ကျိုင်းတုံထွေအုပ် ကားလိုက်တိုက်ဖမ်းဆီးမှုကြောင့် သမီးလည်းဆုံး၊ ဖခင်လည်း အမှုဖွင့်ခံရ


ဇွန် ၂၂ရက် ၂၀၂၁

သျှမ်းရှေ့ ကျိုင်းတုံမြို့ တွင် ဇွန် (၁၉ )ရက် ည (၉)နာရီဝန်းကျင်တွင် နေမကောင်းသည့် သမီးလေးကို ဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်စဉ် စစ်ကောင်စီ မှ ကားဖြင့် လိုက်လံ တိုက်ပြီး ဖမ်းဆီးမှုကြောင့် (၁)နှစ် ကျော် ကလေး သေဆုံးကာ ၊ ၎င်း၏ ဖခင်ကို လူသတ်မှုဖြင့် အမှုပြန်ဖွင့်ထားကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇွန် (၁၉ )ရက် ည (၉ )နာရီ တွင် (၁)နှစ်ကျော်သမီးလေး နေမကောင်းသဖြင့် ဖခင်ဖြစ်သူက ၎င်း၏ကလေးကို တဖက်တွင်ပွေ့ချီပြီး ဆိုင်ကယ်မောင်းကာ ဆေခန်းလိုက်ပြပြီး နေအိမ်အပြန်လမ်းတွင် စစ်ကောင်စီ မှ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကား၊ စစ်ကားနှင့် ရဲကားများကို ထိပ်တိုက်တွေ့ဆုံခဲ့ရာ လမ်းရှောင်မောင်းနေစဉ် ထွေအုပ်ကားက လိုက်လံတိုက်ခဲ့သည်။

ထိုကားတိုက်မှုကြောင့် လက်တွင် ပွေ့ချီထားသည့် (၁)နှစ်ကျော်သမီးလေး လွှင့်ထွက်သွားပြီး၊ ခေါင်းကို အုတ်နှင့် စောင့်မိကာ ဒဏ်ရာပြင်ထန်းမှုကြောင့် (၁၀)မိနစ်အကြာတွင် ကလေးသေဆုံးခဲ့သည်။

“ သူသမီးနေမကောင်းလို့ ဆေးခန်းသွားပြတယ်။ဆေးခန်တွေကပိတ်ထားတယ်။ အိမ်ပြန်လမ်းမှာ ညကင်းလှည့်နေတဲ့ကားနဲ့တွေ့တယ်။ သူလမ်းကိုသူသွားတယ်။ ကားလာလို့ဆိုပြီး သူလမ်းရှောင်မောင်းသွားတယ်။ အဲတာကို နောက်တစ်စီးက ဝင်တိုက်သွားတယ်” ဟု ဖြစ်စဉ်ကို ၎င်း၏ နီးစပ်သည့် ဆွေမျိုးတစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။ 

ကားတိုက်မှုကြောင့် သမီးလေး သေဆုံးခဲ့ပြီး ၊ ၎င်း၏ ဖခင်ဖြစ်သူလည်း စစ်ကောင်စီ က  ရိုက်နှက်မှုပြုလုပ်ကာ၊ ဖခင်ကို လူသတ်မှုဖြင့် တရားပြန်စွဲဆိုခဲ့ကြောင်း နီးစပ်သည့် ဆွေမျိုး က ပြောသည်။

“ ကားတိုက်ပြီးတော့ ဖအေဖြစ်သူကို ရိုက်သေးတယ်။ “ ကျနော်သမီး ကျနော်သမီး” လို့အော်သေးတယ်။ အဲဒါကို  ရိုက်နေတဲ့ အုပ်စုက ဂရုမစိုက်ဘူး။ ခဏနေမှကလေးကိုတွေ့တော့ ဆေးရုံးသွားပြတဲ့ချိန်မှာ ဆေးရုံးမှာကလေးက ဆုံးသွားတယ်။” ဟု ထိုဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို  ပြောပြသည်။ 

ဆက်လက်ပြီး ဇွန်လ ၂၀ ရက်တွင် သေဆုံးသွားသည့် သမီးလေး၏ ရုပ်အလောင်းကို မိခင်ဖြစ်သူက ကျိုင်းတုံမြို့ဆေးရုံ ရင်ခွဲရုံးတွင် သွားထုတ်ရာ အချိန်အတန်ကြာစောင့်ယူခဲ့ရကြောင်း၊ အလာတူးထို့နေမှာ ဖခင်ဖြစ်သူကို ပုဒ်မ (၃၀၄) လူသတ်မှုဖြင့်တရားစွဲဆိုခံရကြောင်း  သေဆုံးသွားသည့် သမီးလေး၏ မိခင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

“ ကျမက ၂၀ရက်မှာ  ဆေးရုံးကိုလိုက်သွားတယ်။ ကလေးကို ရင်ခွဲထားတယ်။ ကျမတို့အကြာကြီးစောင့်နေရတယ်။ ကျမတို့ဘက်ကမှန်တယ်။ ကျမတို့ အမှုလည်းမဖွင့်ဘူး။ သမီးလေးပြန်ရပြီးဆိုရင်ကျေအေးပေးတယ်ပြောတယ်။ အဲဒါကို ကျမတို့ ၁၂ နာရီလောက်မှ ကလေးပြန်ရတယ်။” ဟု မိခင်ဖြစ်သူက ပြောပြသည်။ 


 “ ကျမက ကလေးလည်း ဆုံးရှုံးရတယ်။ အမျိုးသားကလည်း အချုပ်ထဲမှာ။ သူတို့လည်း ဒီလိုဖြစ်စဉ်နဲ့မကြုံရပါစေနဲ့လို့ ကျမဆုတောင်းပေးပါတယ်။ မေတ္တာပို့ပေးပါတယ်။ အခုလို ကျမသမီးဆုံးရှုံးရသလို သူ့တို့သား၊သမီးတွေ မဆုံးရှုံးပါစေနဲ့။ ကျမယောက်ျားကြုံနေရသလို သူတို့မကြုံရပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။” ဟု ကလေး၏ မိခင်က ငိုပြီး ပြောသည်။

ကျိုင်းတုံမြို့တွင် စစ်ကောင်စီ အာဏာသိမ်းယူြ့ပီးနောက် ပြည်သူများကို ကားဖြင့်လိုက်လံတိုက်ပြီး ဖမ်းဆီးခြင်း၊ အချိန်မတော် နေအိမ်ထဲဝင်ရောက်ဖမ်းဆီးခြင်းတို့ပြုလုပ်ကြောင်း သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

ကျိုင်းတုံထွေအုပ် ကားလိုက်တိုက်ဖမ်းဆီးမှုကြောင့် သမီးလည်းဆုံး၊ ဖခင်လည်း အမှုဖွင့်ခံရ ကျိုင်းတုံထွေအုပ် ကားလိုက်တိုက်ဖမ်းဆီးမှုကြောင့် သမီးလည်းဆုံး၊ ဖခင်လည်း အမှုဖွင့်ခံရ Reviewed by THITHTOOLWIN on 20:18 Rating: 5

No comments:

Powered by Blogger.