ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုနေသန်မောင်ရဲ့ စစ်ကြောရေးအတွေ့ အကြုံ

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာဖမ်းဆီးခံခဲ့ရတဲ့ကမာရွတ်မီဒီယာ အယ်ဒီတာချုပ်ကိုမောင်မောင်ထွေး(ခေါ်)ကိုနေသန်မောင်ဟာဇွန်လ ၁၄ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာပြီး နောက်နေ့မှာ သူ့ကိုအမေရိကန်နိုင်ငံကို ပြန်ပို့ခံခဲ့ရပါတယ် ။

သူ့ကို ၂၀၂၁ ခုနှစ်မတ်လ ၉ ရက်နေ့က ရန်ကုန်မြို့ လှည်းတန်းမှာရှိတဲ့ ကမာရွတ်မီဒီယာ ရုံးခန်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး သူ့နဲ့ အတူ အယ်ဒီတာ ကိုဟန်သာငြိမ်လည်း ဖမ်းဆီးခံခဲ့ရပါတယ်။

မတ်လ ၉ရက်နေ့တုန်းက သူတို့ အဖမ်းခံခဲ့ရတဲ့ အခြေအနေကို ကိုနေသန်မောင်က ဘီဘီစီကို အခုလိုပြန် ပြောပါတယ်။

ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုနေသန်မောင်

ဘီဘီစီ။ ။ ကမာရွတ်မီဒီယာကိုဘယ်လိုဝင်စီးခံရတာလဲ

ကိုနေသန်မောင်။ ။ကမာရွတ်မီဒီယာကို စစ်တပ်ကဝင်စီးတာက မတ်လ၉ရက်နေ့ နေ့ခင်း၁နာရီပါ။ အဲ့ဒီတုန်းက ကမာရွတ်ဒီယာရုံးမှာ ကျွန်တော်ရယ် ကိုဟန်သာငြိမ်းရယ် နှစ်ယောက်ပဲရှိတယ်။ ကျွှန်တော်တို့ သတင်းတစ်ခုကိုတည်းဖြတ်နေတဲ့အချိန် ကိုဟန်သာငြိမ်းက အောက်ကို ဆင်းသွားပြီး ပြန်ပြေးတက်လာတယ်။ ကိုနေသန် ကိုနေသန်တဲ့ ရုံးရှေ့မှာ ဟိုကောင် တွေရောက်နေပြီလို့ လာပြောတော့ အန္တရာယ်ကျပြီဆိုတာ မသိစိတ်က သိလိုက်တယ်။

အဲဒီတော့ ရဲလား ဘယ်သူတွေပါသေးလဲ ၊ရဲဆိုရင် ဆင်းတွေ့မလို့ မှန်ပြတင်းကနေ အောက်ကို လှမ်းကြည့်လိုက်တော့ စစ်သားတွေ ယူနီဖောင်းအပြည့် သေနတ်တွေနဲ့ စစ်ကား ၇စီး၊၈စီးလောက်ကိုတွေ့တော့ သတင်းခန်းထဲမှာပဲ ဆက်နေမယ်လို့ ဆုံးဖြတ်ပြီး တံခါးကို သော့ချထားလိုက်တယ်။

ကမာရွတ်မီဒီယာ ရုံးခန်းကို မတ်လ ၉ ရက်နေ့က ဝင်ရောက်စီးနင်း

အဲ့ဒီအချိန် ရုံးရှေ့က ဂိတ်တံခါးကို ရိုက်ချိုးနေတဲ့ အသံတွေကြားနေရတယ်။ အော်ဟစ်နေတဲ့ အသံတွေကြားရတယ်။ ခဏနေတော့ ခြံဝင်းထဲရောက်လာတယ်ထင်တယ်။အောက်ထပ်က ဧည့်ခန်းထဲမှာ ဝုန်းဒိုင်း ဝုန်းဒိုင်းနဲ့ ပစ္စည်းတွေ ရိုက်ချိုးဖျက်ဆီးနေတဲ့ အသံတွေကြားရတယ်။

အဲ့ဒီအသံတွေ အော်တဲ့ဟစ်တဲ့ အသံတွေအရ ဆိုရင် ကျွန်တော့်ကို ညီလေး ခဏလောက်လိုက်ခဲ့ပါလားလို့ အေးအေးဆေးဆေးနဲ့ လာခေါ်တာမျိုး မဖြစ်နိုင်တော့ဘူးဆိုတာ တွေးမိလိုက်တယ်။

နောက်ထပ် ၅မိနစ်လောက်နေတော့ အပေါ်ထပ်က ကျွန်တော်တို့ ရှိတဲ့ သတင်းခန်းထဲကို ဝုန်းဆို တံခါးဖျက်ဝင်လာပြီး သေနတ်တွေနဲ့ ချိန်တော့တာ။ ကျွန်တော်ကလည်း မပစ်ပါနဲ့ မပစ်ပါနဲ့ အသာတကြည် အဖမ်းခံပါ့မယ်လို့ အမြန်ပြောရတယ်။ သူတို့က ကျွန်တော်တို့ကို ခေါင်းငုံ့ခိုင်းပြီး အောက်ထပ်က ဧည့်ခန်းကို သွာ ခိုင်းတယ်။

ဧည့်ခန်းထဲမှာ ကျွန်တော်တို့ နှစ်ယောက်ကို ခေါင်းငုံ့ထိုင်ခိုင်း ထားပြီး ဘယ်သူက နေသန်မောင်လဲ ဘယ်သူက ဟန်သာငြိမ်းကလဲလို့ မေးတယ်။ လာဖမ်းတဲ့ အဖွဲ့ကို ဗိုလ်မှူးကြီး တစ်ယောက်ဦးဆောင်ပြီး ကျန်တဲ့စစ်သားတွေက တစ်ရုံးလုံးက ပစ္စည်းတွေကို သယ်ထုတ်သွားခဲ့ကြပါတယ်။ မှတ်ပုံတင်နံပတ်မေးတယ်။ အဖေနာမည်မေးတယ်။


