ချင်းပြည်နယ်တိုက်ပွဲ စစ်ကောင်စီက ၂၇ ကျဆုံးလို့ CDF ပြော

ချင်းပြည်နယ် တောင်ပိုင်း ထန်တလန်မြို့နဲ့ ၂၅ မိုင်လောက်ဝေးတဲ့နေရာမှာ ထန်တလန် CDF အဖွဲနဲ့ စစ်ကောင်စီတပ်တို့အကြား ဇွန်လ ၁၀ ရက်နေ့ မနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ၁၇ ဦး သေဆုံးတယ်လို့ အမည်မဖော်လိုတဲ့ ထန်တလန် CDF အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက RFAကို ပြောပါတယ်။

“မ‌နေ့ကတော့ ၁၇ ယောက် သေတာပေါ့နော်။ ကျွန်တော်ဘက်မှာတော့ ဒဏ်ရာရတာတော့ မရှိဘူး။ အဲတော့ ဒီနေ့မှာလည်း အဲဒီ တိုက်ပွဲဖြစ်တဲ့ နေရာပေါ့နော်။ Khuahring Thang တောင်ကြောမှာ စစ်သား က ၁၀၀ ကျော် ဝန်းကျင်လောက် ဟိုဘက်မှာ သွားနေတယ်။ နည်းနည်းတော့ အခြေအနေ စိုးရိမ်တာ ပေါ့နော်။ အဲလိုမျိုး အခြေအ‌နေရှိတယ်။ တိုက်ပွဲကတော့ အဓိကတော့ တပ်ကလည်း ဒီဘက်မှာ ဖိထားတယ်ဆိုတော့လေ အရင်က ရှိထားထာထက် ပိုများတာပေါ့နော်။ တိုက်ပွဲက ဒီထက်မက စိုးရိမ်စရာ ဖြစ်တယ်”

ထန်တလန် CDF အဖွဲ့က တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့လည်း ဆိုပါတယ်။

ထန်တလန် CDF အဖွဲ့ဟာ စစ်အာဏာရှင်ကို မလိုလားသလို ထန်တလန်ပြည်သူ‌တွေကို ‌ကြောက်လန့်အောင် လုပ်တာ‌ကြောင့် စတင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ထန်တလန် CDF အဖွဲ့က ‌ပြောပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ထန်တလန်မြို့နယ်မှာ ပထမဆုံးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲလည်း ဖြစ်ပါတယ်။

အဲဒီ တိုက်ပွဲတွေ‌ကြောင့် ကျေးရွာ သုံးရွာက ဒေသခံ ၆၀၀ နီးပါး ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်‌ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့မှာ တိုက်ပွဲကြောင့် ထွက်ပြေးနေကြရတဲ့ ဒေသခံများကို တွေ့ရစဉ်

ချင်းပြည်နယ် ထန်တလန်မြို့နယ်မှာရှိတဲ့ တချို့ ရွာတွေဘက်မှာ စစ်သားတွေ တပ်စွဲလာတာတွေ‌ကြောင့် ထန်တလန်မြို့ပေါ် ဒေသခံတချို့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ထန်တလန်မြို့ခံတစ်ဦးက ဆိုပါတယ်။

"ထွက်ပြေးတဲ့ လူတွေကတော့ သူတို့က စစ်သားမြင်ရင် ကြောက်တာပဲ။ တချို့ကျတော့ ထွက်ပြေးကြတာ။ ထန်တလန်မြို့ပေါ်မှာက လူတွေလည်း အများကြီးထွက်ပြေးတာ။ ထွက်ပြေးတယ်ဆိုတာက တကယ့် တောထဲ ထွက်သွားတာ မဟုတ်ဘူး။ ထန်တလန်မြို့ပေါ်က လူတွေက တောရွာကနေ လာကြတယ်ဆိုတော့ သူတို့ မူရင်းရွာကို ပြန်သွားကြတာ။ တချို့တောရွာတွေလည်း အဲလိုပဲ။ လယ်ကွင်းမှာ တောင်ယာမှာ နယ်စပ်မှာ အဲလို ရှောင်ထား‌ပေါ့နော်။ ထွက်ပြေးတာမဟုတ်ပဲနဲ့ ရှောင်ကြတာပေါ့"

