တောင်ကြီးမြို့ စစ်ကောင်စီမှ (၉ )တန်းကျောင်းသားတစ်ဦးကို ရာဘာကျည်ပစ်၊ ရိုက်နှက်ပြီး ဖမ်းဆီး


သျှမ်းသံတော်ဆင့်၊ ဇွန် ၂၂

သျှမ်းပြည်တောင်ကြီးမြို့  ယနေ့ (ဇွန် ၂၂)ရက် မနက် (၅)နာရီကျော်တွင် စစ်ကောင်စီ အုပ်စုသည်  အကိုဖြစ်သူကို မတွေ့သဖြင့် အသက် (၁၅)နှစ် မပြည့်သေးသည့် (၉ )တန်းကျောင်းသား တစ်ဦးကို ရာဘာကျည်ဖြင့် ပစ်ပြီး၊ရိုက်နှက်ကာ ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ယနေ့ (ဇွန် ၂၂)ရက် မနက် (၅)နာရီကျော်တွင် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် နယ်မြေ (၉ )တွင် မိဘများနှင့် အတူနေထိုင်နေသည့် (၉)တန်းကျောင်းသား စိုင်းလင်းဦးကို စစ်ကောင်စီ အုပ်စုက  နေအိမ်ထဲထိ အတင်းအဓမ္မ ဝင်ရောက် ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းနှင့်နီးစပ်သည့် ဆွေမျိုးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်

“နံနက် ၅ နာရီလောက်မှာ အိမ်ကို အတင်းဝင်ပြီး အစ်ကိုဖြစ်သူကိုလာရှာတယ်၊ မတွေ့တော့ ကောင်လေးကို ခေါ်သွား တယ်၊ ကောင်လေးက ရုန်းတော့ ရာဘာကျည်နဲ့ ပစ်တာ၊ သေနတ်နဲ့လည်း ထုတယ်၊ ကလေးကို သနားတယ်၊ သူ့မှာက ဘာမှ မလုပ်ရဘူး” ဟု စိုင်းလင်းဦးတို့နှင့် နီးစပ်သူ ဆွေမျိုးတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ မှ ဖမ်းဆီးသွားသည့် စိုင်းလင်းဦး သည် အသက် ၁၅ နှစ် မပြည့်သေးကြောင်း၊  ကိုးတန်းကျောင်းသားသာ ရှိပြီး လာရောက်ဖမ်းဆီးစဉ်တွင်  ရာဘာကျည် (၃)ချက်၊ သေနတ်ဒင်နှင့် တစ်ချက် ထုကာ အကြမ်းဖက်ရိုက်နှက်ကာ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းသိရသည်။

“ကောင်လေးက အတော်တော်ကို အရိုက်ခံရတယ်၊ သူတို့က အရမ်းရက်စက်တယ်ဗျာ၊ အိမ်ကိုလည်း ဝင်မွှေသွားတယ်၊ ကောင်လေးကိုလည်း ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်၊ ကားပေါ်ရောက်တော့ ခေါင်းကိုလည်း ပလက်စတစ်အိတ်နဲ့ စွပ် သွားသေးတယ်” ဟု မျက်မြင်တွေ့ရသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ အုပ်စုသည် အာဏာသိမ်းပြီးနောက် အရပ်သား နေအိမ်များကို စစ်ဖိနပ်များဖြင့် ဝင်ရောက်ပြီး တံခါးကိုလည်း ရိုက်ဖျက်ကာ အတင်းအဓ္မမ ရှာဖွေ ဖမ်းဆီးမှုပြုလုပ်ခဲ့သည်။

 ဇွန်လ ၁ ရက်နေ့မှ ယနေ့ ဇွန်လ ၂၂ ရက်နေ့အထိ အကြောင်းရင်း မသိရဘဲ စစ်ကောင်စီအုပ်စုသည် တောင်ကြီးမြို့ အရပ်သားများကို  ဖမ်းဆီးခဲ့သည်မှာ  အယောက်၂၀ နီးပါးခန့်ရှိပြီး၊ စစ်ကောင်စီ အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ရက် မှစတင်ကာ ယနေ့ချိန်ထိ တောင်ကြီးမြို့ အရပ်သား (၁၀၀)ကျော် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

တောင်ကြီးမြို့ စစ်ကောင်စီမှ (၉ )တန်းကျောင်းသားတစ်ဦးကို ရာဘာကျည်ပစ်၊ ရိုက်နှက်ပြီး ဖမ်းဆီး တောင်ကြီးမြို့ စစ်ကောင်စီမှ (၉ )တန်းကျောင်းသားတစ်ဦးကို ရာဘာကျည်ပစ်၊ ရိုက်နှက်ပြီး ဖမ်းဆီး Reviewed by THITHTOOLWIN on 20:20 Rating: 5

No comments:

Powered by Blogger.