ဧည့်ခန်းထဲမှာ သူတို့ ဘယ်သူ ဘယ်ဝါဆိုတာ စစ်ဆေးပြီးတော့ နောက်၄၅မိနစ်လောက်ကြာတော့ မျက်နှာကို အဝတ်နဲ့ အုပ်ပြီး ကျွန်တော့်ကို ကားတစ်စီးပေါ်ကို တင်လိုက်တယ်။ ကိုဟန်သာငြိမ်း ကိုလည်း ကားတစ်စီးပေါ်ကို တင်လိုက်တယ်။ ပြီးတော့ ကျွန်တော်တို့ကို ၈ မိုင် ကုန်းမြင့်သာ စစ်ဌာနချုပ်ကို ခေါ်သွားတယ်။ စစ်ဌာနချုပ်ရောက်တော့ ကျနော်တို့ကားကို ရေကန်စပ်နားမှာ ပါကင်ထိုးလိုက်ပြီးတော့ အဲဒီမှာ နာရီဝက်လောက်စောင့်ရတယ်။ နောက်တော့ကားက ပြည်လမ်းအတိုင်းမောင်းလာတယ်၊ ဝါယာလက်ကျော်လာပြီဆိုပြီး သူတို့ အချင်းချင်းပြောတဲ့ အသံတွေကြားရတော့ လှည်းကူးရဲမွန်ဘက်လို့ထင်နေတာ နောက် ၁၅ မိနစ်လောက်နေတော့ ရေကြည်အိုင်ရောက်သွားတယ်။ ရောက်တော့ ညနေ ၄ နာရီခွဲလောက်ရှိပြီ။မျက်နှာကိုတော့ အဝတ်နဲ့ အုပ်ထားတယ်။ အဲ့ဒီနောက် ကျော် ကျော် ခွခွ ငုံ့ငုံဆိုပြီး မျိုးစုံအော်ဟစ်ပြီးလူကို အခန်းတစ်ခန်းထဲကို တရွှတ်တိုက်ခေါ်သွားပြီးတယ်။ စစ်ကြောရေးအခန်းပေါ့နော် သံတိုင်တွေနဲ့ အဲ့ဒီ အခန်းမှာ ကိုဟန်သာက ‌ရောက်နေပြီးသား ညာဘက်အခြမ်းလောက်မှာ ဒူးထောက်ထိုင်ခိုင်းထားတယ်။ သူ့ကို လက်ထိတ်ခတ်ထားပြီးတော့ ကန်လိုက် အော်လိုက်လုပ်နေတယ်။ ကိုဟန်သာက ကျွန်တော် သတင်းထောက်ပါခင်ဗျာ။ သတင်းမီဒီယာသမားပါ။ ကျွန်တော် ဆန္ဒပြတဲ့သူ မဟုတ်ပါဘူးလို့ ပြောတယ်။ သူက သေချာပြောတာပဲ။ အဲဒါ အော်ရကောင်းလားဆိုပြီးတော့ ထပ်ရိုက်တယ်၊ဆဲတယ်၊ ကန်တယ်။ ပြီးတော့ ကျွန်တော်ကို နာမည် မေးတယ်။ အဖေ နာမည်မေးတယ်။ အသက်မေးတယ်။ ကျွန်တော်ကို လက်ထိတ်နောက်ပြန်ခတ် ပြီးတော့ အဲဒီအခန်းထဲက ဆွဲထုတ်သွားတယ်။ အဲ့ဒီကစပြီးကိုဟံသာနဲ့ မတွေ့‌တော့ပါဘူး။ အဲ့ဒီ့ ခြံဝင်းထဲက လုံခြင်းအိမ်ကလေးမှာ ဧည့်ခန်းထဲမှာ စားပွဲခုံတွေမှာထိုင်ပြီးတောက်လျှောက်စစ်တယ်။

ကျွန်တော့်ကို ဖမ်းသွားတဲ့ အင်္ဂါနေ့ ညကတည်းမအိပ်မနေ စစ်ခံလိုက်ရတာ ၃ရက်ကြာတယ်။ အဲ့ဒီ၃ရက်လုံးက အဖမ်းခံရကတည်းက လက်နောက်ပြန် လက်ထိပ်ခတ် မျက်နှာအဝတ်နဲ့ စည်းခံရတဲ့ ပုံစံအတိုင်းပဲ။ သူတို့မေးသမျှဖြေရတာ။ သူတို့မေးတာဖြေရင်း ပြောရင်းနဲ့ ရိုက်တာ။

ဘယ်နှစ်ခုနှစ်ကဘယ်မှာမွေးတယ်၊ မူလတန်းကနေ ဘယ်ကျောင်းတွေတက်တယ်။ ကိုယ်ရေးရာဇဝင် အသေးစိတ်ကို မေးပြီး ကိုဟန်သာဆီကရတာနဲ့ တိုက်မတိုက် တူမတူ စစ်တာ။ စစ်ပြီး သူတို့မသိတာတွေများလာရင် ရိုက်ကော။ အမှန်ပဲဖြေ‌ဖြေ မမှန်တာပဲ ဖြေဖြေရိုက်ခံရတာ။

ရေကြည်အိုင် စစ်ကြောရေး စခန်းတည်ရှိရာ

အဓိကက ကျွန်တော့်နားအုံကို နောက်က ပိတ်ပြီး နားစည်ကို ထိအောင်ရိုက်တာ။ အဲ့ဒီခံရတဲ့ဝေဒနာက တော်တော်ဆိုးတယ်။ တစ်ခါတစ်လေ မျက်နှာ ပါးစောင် ကို လက်သီးနဲ့ထိုးတယ်။ ပုခုံးကိုထိုး တယ်။လူကိုပိတ်ကန်တယ်။ မေးရင်းဖြေရင်း အသက်၂၀ လောက်မှာ ဒုက္ခသည်အဖြစ်နဲ့ထိုင်းနိုင်ငံရောက်တာ ရောက်သွားတယ်။နောက် အမေရိကန်မှာ ကျောင်းတွေပြီးပြီးတော့ မြန်မာပြည်ပြန်ရောက်လာတာကို အမေရိကန်အစိုးရကပဲ သက်သက်စေခိုင်းလို့ ရောက်လာတဲ့ပုံစံမျိုးပြောနေတာကို မဟုတ်ဘူးလို့ ရှင်းပြရတယ်။ ကိုယ်ပိုက်ဆံနဲ့ ကိုယ်ပြန်လာတာလို့ ပြောရ တယ်။နောက်တော့မှ ပတ်စပို့တွေ့သွားပြီး မင်းက အမေရိကန်နိုင်ငံသားခံထားတာ ဘာလို့ မပြောလဲဆိုပြီး မျက်နှာကိုလက်သီးနဲ့ထိုးတယ်။ ကျွန်တော် ဖုံးထားတာမဟုတ်ဘူးလို့ ပြောလို့ ပြန်ပြောရကောင်းလာဆိုပြီး ထပ်ထိုးတယ်။ နောက်ဆုံးတော့ ကျွန်တော့်ကို ပတ်စ်ပို့နံပါတ် မေးတယ် ။ ကျွန်တော်မမှတ်မိဘူးလေ။မြန်မာ မှတ်ပုံတင်နံပါတ်တော့မှတ်မိတယ် ပတ်စ်ပို့နံပါတ် မမှတ်မိကောင်းလာဆိုပြီး ထပ်နှိပ်စက်တယ်။အဲ့ဒီနောက်ပိုင်း ၃ရက်ကျော် ၄ ရက်လောက်ရောက်တော့ နှိပ်စက်တာတွေရပ်သွားတယ်။

