မင်းတပ်နဲ့ ဒီးမော့ဆိုတိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်တွေ နေထိုင်ရေးပိုခက်ခဲ

တောတွင်း ခိုလှုံရာရှာပြီး နေထိုင်နေကြရတဲ့ ကယားပြည်နယ်က စစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံ- CJ)

ချင်းပြည်နယ်မင်းတပ်မြို့မှာ ဒီရက်ပိုင်းတိုက်ပွဲတွေအတွင်း စစ်ရှောင်တွေ ဘေးလွတ်ရာကိုထပ်မံထွက်ပြေးနေရသလို ကယားပြည်နယ် ဒီးမော့ဆိုမြို့ဘက်မှာလဲ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့အကြား တိုက်ပွဲဖြစ်ပွါးနေ တယ်လို့ဆိုပါတယ်။ လက်ရှိစစ်တပ်ဘက်ကနေ တပ်အင်အားတိုးချဲ့တိုက်စစ်ဆင်နေတာကြောင့် မင်းတပ်နဲ့ ဒီးမော့ဆို ကာကွယ်ရေးတပ်တွေ ဆုတ်ခွါနေရတယ်လို့ဆိုပါတယ်။ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ ထားပါတယ်။

စစ်ကောင်စီတပ်ဘက်ကနေ အင်အားနဲ့ထိုးစစ်ဆင်နေတာကြောင့် ချင်းပြည်နယ်မင်းတပ်မြို့နဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က ဒေသခံကာကွယ်အဖွဲ့တွေ တပ်အင်အားနောက်ဆုတ်နေရပြီး စစ်ရှောင်ရွာသားတွေလဲ မူလစစ်ရှောင်နေရာကနေ ထပ်မံတိမ်းရှောင်နေရပါတယ်။

တနင်္ဂနွေနေ့ကနေ အင်္ဂါနေ့အထိတိုက်ပွဲပြင်းထန်ခဲ့တဲ့ ချင်းပြည်နယ်မင်းတပ်မြို့နယ်မှာ ဒီကနေ့မှာ တိုက်ပွဲမရှိ ပေမဲ့မနေ့ကဖြစ်ပွါးတဲ့တိုက်ပွဲအခြေအနေကိုတော့ မင်းတပ် ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ ယောမာန်က ဗွီအိုအေ ကို အခုလိုပြောပါတယ်။

"ကျွန်တော်တို့ကိုစစ်ကြောင်း(၃)ကြောင်းနဲ့ထိုးစစ်ဆင်လာတာကိုး။ ဒီနေ့တော့ဆုတ်ပေးလိုက်ပြီ။ အကုန်ဆုတ်ပေး လိုက်ပြီဆိုတော့တိုက်ပွဲကမရှိတော့ဘူး။ မနေ့ကတိုက်ပွဲဖြစ်တော့ ကျွန်တော်တို့မနက်စောစော လူတယောက်ကျတယ်။ ဒဏ်ရာရတဲ့သူ(၁၀)ယောက်လောက်ရှိတယ်။ ဆေးကုဖို့အတွက်ကတော့ ဒီကဆေးတပ်သားတွေရှိတယ်။ အဲဒီလိုမျိုးနဲ့ ဘဲကုရတာပေါ့။"

မနေ့က တပ်ဖြန့်တက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့ ကာကွယ်ရေးတပ်တို့အကြားမင်းတပ်မြို့ရဲ့အနောက်မြောက်ခြမ်း ယှက်ရွာတိုက်ပွဲနဲ့ ချောင်းဆုံတိုက်ပွဲတွေမှာ လက်နက်ကြီးကျည်ကြောင့် မင်းတပ်ကာကွယ်ရေးတပ်ဘက်က ထိခိုက်မှု များတယ်လို့ဆိုပါတယ်။

မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါးမှုအခြေအနေနဲ့ပက်သက်လို့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်း ကအခုလိုပြောပါတယ်။

"ကျွန်တော်တို့မနေ့တုန်းက မင်းတပ်ရဲ့မြောက်ဖက်နဲ့အရှေ့မြာက်ဖက်မှာ ထိတွေ့မှုလေးတွေဖြစ်ပွါးခဲ့တာရှိတယ်။ အဲဒီမှာဖြစ်ပွါးခဲ့တဲ့အထဲမှာတော့ ကျွန်တော်တို့ဆီကစစ်သည်တယောက် ကျဆုံးပြီးတော့ဒဏ်ရာရစစ်သည်(၃)ယောက် လောက်ရှိပါတယ်။ အဲအကြမ်းဖက်ဘက်ကတော့ တူမီးသေနတ်တလက်နဲ့ လက်လုပ်ဗုံး လက်ပစ်ဗုံးတွေ မိခဲ့တဲ့ဟာ ဖြစ်စဉ်တော့ရှိခဲ့ပါတယ်။"

တိုက်ပွဲတွေကြောင့် ယာယီစစ်ရှောင်စခန်းက ထောင်ချီတဲ့စစ်ရှောင်ရွာသားတွေ သူတို့နေထိုင်တဲ့နေရာကနေ ထပ်မံ ထွက်ပြေးနေရတယ်လို့ မင်းတပ်ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံဒေါက်တာယောမာန်က ပြောပါတယ်။