အလားတူ ဟားခါးမြို့နဲ့ ဂန့်‌ဂေါမြို့ကြားမှာလည်း ဟားခါး CDF နဲ့ စစ်ကောင်စီတပ်တို့ မနေ့က ဇွန်လ ၁၀ ရက်နေ့ ညနေ ၃နာရီ အချိန်လောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၁၀ ဦး သေဆုံးတယ်လို့ ဟားခါး CDFက ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲမှာ CDF ဟားခါးအဖွဲ့ဘက်က အထိအခိုက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ဖမ်းထားတဲ့ ချင်းပြည်သူတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ ပြန်မလွှတ်ပေးပါက ချင်းပြည်နယ်အနှံ့ အားလုံးကနေ အပြင်းအထန် ဆက်လက်တိုက်ပွဲဝင်မယ်လို့ CDF အဖွဲ့က ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေး CDF အဖွဲ့တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေ‌ ကြောင့် စစ်ဘေး‌ရှောင်နေရသူ သုံးသောင်းကျော်ရှိနေပါတယ်။

မင်းတပ်မြို့နယ်ရွာ‌တွေမှာ မိုးရွာတဲ့ကြားထဲက စစ်ဘေးရှောင်ထွက်လာကြသူတွေကို တွေ့ရစဉ် Photo: CJ

ဒီနေ့မှာတော့ နှစ်ဖက်တိုက်ပွဲတွေ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အကျအဆုံးကို CDF အဖွဲ့ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး RFAက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။

ချင်းပြည်နယ်က ဒေသခံတွေလိုပဲ စစ်ကောင်စီတပ်ကို လက်လုပ်သေနတ်တွေနဲ့ တော်လှန်တိုက်ခိုက်နေတဲ့ စစ်ကိုင်းတိုင်း ကနီမြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အနေနဲ့ စစ်ကောင်စီနဲ့ ထိပ်တိုက် တိုက်ပွဲတွေ ရှောင်ရှားသွားမှာဖြစ်ပြီး ပြောက်ကြားစနစ်ကိုသာ အသုံးပြုသွားတော့မှာဖြစ်တယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

    "သူတို့ဘက်က ဘယ်နှစ်ယောက်ကျကျ ကျွန်တော်တို့ ဘက်က တစ်ယောက်မှ အကျမခံနိုင်တော့ဘူး။"

ပြည်သူတွေဘက်က အကျမခံနိုင်တော့လို့ ပြောက်ကြားစနစ်ကိုသုံးတာလို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ထိပ်တိုက်တွေ့တဲ့အခါမှာ လက်နက်အင်အားက မသာဘူး၊ မရှိတဲ့အတွက် ပြောက်ကြားစနစ်သွားမယ်။ မိုင်းသုံးမယ်။ ကျန်တဲ့ပစ်ခတ်မှုတွေ နားထားမယ်။ သူတို့ဘက်က ဘယ်နှစ်ယောက်ကျကျ ကျွန်တော်တို့ ဘက်က တစ်ယောက်မှ အကျမခံနိုင်တော့ဘူး။ စကစက မနေ့က မိုးရွာကြီးထဲကို မင်းကင်းဘက် တက်သွားတော့ ဒီဘက် ဘာမှမလုပ်လိုက်နိုင်ဘူး။ ပြောက်ကြားစနစ်ကို ၉ ရက်နေ့က စသုံးတယ်၊ အဲဒီ နေ့က လက်နက်ကြီးနဲ့ သုံးချက်ပစ်ပြီး ရှောင်လာခဲ့တယ်”

ကနီမြို့နယ်မှာ စစ်ကောင်စီအဖွဲ့နဲ့ ဒေသခံ ပြည်သူကာကွယ်ရေးအဖွဲ့တွေ သုံးလတာ ကာလအတွင်း တိုက်ပွဲ ၂၀ ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့လည်း သူကဆိုပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေကြောင့် ပြည်သူတွေဘက်က ၅၀ ထက်မနည်း သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်က ရာဂဏန်းထိ သေဆုံးခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

စစ်ပွဲတွေကြောင့် ကျေးရွာပေါင်း ၄၀ လောက်က ပြည်သူတစ်သောင်းခွဲနီးပါး နေရပ်ကနေ ရှောင်တိမ်း နေကြရဆဲ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/17-military-died-in-chin-06112021084215.html

ချင်းပြည်နယ်တိုက်ပွဲ စစ်ကောင်စီက ၂၇ ကျဆုံးလို့ CDF ပြော  ချင်းပြည်နယ်တိုက်ပွဲ စစ်ကောင်စီက ၂၇ ကျဆုံးလို့ CDF ပြော Reviewed by THITHTOOLWIN on 23:38 Rating: 5

No comments:

Powered by Blogger.