မေးခွန်းတွေဖြေရတယ်။နှစ်နာရီတစ်ခါ လူချိန်းချိန်းပြီး လာမေးတယ်။လုံးဝ အိပ်လို့မရဘူး။ ၃ယောက်ကအော်ကြီးဟစ်ကျယ်နဲ့ အရက်နံ့တစ်ထောင်းထောင်းနဲ့စစ်တယ်။သူတို့ နှစ်နာရီပြီးသွားရင် နောက်နှစ်နာရီမှာ နောက်နှစ်ယောက်က လေသံချိုချိုလေးနဲ့ ‌အေးအေးဆေးဆေးပြောပြီး တရားဟောတယ်။

အဲ့လိုနည်းနဲ့ သုံးရက်ဆက်တိုက်ပေါ့နော်။ နှစ်ရက်လုံးလုံးက ရေမတိုက်ဘူး။ဘယ်လောက်တောင်းတောင်း မတိုက်ဘူး။ သုံးရက်မြောက်တဲ့ မနက်မှ ရေစတိုက်တယ်။ လေးရက်မြောက်တဲ့ နေ့မှ ထမင်းနည်းနည်း စကျွေးတယ်။ ထမင်းကျွေးပြီးနောက်ပိုင်းတော့ ကိုယ့်ကို မသတ်တော့ဘူးဆိုတာ သိလိုက်ရပြီ။ ရေတိုက်ပြီ ထမင်းကျွေးပြီဆိုရင်တော့ အသက်ရှင်နိုင်ပြီပေါ့ ။အဲ့ဒီ စိတ်နဲ့ အားတင်းပြီး ၁၅ရက်လုံးလုံးကို ကျော်ဖြတ်ခဲ့ရတာပါ။

ကိုဟန်သာငြိမ်း

ဘီဘီစီ။ ။ မေးနေ စစ်နေတုန်း နှိပ်စက်ခံနေရတဲ့ပုံစံမျိုး ၁၅ ရက် လုံးလုံး ဖြတ်သန်းရတာလား

ကိုနေသန်မောင်။ ။ မေးတဲ့ စစ်တဲ့နေရာတွေကတော့ အမြဲတမ်းပြောင်းတယ်။ ပထမ၃ရက်ခွဲလောက် အဲ့ဒီနေရာမှာထားပြီးတော့ ကိုဟန်သာ နေခဲ့တဲ့ အခန်းကို ကျွန်တော့်ကိုရွှေ့လိုက်တယ်။ ကိုဟန်သာကို အခြားအခန်းကိုပို့လိုက်တယ်။ အဲ့ဒီမှာ ကိုဟန်သာ ဖြေနေတဲ့ အသံစစ်နေတဲ့ အသံသဲ့သဲ့လေး ကြားရတယ်။ခြေသုံးချောင်းမညီတဲ့ ထိုင်ခုံတစ်လုံးပေါ်မှာ တစ်ညလုံးထိုင်ခိုင်းထားတယ်။ အဲ့ဒီမှာလုံးဝမစစ်ဘူး။ ထမင်းလာကြွေးတဲ့အချိန် မျက်နှာချွတ်ပေးတော့ စီစီတီဗီတပ်ထားတာကို တွေ့ရတယ်။ အဲ့ဒီမှာ တစ်ရက်ခွဲ ထိုင်ခုံပေါ်မှာ တစ်ညလုံးနေရပြီးတော့ နောက်ထပ် အခန်းတစ်ခုကိုရွေ့တယ်။ အဲ့ဒီအခန်းကနေ ကိုဟံသာထပ်နေတဲ့ အခန်းကို ထပ်‌ရွှေ့တယ်။ အဲ့ဒီမှာ ကိုဟန်သာကို အိမ်ကိုလားမသိဘူး ရွှေ့သွားတယ်။

သူတို့က ၂ရက် ၃ရက် တစ်ခါနေရာရွှေ့တယ်။ တတိယမြောက်ရွှေ့ရတဲ့ နေရာရောက်ပြီး ၈ရက်ကြာသွားတဲ့အချိန်မှာတော့ မျက်နှာကိုချွတ်ပေးတယ်။ကိုယ်ဖြေထားတဲ့ဟာတွေ အားလုံးကို စာရွက်နဲ့ လာဖတ်ပြတယ်။ ၈ရက်ကြာတော့ စစ်တဲ့ကိစ္စတွေအားလုံးပြီးသွားတယ်။

၈ရက်ကြာ စစ်ပြီးသွားတဲ့ အချိန် ထောင်ဘယ်တော့ ပို့မှာလဲလို့ မေးတော့ ကိုနေသန်တို့ ကိုဟန်သာငြိမ်းတို့က ဘာမှအပြစ်မရှိလို့ ထောင်လည်း ပို့စရာမရှိဘူး ဒီမှာခဏလောက်ထားပြီး ပြန်လွှတ်ပေးမှာပါလို့ ဖြေတယ်။

ကျွန်တော်တို့ ရုံးကိုဝင်ဖမ်း ရည်ရွယ်ချက်ရှိရှိနဲ့ တစ်ရုံးလိုဖျက်ဆီးခဲ့တာ ၈ ရက် လောက်စစ်ပြီးတာနဲ့ ဘယ်လို ပြန်လွှတ်ပါ့မလဲ။ ကျွန်တော်သိတာပေါ့။