စစ်ရှောင်စခန်းက ဒီမှာကလောလောဆယ်လုပ်ထားတာက (၁၅)ခုလောက်ရှိတယ်။ စခန်း(၁၅)ခုမှာရှိတဲ့သူတွေ အကုန် လုံးပြေးရတာပေါ့။ ကျွန်တော်တို့စစ်ရှောင် တခြားဘက်အခြမ်းမပါသေးဘူးပေါ့နော်။ ဒီဘက်အခြမ်းတခု ထဲ(၉၀၀၀)ရှိ တယ်။ အဲဒီအခု(၉၀၀၀)တွေကအခုလောလောဆယ် ထပ်ပြေးကြပြီးပေါ့။ စစ်ရှောင်နေတဲ့နေရာ လုံခြုံတဲ့နေရာမရှိပါဘူး။ တောထဲတောင်ထဲ ပြန့်ကွဲပြန့်ကြဲပြီးတော့ ပြေးရ တာပေါ့။

တချိန်ထဲမှာဘဲကယားပြည်နယ်ဒီးမော့ဆိုမြို့မှာလဲ ဒေသခံကာကွယ်ရေးအဖွဲ့နဲ့စစ်ကောင်စီတပ်တွေအကြား ဒီကနေ့မှာလဲ ပစ်ခတ်မှုတွေဖြစ်ပွါးနေတာပါ။

လက်ရှိ ဒီးမော့ဆိုဘက်စစ်ရေးအခြေအနေကိုတော့ ကရင်နီအမျိုးသား ကာကွယ်ရေး အဖွဲ့ KNDFပြန်ကြားရေး တာဝန်ရှိသူတဦးကအခုလိုပြောပါတယ်။

"ဒီးမော့ဆိုဘက်တော့ ပြင်းထန်တယ်လို့ပြောရမှာပေါ့။ ဒေါ့ငံခါးတော့သူတို့ကျော်လာပြီးပေါ့။ သူတို့ထိုးစစ်ဆင်လာမှာ တော့ မနားဘူးပေါ့။ တရပ်ကွက်ပြီးတရပ်ကွက် သူတို့တွေကထိုးစစ်ဆင်လာတယ်။ နှစ်ဖက်ထိခိုက်မှုအခြေအနေ တော့အခုထိတော့ စာရင်းမရသေးဘူးဗျ။ ကျွန်တော်တို့လူတွေလဲ လက်ရှိလဲ တကွဲပြားဖြစ်နေကြတယ်။ လက်ရှိက စစ်ကောင်စီကတောင်ငူလမ်းကြောင်းကနေ သူတို့စစ်ကူတွေပို့နေတဲ့အေပေါ်မှာတော့ သူတို့တပ် လှုပ်ရှားတဲ့အပေါ် မူတည်ပြီးတော့ ကျွန်တော်တို့အင်အားတွေရွှေ့ပြီးတော့မှ ပြောင်းပြီးမှကစားနေရလို့လေ။"

တိုက်ပွဲဖြစ်စဉ်အတွင်း သောင်းနဲ့ချီတဲ့ ဒီးမော့ဆိုစစ်ရှောင်ရွာဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့ စစ်ရှောင် တွေကိုအကူညီပေးေနေသူတဦးကပြောပါတယ်။

"စစ်ရှောင်တွေက တော့အခြေအနေပိုဆိုးတာက အခုလောလောဆယ်တော့ စစ်ရှောင်တွေပိုတိုးလာတာပေါ့နော်။ ရှိတဲ့ ရွာတွေကလဲတခြားနေရာကိုသွားကြတယ်။ သွားမဲ့နေရာလဲမရှိတော့ဘူးလေ။ တရားဝင်စစ်ရှောင်စခန်းဆိုလဲ မသတ် မှတ်သေးဘူး။ အခုယာယီဘဲရှိတဲ့အတွက်ကြောင့် မို့လို့ စိုးရိမ်ရတဲ့အခြေအနေဘဲရှိသေးတာပေါ့။"

ဒီးမော့ဆိုမြို့နယ်က ရွာအားလုံးနီးပါး စစ်ဘေးတိမ်းရှောင်နေရပြီး တချို့စစ်ရှောင်တွေက တောတောင်ထဲမှာ ဖြစ်သလို နေထိုင်နေရတယ်လို့ဆိုပါတယ်။

လက်ရှိတိုင်းရင်းသားပြည်နယ်ထဲမှာ ချင်းပြည်နယ်မင်းတပ်၊ ထန်တလန်၊ ဟားခါးမြို့နယ်၊ ကယားပြည်နယ်ဘက်မှာတော့ ဒီမော့ဆိုမြို့ နယ်၊ လွိုင်ကော်မြို့နယ်တို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေကနေ ရရာလက်နက်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ အခြေအနေမှာရှိနေပါတယ်။


ကိုနိုင်ကွန်းအိန်/ VOA Burmese

https://burmese.voanews.com/a/internally-displaced-person-kayah-state-battle-continue-/5922093.html

မင်းတပ်နဲ့ ဒီးမော့ဆိုတိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်တွေ နေထိုင်ရေးပိုခက်ခဲ မင်းတပ်နဲ့ ဒီးမော့ဆိုတိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်တွေ နေထိုင်ရေးပိုခက်ခဲ Reviewed by THITHTOOLWIN on 20:43 Rating: 5

No comments:

Powered by Blogger.