိုင် စက်ရုံအချို့လေးတွေပဲ ကျန်ခဲ့နိုင်တယ်လို့ ကျမတို့ ခန့်မှန်းထားပါတယ်။”

အလုပ်သမားသမဂ္ဂတခုရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်ပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ရပ်ဆိုင်းသွားတဲ့ အထည်ချုပ်စက်ရုံပေါင်း မြန်မာနိုင်ငံတဝန်း ၂၀၀ ကျော်သွားပြီလို့ အလုပ်သမားသမဂ္ဂတချို့က ပြောပါတယ်။ ဝန်ထမ်းလစာမပေးနိုင်တာ၊ ကုန်ကြမ်းသွင်းဖို့ ခက်ခဲလာတာ၊ ကုန်ချောပို့လို့မရတော့တာ ဒီလိုအကျပ်အတည်းတွေကြောင့် စက်ရုံပိတ်သိမ်းတာတွေက အနေးနဲ့အမြန် ဖြစ်လာနိုင်တယ်ဆိုပြီး ခန့်မှန်းထားကြပါတယ်။

“ ကျမတို့ အလုပ်သမားအရေး ဆောင်ရွက်တဲ့သူတွေအနေနဲ့ ကြိုးစားပြီးတော့ စာရင်းပြုစုထားတာကတော့ ဒီဖေဖော်ဝါရီလဆန်းကနေ အခုဇွန်လအထိဆိုရင် ၁,၀၀၀,၀၀၀ ( ဆယ်သိန်း) ဝန်းကျင်လောက် အလုပ်လက်မဲ့ဖြစ်သွားပြီလို့ ကျမတို့ ခန့်မှန်းရပါတယ်ရှင့်။ အထူးသဖြင့် အမျိုးသမီးလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ကုန်ပါတယ်။ အဲဒီအတွက် ဆိုးကျိုးတွေကတော့ နောက်ဆက်တွဲ မိသားစုစားဝတ်နေရေး၊ ကျန်းမာရေး အဲဒါတွေကို ပြင်းပြင်းထန်ထန် ထိခိုက်သွားတယ်။ အဲဒီတော့ ကျမတို့အခုခန့်မှန်းတဲ့ ဆယ်သိန်းဝန်းကျင်ထက် ပိုနိုင်ပါတယ်။”

ရန်ကုန်စက်မှုဇုံတွေက အထည်ချုပ်လုပ်ငန်း တခုတည်းမှာတင် လုပ်ကိုင်နေတဲ့ လုပ်သားက ၇၀၀,၀၀၀ လောက်ရှိပါတယ်။ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ဒီနေရာတွေမှာလည်း စက်မှုဇုံအထည်ချုပ်လုပ်ငန်းတွေ ရှိပါတယ်။ တချို့စက်ရုံတွေက လုပ်ငန်းကောင်းကောင်း မလည်ပိတ်နိုင်တော့လို့ ဝန်ထမ်းလစာကို အပြည့်အဝ မပေးနိုင်ကြပါဘူး။ အလုပ်သမားခံစားခွင့်ငွေကို ထည့်မတွက်တော့ဘဲ အနည်းဆုံးလုပ်ခလစာနဲ့ တွက်ချက်ပြီးပေးတဲ့ စက်ရုံတွေလည်းရှိပါတယ်။ သွေးစည်းညီညွတ်သောသမဂ္ဂက မနန်းဝေက အခုလိုပြောပါတယ်။

“ အခုအခြေအနေက ဘယ်လိုဖြစ်သွားလဲဆိုတော့ ဘဏ်တွေကငွေထုတ်ရတာ ကျပ်တည်းသွားတယ်လေ၊ အလုပ်ရှင်တွေကလည်း အလုပ်သမားတွေကို လစာအပြည့်မပေးနိုင်တော့ဘူး အဲလိုမျိုး ဆက်တိုက်ကြားနေရတယ်။ နောက်ပိုင်းမှာ နိုင်ငံရေးအခြေအနေ ပိုဆိုးရွားလာနိုင်တယ်လို့ သတင်းတွေ ထွက်နေတာ အများကြီးရှိတာကိုး အဲဒါတွေနဲ့ပတ်သက်ပြီး လုပ်ငန်းရှင်တွေက စိုးရိမ်ပူပန်မှုတွေရှိနေလို့၊ တော်တော်များများကြားထားတာ စက်ရုံ ၂၀ လောက် ( ထပ်ပြီး) ပိတ်မယ်လို့ကြားထားတာ။”

နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်တဲ့အခြေအနေမှာ အလုပ်ရှင်တွေက အလုပ်သမားအခွင့်အရေးကို ပိုပြီးချိုးဖောက်နေကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါကိုဖြေရှင်းနိုင်မယ့် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင်ယန္တရားကလည်း ရပ်ဆိုင်းသွားပါတယ်။ ဆန္ဒပြပွဲတွေ အတော်လေး အားကောင်းခဲ့တဲ့ မေလထဲမှာ စက်ရုံလုပ်သားတွေ ပါဝင်ခဲ့ကြသလို စစ်ကောင်စီရဲ့ ယန္တရားရပ်တန့်ဖို့ ရည်ရွယ်ပြီး အကြမ်းအဖက်ဘဲ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုတွေကိုလည်း လုပ်ခဲ့ကြပါတယ်။ စစ်ကောင်စီကလည်း အလုပ်သမားအဖွဲ့အစည်း ၁၆ ခုကို တရားမဝင်အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ နိုင်ငံရေး၊ လုံခြုံရေး မတည်မငြိမ်ဖြစ်နေချိန်မှာ ကိုဗစ်ကပ်ရောဂါ အန္တရာယ် ပြန်ရှိလာနေတဲ့အတွက် အလုပ်အကိုင်တွေ ထိခိုက်ပြီး ဝင်ငွေ ရပ်သွားမှာကို အလုပ်သမားတချို့ကလည်း စိုးရိမ်နေကြပါတယ်။ 


ရဲ မွန်/ VOA Burmese

https://burmese.voanews.com/a/5945908.html

စစ်အာဏာသိမ်းပြီးနောက် အလုပ်ပြုတ် စက်ရုံလုပ်သား ၁ သန်းကျော်ရှိပြီ စစ်အာဏာသိမ်းပြီးနောက် အလုပ်ပြုတ် စက်ရုံလုပ်သား ၁ သန်းကျော်ရှိပြီ Reviewed by THITHTOOLWIN on 19:44 Rating: 5

No comments:

Powered by Blogger.