၉ ရက်မြောက်တဲ့နေ့မှာ လုံးချင်းအိမ်လေးကိုရွေ့လိုက်ပြီး လူတစ်ယောက်နဲ့ ထားတယ်။ အဲ့ဒီမှာ ၄ ရက်လောက် ထပ်နေခဲ့ရပြီး ကိုဟန်သာကလည်း ဘေးကလုံးချင်း အိမ်လေးမှာရောက်နေပြီ။ ကိုယ်တို့နှစ်ယောက်ကို စစ်တဲ့ကိစ္စကလည်း ပြီးသွားပြီဆို‌တော့ မျက်နှာကို စည်းတာတွေလည်း မလုပ်တော့ဘူး။ အပေါ့အပါးသွားတဲ့သွားတဲ့ အချိန်လောက်ပဲ မျက်နှာစည်းရပြီး လက်ထိတ်ကတော့ အဲ့ဒီကထွက်တဲ့ အချိန်ထိခတ်ထားတယ်။


ဘီဘီစီ။ ။ ကိုဟန်သာနဲ့ ကိုနေသန်က ထောင်ကိုပို့တဲ့ အချိန်မှပြန်တွေ့ရတာလား။ စစ်ကြောရေးကနေ ထောင်ကို ဘယ်နှစ်ရက်မြောက်မှာ သွားရတာလဲ။

ကိုနေသန်မောင်။ ။ စစ်ကြောရေးမှာ စုစုပေါင်း ၁၅ ရက် ကြာသွားတယ်။ အဲ့ဒီမှာ ၅နေရာလောက် ရွှေ့ရပြီး မတ်လ၂၃ရက်နေ့ ညနေ ၆နာရီလောက်မှာ ကျွန်တော့်ကိုမျက်နှာအုပ် အပြင်ထုတ်သွားပြီး ကားတစ်စီးပေါ်ရောက်သွားတဲ့ အချိန်မှာ ဘေးမှာ ကိုဟန်သာရောက်နေတယ်ဆိုတာ သိလိုက်တယ်။ အဲ့ဒီကနေ ၈မိုင်က အောင်သပြေ စစ်ကြောရေးကို ရောက်သွားပြီး မျက်နှာအုပ်ထားတာတွေ ချွတ်ပေးလိုက်တော့ ကိုဟန်သာကိုတွေ့ပြီး စနူတ်ဆက်ကြတယ်။ နောက်တော့ ကမာရွတ်ရဲစခန်းက ရဲတွေရောက်လာပြီး ဓာတ်ပုံတွေရိုက် မှတ်တမ်းတွေယူပြီး လက်ထိပ်ခတ်ပြီး အချုပ်ကားနဲ့ အင်းစိန် သီးသန့်ထောင်ကို ပို့လိုက်တယ်။ ထောင်ရောက်တော့ ည၁၀နာရီခွဲလောက်ရှိနေပြီ။

ဘီဘီစီ။ ။ စစ်ကြောရေးမှာ အခြားဘယ်သူတွေနဲ့ ဆုံခဲ့ရသေးလဲ။ သူတို့ အခြေနေကော ဘယ်လိုကြားရလဲ။

ကိုနေသန်မောင်။ ။ ကျွန်တော်နဲ့ တူတူနေခဲ့ရတဲ့ ကိုရဲလှိုင် ဆိုတာရှိတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံက NLD ခရိုင်ပါတီဝင်၊ စည်ပင်မှာလည်း ခရိုင် ဥက္ကဋ္ဌလို့ သိရတယ်။ ရှမ်းပြည် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွှန့်လွင်နဲ့ တူတူဖမ်းခံရတာ။ သူတို့နှစ်ယောက်ကို မတ်လ ၆ ရက်နေ့ကဖမ်းပြီး ရက်ရက်စက်စက် နှိပ်စက်တာ။ ကျွန်တော့်ကို စစ်နေတဲ့အချိန် ‌အော်ကြီးဟစ်ကျယ် ငိုသံတွေ အော်သံတွေကြားရတယ်။ ကိုဟန်သာငြိမ်း ခံနေရတယ်ထင်ပြီး အရမ်းစိုးရိမ်သွားသေးတယ်။ သူနဲ့ ပြန်မေးကြည့်မှာ ကိုရဲလှိုင်ကို စစ်နေတယ်ဆိုတာ သိရတယ်။ သူ့ကို လက်ထိတ်ခတ်ထားပြီး လက်ကိုစားပွဲတင်ခိုင်း တုတ်နဲ့ရိုက်တာ လက်ထိပ်နဲ့ လက်လယ် ဟက်တက်ကွဲပြီး ပဲ့ထွက်သွားတယ်။ သူ့ တစ်ကိုယ်လုံးဖူးယောင်နေတယ်။ လူ သုံးယောက်က ချုပ်ပြီး ပိတ်ပိတ်ထိုးတော့ နံတွေဘာတွေ ဖူးရောင်ကုန်တာ။ကျွန်တော်နဲ့တွေ့တဲ့အချိန် သူ စစ်ကြောရေးပြီးတဲ့ တစ်ပတ်ကျော် နှစ်ပတ်လောက်ရှိတာတောင် တစ်ကိုယ်လုံးဖူးရောင်နေတယ်။ မျက်နှာမှာလည်း ရောင်ကိုင်းနေတာ။ သူ့ကို စောင့်စောင့်ပြီး ပိတ်ကန်ကြတာ ခွေခွေလဲသွားတယ်တဲ့ ။ လူက ဗလတောင့်တောင့် ထောင်ထောင်မောင်းမောင်း။ သူ့ကို မျိုးစုံနှိပ်စက်တာ။ သူ့ကို ဘာကြောင့် ဒီလောက် နှိပ်စက်တာလဲဆို နားမလည်ဘူးလို့ ကျွန်တော့်ကို ပြောတယ်။ ဆရာဦးစိုးညွှန့်လွင်ကို လည်း ရက်ရက်စက်စက်နှိပ်စက်ပြီး ဖင်ဘူးတောင်းထောင်လောက်အောင် ရိုက်ကြတာ။ အကိုတို့ကို CRPH အဖွဲ့ဝင်တွေလို့ ထင်ပြီးနှိပ်စက်တာဖြစ်နိုင်တယ်လို့ ကျွန်တော်ကပြောလိုက်တော့ ဟုတ်နိုင်တယ်လို့ သူကပြန်ပြောပါတယ်။ ကိုဟန်သာနဲ့ကျွန်တော်တို့ စစ်ကြောရေးက မထွက်ခင် သူတို့ကို ထောင်အရင်ပို့လိုက်တာ။ ကျွန်တော့်တို့ ထောင်ကိုရောက်တော့ သူတို့ နှစ်ယောက်ကို ရှမ်းပြည်မှာ ရမန်ယူဖို့ရှိတယ်ဆိုပြီး တောင်ကြီးထောင်ကိုပို့ လိုက်တယ်။ထောင်မှာတော့ ပြန်မဆုံတော့ဘူး။သူတို့နှစ်ယောက်က ကျွန်တော်နဲ့ကိုဟန်သာတို့ ခံရတာထက် ရက်ရက်စက်စက် ပိုခံရတယ်လို့ နားလည်ပါတယ်။


ဘီဘီစီ။ ။ စစ်မေးတဲ့အခါမှာ သတင်းမီဒီယာနဲ့ပတ်သက်ပြီးမေးတာလား။ စီအာပီအိတ်ချ်နဲ့ ပတ်သက်တာတွေမေးတာလား။

ကိုနေသန်မောင်။ ။ အများစုကတော့ ကျွန်တော် တို့ကုမ္ပဏီ လည်ပတ်ပုံ အကြောင်းကိုမေးတယ်။ အာဏာသိမ်းပြီး နောက်ပိုင်း ကမာရွတ်မီဒီယာမှာ တင်ဆက်တဲ့ သူတို့မကြိုက်တဲ့ သတင်းတွေကို စကရင်ရှော့ ရိုက်ထားတာတွေရှိတယ်။ ကံကောင်းတာလား ကံဆိုးတာလားတော့ ကျွန်တော့်ကို ဖမ်းပြီးပြီးချင်းမှာ ကျွန်တော်တို့ ဖေ့စ်ဘုခ်ပေ့ကြီးက အလုပ်မလုပ်တော့ဘူး ပျောက်သွားတယ်။ ပျောက်သွားတော့ အဲ့ဒီထဲက ဟာတွေကို တစ်ပုဒ်ချင်းမေးပြီး အရိုက်မခံရတော့ဘူး။ အဲ့ဒါလေးကံကောင်းသွားတယ်။

ကျွန်တော်တို့ မဖမ်းခင်က သူတို့ စကရင်ရှော့လုပ်ထားတဲ့ သတင်း ၄ ၊ ၅ ပုဒ်ကို ပြပြီး ဒီသတင်းဘာကြောင့်ရေးလဲ သတင်းဘယ်က ရလဲဆိုပြီးတော့ပဲ အမေးခံရတယ်။ ဒီသတင်းက ရိုက်တာက သတင်း အေပီက သတင်းလို့ ပြန်ဖြေရတယ်။ အမေရိကမှာ ပိတ်မိနေတဲ့ ဒေါ်လာတစ်ဘီလီယံကို ဗဟိုဘဏ်ကထုတ်တာကို အမေရိကန်အစိုးရကို ပိတ်ထားတဲ့ ရိုက်တာကရေးတဲ့ သတင်းကို မြန်မာလို့ပြန်တာလို့ ပြောတာကို သူတို့က ရိုက်တာလည်း မသိဘူး။ အေပီဆိုတာလည်း မသိဘူး။ သူတို့က ကျွန်တော်တို့ သတင်းသမားတွေ လုပ်ငန်းကို နားမလည်တော့ နိုင်ငံခြားသတင်းထောက်တွေနဲ့ လက်ဝါးချင်းရိုက်ပြီး သတင်းရောင်းစားတယ် တိုင်းပြည် အန္တရာယ်ဖြစ်စေမယ့် သတင်းတွေဖန်တီးတယ်လို့ သူတို့ကနားလည်တာ။ တစ်ကမ္ဘာလုံးသတင်း မီဒီယာတွေက ကွန်ရက်လိုချိတ်ဆက်ပြီး သတင်းအချက်အလက်ကို ဒီလိုဖလှယ်ကြတာ။ ဝယ်သုံးမယ်ဆိုရင်လည်း subscribe လုပ်ပြီးဝယ်ရတယ်ဆိုတာ သူတို့နားမလည်ဘူး။ ကိုဟန်သာကိုလည်း နိုင်ငံခြားကို သတင်းရောင်းစားတယ်ဆိုပြီး စွပ်စွဲတာ။ ဒီလိုသတင်း မီဒီယာ အကြောင်း နကန်းတစ်လုံးမှ နားမလည်တဲ့သူတွေ စစ်မေးတာ ရိုက်နှက်တာခံရတော့ ကျွန်တော်တို့ ဘယ်လောက် ဖြေရှင်းပြပြ သူတို့မှနားမလည်တာ။ တော်တော်ပြောရခက်တယ် နိုင်ငံတကာလုပ်နေတဲ့လုပ်ငန်းတွေ၊ သတင်းခန်းလည်ပတ်တာတွေ အဲ့ဒါတွေလည်း သူတို့မသိတော့ ကမာရွတ်က ဝင်ငွေဘယ်ကရလဲ။ဘယ်သူက ထောက်ပံ့လဲ။ ဝန်ထမ်းတွေ ဘယ်နှစ်ယောက်ကို ပိုက်ဆံဘယ်လောက်ပေးလဲ။နောက်ဆုံး အနှစ်ချုပ်လိုက်တော့ ကမာရွတ်မီဒီယာ ဘယ်က ဝင်ငွေရလဲဆိုတာက အဓိကဖြစ်သွားတယ်။ ကျွန်တော့်ကို အဓိက အဲ့ဒါမေးတာ။

ကိုဟန်သာဖြေတာ ကျွန်တော်ဖြေတာနဲ့တိုက်ကြည့်ပြီး နောက်ဆုံး ၈ ရက်ကျမှ ကျွန်တော်တို့ရတဲ့ လစဥ်အလိုက် နှစ်စဥ်အလိုက်ဝင်ငွေတွေက အကြမ်းဖျင်းအားဖြင့် စာရင်းကိုက်သွားတယ်။ အဲ့ဒီကျမှ သူတို့ငြိမ်သွားတာဗျ။နောက်ဆုံး ကျွန်တော်တို့ငွေဘယ်ကရလဲ သဲကြီးမဲကြီး လိုက်စစ်ပြီး စစ်ကြောရေးကာလ နိဂုံးချုပ်သွားတာ။ကံကောင်းတာက ကျွန်တော့် ဖုန်းကို စစ်ကြောရေး မရောက်ခင်မှာ သူတို့ဘာလုပ်လိုက်လဲမသိဘူး ပျက်သွားတော့ လက်ဗွေနဲ့ သူတို့ဖွင့်တာဖွင့်လို့မရဘူး။ ဖုန်းပွင့်သွားရင် အများကြီး ရိုက်ခံရဦးမှာ။

ကိုဟန်သာက သူ့ဖုန်းပက်စ်ဝက်ကို မပေးဘူး။ သူ့ဖုန်းထဲမှာ အရေးကြီးတဲ့ အချက်အလက်တွေ ရှိတာသိတော့ ဆယ်ကြိမ်လောက်မှားပြောရင် ဖုန်းလော့ကျသွားမှာ သိတော့ မှားမှားပြီး ပြောတယ်။အဲ့ဒီအချိန်မှာ သူ့အင်္ကျီကို ချွတ်ပြီး စီးကရက်မီးနဲ့တို့တယ်။ လက်သီးတွေနဲ့ ထိုးတယ်၊ရေခဲတုံးပေါ်မှာ ခြေထောက်တင်ခိုင်းပြီး သုံးလေး နာရီလောက် အကြာကြီးထားတယ်။ အဲ့ဒီအ ချိန်မှာ ဖုန်းပက်စ်ဝပ်ကို ၅ကြိမ်လောက်မှားပေးပြီးသွားပြီ။ ဟိုလူတွေက နည်းမျိုးစုံနဲ့နှိပ်စက်တယ်။ နောက်ဆုံးတော့ ဘောင်းဘီချွတ် မုဒိန်းဝိုင်းကျင့်မယ်လို့ ခြိမ်းခြောက်ခံရတော့မှာ မလုပ်ပါနဲ့ တောင်းပန်ပါတယ်လို့ ပြောပြီး ကိုဟန်သာ ပက်စ်ဝက် ပေးလိုက်ရတယ်။

ဖုန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွဲရိုက်ထားတဲ့ဓာတ်ပုံ၊ ကိုမင်းကိုနိုင်တဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေ သမ္မတကြီးဦးထင်ကျော်ပုံတွေတွေ့ပြီး သူ့ကို ပြပြပြီးတော့ရိုက်တာ။ ကျွန်တော် တော်တော် စိတ်မကောင်းဘူး။ ကျွန်တော်နဲ့ ပြန်တွေ့တဲ့အချိန် ကိုဟန်သာပြောပြတာကို နားထောင်ပြီး ဒီလောက် လူမဆန်တာ ရက်ရက်စက်စက်လုပ်သလားပေါ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဓာတ်ပုံတွဲရိုက်တာ နိုင်ငံရေးသမားတွေနဲ့ ကျွန်တော်တို့ သတင်းသမားတွေ လုပ်ငန်းအရ ဆက်ဆံတဲ့ကိစ္စ တယ်လီဖုန်းဆက်ပြီး စကားပြောတဲ့ကိစ္စက ရာဇဝတ်မှုလား။ သတင်းစာပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ သူတွေက ရာဇဝတ်မှုကျုးလွန်နေတာမှ မဟုတ်တာ။

သူပြောတာ ကြားကြားချင်း တော်တော်စိတ်မကောင်းဘူး အခုချိန်အထိလည်းဝမ်းနည်းတယ်။ ကိုဟန်သာလည်း စိတ်ဒဏ်ရာတော်တော်ရသွားမှာ။ ကျွန်တော်တို့ နှစ်ယောက်ကံကောင်းတာက ဝိပဿနာတရားနေ့တိုင်းအားထုတ်တာကနေ စိတ်ဓာတ်ခွန်အားရပြီး ဒီငရဲခန်းကို ဖြတ်သန်းနိုင်ခဲ့တယ်လို့ ပြောရမှာပေါ့ဗျာ။

အင်းစိန်အကျဉ်းထောင်ထဲမှာ အချုပ်ကျနေသူ ၇၀၀ ကျော် ပြန်လွတ်ဖို့ရှိနေတာကြောင့် မိသားစုဝင်တွေ ထောင်ရှေ့မှာ ဇွန်လ ၃၀ ရက်မှာ လာစောင့်နေကြတာဖြစ်ပါတယ်။

အင်းစိန်အကျဉ်းထောင်ထဲမှာ အချုပ်ကျနေသူ ၇၀၀ ကျော် ပြန်လွတ်ဖို့ရှိနေတာကြောင့် မိသားစုဝင်တွေ ထောင်ရှေ့မှာ ဇွန်လ ၃၀ ရက်မှာ လာစောင့်နေကြတာဖြစ်ပါတယ်။

ဘီဘီစီ။ ။ ကိုဟန်သာက ပုံမှန်အခြေအနေမှာဆို တက်တက်ကြွကြွနဲ့ အလုပ်လုပ်တတ်တဲ့သူဆိုတော့ အင်းစိန်ထောင်ရောက်တော့ကော သူ့ ရဲ့ စိတ်ပိုင်းအခြေ အနေကဘယ်လိုရှိလဲ။ အဆင်ပြေရဲ့လား။

ကိုနေသန်မောင်။ ။အကြမ်းအားဖြင့်တော့ အဆင်ပြေပါတယ်။ စစ်ကြောရေးမှာသာ စကားမပြောရဘဲ ၂၄နာရီလုံးလုံး ထိုင်နေရတာဆိုတော့ အဲဒီမှာသာ ကျွန်တော်တို့ စိတ်ပိုင်းဆိုင်ရာတွေ တော်တော်ထိခိုက်ခဲ့တာပါ။

သီးသန့်ထောင်ရောက်တော့ အခြားဖမ်းဆီးခံထားရတဲ့လူ နှစ်ထောင်လောက်နဲ့တွေ့ရတယ်။ စကား‌ပြောရတယ်။ အဲ့ဒီမှာ စိတ်ပိုင်းဆိုင်ရာတွေ နည်းနည်းလေး သက်သာတယ်။ ဟိုရောက်တော့ လူငယ်တွေအများကြီးတွေ့ရတယ်။ ဂျန်ဇီတွေတွေ့ရတယ်။ ဆန္ဒပြမှုနဲ့ အဖမ်းခံရတဲ့ သူတွေတွေ့ ရတယ်။ နိုင်ငံရေးသမားတွေ တွေ့ရတယ်။သူတို့ကို ကျွန်တော်တို့ရဲ့ ငရဲခန်း အတွေ့အကြုံ တွေပြောပြတော့ တအံ့တသြတွေဖြစ်ကြတယ်။

ထောင်ရောက်တော့ ကျွန်တော်တို့ ပုံမှန်တရားထိုင်တယ်။ လူတွေနဲ့ပုံမှန် ထိတွေ့ခွင့် ရတော့ အဲ့ဒီမှာ နည်းနည်းလေး သက်သာလာတယ်။

ဘီဘီစီ။ ။ အင်းစိန်ထောင်ရောက်တော့ကော ‌ရွှေပြည်သာစစ်ကြောရေးကို ဖြတ်ခဲ့တဲ့သူတွေဆီက ဆိုးရွားတဲ့ အတွေ့အကြုံတွေကြားခဲ့သေးလား

ကိုနေသန်မောင်။ ။ တရားရုံးထုတ်လို့ မြို့နယ်တူရင် သီးသန့်ထောင်ဘက်က လူတွေအများကြီးပါလာတယ်။ဒဏ်ရာဒဏ်ချက် ရတဲ့သူတွေလည်းပါလာတော့ သူတို့နဲ့စကားပြောတဲ့အခါ သူတို့က ‌များသောအားဖြင့် ရွှေပြည်သာစစ်ကြောရေးမှာ တစ်ည နှစ်ညလောက်နေခဲ့ရတယ်။ ဟိုရောက်ရင် သူတို့ကို ဒဏ်ရာရတဲ့သူနဲ့ မရတဲ့သူ လူခွဲတယ်တဲ့။ ဒဏ်ရာမရတဲ့သူတွေကို မရသေးလို့ဆိုပြီး ဒဏ်ရာရအောင် ထပ်ရိုက်တယ်။ ထပ်ရိုက်ပြီးတော့မှ ထောင်ကိုပို့တာ။ ထောင်ထဲကို ငါးဆယ် တစ်ရာ သီးသန့်ဘက်မှာပုံမှန်ဝင်လာကြတယ်။ ကျွန်တော် သီးသန့်ထောင်မှာ ၁၃ ရက် ရှိနေတဲ့အချိန် နေ့တိုင်း ဝင်လာတဲ့သူတွေထဲမှာ ပန်းဆိုးတန်းမှာ ဆန္ဒပြတဲ့ ကဗျာဆရာတွေ၊ ဗကသကျောင်းသားတွေဆို ရာဘာကျည်ပစ်ခံထားရလို့ ဒဏ်ရာ ၇ ချက် လောက်ရှိတယ်။တစ်ချို့ဆို နဖူးတည့်တည့်မှာရှိတယ်။ အဲ့ဒီအချိန်မှာ ရွှေပြည်သာတို့ လှိုင်သာယာတို့မှာ စစ်အုပ်ချုပ်‌‌ရေးကြေညာတယ်ဆိုတာ အဲ့ဒီကျမှသိတာ။ သတင်းစာလည်း မဖတ်ရတော့ မသိဘူး။ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း ရက်ရက်စက်စက်ရိုက်နှက်ခံရတဲ့ သူတွေ အများကြီးကို တွေ့ရတယ်။

ဘီဘီစီ။ ။ အင်းစိန်ထောင်ရောက်တဲ့အချိန် လူတွေနဲထိတွေ့ခွင့်ပိုရလာတယ်။ အနုပညာရှင်တွေထဲကကောဘယ်သူတွေနဲ့ တွေ့ခဲ့ရလဲ

ကိုနေသန်မောင်။ ။အနှပညာရှင်တွေထဲကတော့ ကိုလူမင်း၊ကိုမင်းထင်ကိုကိုကြီးတို့အပြင် အဆိုတော်စောဖိုးခွားတို့ကိုလည်းတွေ့ခဲ့ရပါတယ်။သူတို့ ကျန်းကျန်းမာမာ ရှိကြပါတယ်။

ဘီဘီစီ။ ။ တရားသေ လွှတ်ပေးမယ်ဆိုတာ ဘယ်လိုသိရလဲ။ အဲ့ဒီအချိန်မှာ ကိုဟန်သာရဲ့အခြေအနေကကော ဘယ်လိုရှိလဲ။ အဲ့ဒါလေးပြောပြပေးပါဦး။

ကိုနေသန်မောင်။ ။သံရုံးနဲ့ ကျွန်တော်က နှစ်ပတ် တစ်ခါလောက် ဖုန်းပြောခွင့်ရပါတယ်။ အမေရိကန်ဘက် အစိုးရဘက်က ကျွန်တော်လွတ်မြောက်ရေးအတွက် ကြိုးစားနေတဲ့ အကြောင်း အမြဲတမ်းပြောပါတယ်။ ကျွန်တော်နဲ့တူတူ ကိုဟန်သာ လွတ်မြောက်ရေးပါ ကြိုးစားပေးပါ ကျွန်တော်တို့ တူတူ လွတ်ချင်ပါတယ်လို့ ကျွန်တော်ကလည်း သံရုံးကိုပြောပါတယ်။ သံရုံးကလည်း သူတို့အတတ်နိုင်ဆုံး ကြိုးစားပါမယ်လို့ ပြန်ပြောပါတယ်။

ကျွန်တော့်ကို လွှတ်မယ်ဆိုတဲ သတင်းကတော့ မေလကုန်မှာကတည်းက ပြန့်နေပြီ။ ကျွန်တော်ကတော့ မမျှော်လင့်ပေမဲ့ တစ်ချိန်ချိန်ကျရင် လွတ်မယ်ဆိုတာ သိနေတယ်။

ဒါပေမယ့် ကျွန်တော်ဘယ်အချိန်မှာလွတ်ချင်လဲဆိုရင် ကိုဟန်သာနဲ့ ကျန်တဲ့သူအားလုံးနဲ့ တူတူ တော်လှန်ရေး အောင်သွားတဲ့ အချိန်မှာ လွတ်ချင်တယ်။ ဒါမှမဟုတ် နိုင်ငံတကာဖိအားကြောင့် လွှတ်ပေးတဲ့ အချိန်မှာ လွတ်ချင်တယ်။ တစ်ယောက်တည်း လွတ်မသွားချင်ဘူး။ အဲ့လိုလွတ်သွားရင် မျှတမှုမရှိဘူးလို့ ကျွန်တော့်ကိုယ် ကျွန်တော် ခံစားရတယ်။ နောက်ဆုံးတော့ ကျွန်တော် မရှောင်နိုင်တဲ့နေ့ကို ရောက်လာတာပါပဲ။ ကျွန်တော့်ကို မလွှတ်ခင် ၅ရက်လောက်မှာ မြို့နယ်မှူး ထောင်ထဲရောက်လာပြီးတော့ လာတွေ့ပါတယ်။ တွေ့ပြီး လေယာဉ်လက်မှတ်စီစဥ်ဖို့ ကိစ္စ ပြောပါတယ်။ အဲ့ဒါကြောင့် သိလိုက်ပြီ ကျွန်တော့်ကို လွှတ်တော့မယ်ဆိုတာ။ ကျွန်တော့်ကို ဆွဲထားတဲ့ အမှုတွေအားလုံးက ကိုဟန်သာနဲ့တူတူ စွဲထားတာဆိုတော့ ကျွန်တော့်ကိုတော့ အမှုကပလပ်ပြီး ကိုဟန်သာကိုကောလို့ မေးတော့ ကိုဟန်သာနဲ့ပတ်သက်ပြီး ဘာမှညွှန်ကြားထားတာမရှိပါဘူးတဲ့။

ဥပဒေအရတော့ ဒီအမှုကို ပလပ်ရင် ဒီအမှုနဲ့ပတ်သက်တဲ့ နှစ်ယောက်လုံးကို လွှတ်ရမှာ။ မလွှတ်ပဲနဲ့လည်း ချန်ထားနိုင်လို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပါလို့ ကိုဟန်သာကို ပြောရတယ်။ ကျွန်တော်တို့ နှစ်ယောက်က ဒီအခြေအနေကြီး ကိုရှောင်လွှဲနိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် အားပေးပါတယ်။ အားပေးပြီးတော့ အတတ်နိုင်ဆုံး အမြန်ဆုံးလွတ်မြောက်အောင်ကြိုးစားမယ်လို့ သူ့ကိုသေသေချာချာမှာခဲ့ပါတယ်။ သူလည်း အခြေအနေကို ကောင်းကောင်းနားလည်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ကို လက်ထိတ်သီးခြားခတ်ပြီး ရုံးထုတ်တော့ ကျွန်တော့်ကိုပဲ လွှတ်တော့မယ် ကိုဟန်သာကို မလွှတ်တော့ဘူးဆိုတာ သိလိုက်ပြီ။

ကျွန်တော့်ကို အမှုပလပ်ပြီးပြီဆိုတာနဲ့ ကိုဟန်သာကို တွေ့ခွင့်တောင်းပြီး ကျွန်တော်တို့နှစ်ယောက် အမြန်ဆုံးပြန်တွေ့ကြမယ်လို့၊ ရဲက ကျွန်တော့်ကို တရားရုံးက ထုတ်သွားတဲ့အချိန်မှာ ကိုဟန်သာ တစ်ယောက်တည်း တရားရုံးမှာကျန်ခဲ့တယ်။ ကျွန်တော့် ရဲဘော်လွတ်စေချင်တာပေါ့ဗျာ။

ဘီဘီစီ။ ။ အမှုတွေစိစစ်နေတယ်ဆိုတဲ့သတင်းတွေထွက်နေတော့ အမြန်ဆုံးပြန်လွှတ်မယ်လို့ ယူဆ မျှော်မှန်းရပါတယ်။ မြန်မာပြည်ကနေ အမေရိကန်ကိုပြန်တဲ့ ခရီး လေယာဥ်စီးတဲ့ အချိန်မှာ ဘယ်လိုခံစားရလဲ။

ကိုနေသန်မောင်။ ။ လေယာဥ်ပေါ်တက်ပြီး ထွက်လာတဲ့အချိန်ဟာ ကျွန်တော့်ရင်ထဲမှာ ဟာလာဟင်းကြီးပါ ။ ပျော်ရွှင်မှုဆိုတာ လုံးဝမရှိဘူး။ကျွန်တော့်လွတ်မြောက်မှုအတွက် တစ်ရက်မှ စိတ်မချမ်းသာဘူး။ တတ်နိုင်ရင် ထောင်ထဲ ပြန်သွားချင်တယ် ။ ကိုဟန်သာနဲ့ အတူ အခြားမလွတ်မြောက်သေးတဲ့ သူတွေနဲ့ ထောင်ထဲမှာ နေချင်တာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော့်မှာ ‌ရွေးချယ်ခွင့်မှမရှိတာ။ လေယာဥ်စီးတဲ့အချိန် တတ်နိုင်သလောက် မြန်မာပြည်အကြောင်း မစဥ်းစားဖို့ကြိုးစားတယ်။ ဆယ်နှစ်ကျော်ကျော်လောက် ကျွန်တော်ပြန်နေခဲ့တဲ့ နိုင်ငံ ကျွန်တော်မွေးခဲ့တဲ့ နိုင်ငံ။ ကျွန်တော်အသက်၂၂နှစ်တုန်းကလည်း တိုင်းပြည်က ထွက်ခဲ့ရပြီးပြီ။ အခုအသက်၄၄နှစ်မှာလည်း တိုင်းပြည်ကနေ ပြည်နှင်ဒဏ်ခံရပြန်ပြီပေါ့။ဘယ်တော့ပြန်ရောက်မယ်မှန်းလည်း မသိဘူး။ ကျွန်တော့်အတွက်တော့ ဝမ်းမနည်းပါဘူး ကျွန်တော့်တိုင်းပြည်အတွက် ကျွန်တော့် ပြည်သူတွေအတွက်တော့ ဝမ်းနည်းပါ တယ်။နွေဦးတော်လှန်ရေးက ကျွန်တော်တို့ ရှုံးလို့မဖြစ်ဘူး နိုင်မှဖြစ်မယ်။ အဲ့ဒီ အောင်စိတ်လေးနဲ့ ကျွန်တော်ဖြေပါတယ်။ တစ်ချိန်ကျရင် ကျွန်တော်တို့လူတွေ ပြန်ဆုံကြမယ်။ ကျွန်တော်တို့ တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံဖြစ်ဖြစ် ဖက်ဒရယ်နိုင်ငံတော်စစ်စစ်ဖြစ်အောင် ကျွန်တော်တို့လက်နဲ့ပြန်တည်ဆောက်မယ်။ အဲ့ဒီအောင်စိတ်လေးနဲ့ အားတင်းပြီး ကျွန်တော်တို့ အသက်ရှင် နေကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-57658060

ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုနေသန်မောင်ရဲ့ စစ်ကြောရေးအတွေ့ အကြုံ  ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုနေသန်မောင်ရဲ့ စစ်ကြောရေးအတွေ့ အကြုံ Reviewed by THITHTOOLWIN on 20:37 Rating: 5

No comments:

Powered by Blogger.