ကယားပြည်နယ်အတွင်း စစ်ကောင်စီအကြမ်းဖက်မှုရပ်ဖို့ ကုလအထူးကိုယ်စားလှယ်တိုက်တွန်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင် ဒုက္ခသည်များ (ဓာတ်ပုံ- CJ)

ကယားပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်က လက်နက်ကိုင်နဲ့အရပ်သား မခွဲခြားဘဲ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်နေတာတွေကို ရှုတ်ချပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကယားပြည်နယ်မှာ လောလောလတ်လတ် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၁ သိန်းလောက် ရှိနေပြီး သူတို့အတွက် စားနပ်ရိက္ခာနဲ့ အကာအကွယ်တွေ အရေးတကြီး လိုအပ်နေတဲ့အကြောင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ဒါကို လစ်လျူရှု မထားဖို့နဲ့ လက်ရှိအခြေအနေအပေါ်မှာ ချက်ချင်း တုံ့ပြန် မဆောင်ရွက်နိုင်ဘူးဆိုရင်တော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အစားအစာပြတ်လပ်မှုနဲ့ ရောဂါဘယ ဘေးတွေကြောင့် လူတွေ အများအပြား သေဆုံးရတဲ့ အဖြစ်ဆိုးတွေ ကြုံတွေ့လာရနိုင်တယ်လို့ အထူးကိုယ်စားလှယ် Andrews က မနေ့က ကြေညာချက် ထုတ်ပြန် သတိပေးလိုက်တာပါ။

လူသားချင်းစာနာကူညီမှုတွေ အရေးတကြီးလိုအပ်နေတဲ့ ဒုက္ခသည်တွေအတွက် အကူအညီတွေ မပေးနိုင်အောင် မြန်မာစစ်တပ်က လမ်းတွေကို ပိတ်ဆို့ ဟန့်တားတာတွေအပြင် အများပြည်သူ သွားလာနေတဲ့ လမ်းမတွေပေါ်မှာ မိုင်းထောင် တိုက်ခိုက်တာတွေ အထိလုပ်နေတယ်ဆိုတဲ့ သတင်းတွေကိုလည်း သူ ရရှိတဲ့အကြောင်း မစ္စတာ Andrews က ပြောပါတယ်။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ဒီအခြေအနေကို ဝိုင်းဝန်းဟန့်တားပြီး လိုအပ်တဲ့နေရာတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ဖြန့်ဝေ ပေးနိုင်အောင်နဲ့ မြန်မာစစ်တပ်က အရပ်သားပြည်သူတွေကို ပစ်ခတ်တိုက်ခိုက်တာ၊ ဗုံးကျဲ တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ မြန်မာ စစ်ခေါင်းဆောင်ကို ဖိအားတိုးမြင့် ပေးဖို့လည်း အထူးကိုယ်စားလှယ်က ထုတ်ပြန်တိုက်တွန်းထားပါတယ်။ နိုင်ငံတဝှမ်းခုလိုအကြပ်အတည်းပေါင်းစုံပေါ်ပေါက်နေချိန်မှာပဲ မြို့ကြီးတချို့မှာ စစ်အာဏာဆန်ကျင်ရေး သပိတ်ပွဲတွေလည်း နည်းလမ်းပေါင်းစုံနဲ့ ပေါ်ပေါက်နေပါတယ်။ တရားလက်လွှတ်ဖမ်းဆီးမှုတွေ၊ အကြမ်းဖက် ပစ်ခတ်မှုတွေရှိနေပေမယ့်လည်း ပြည်သူတွေကတော့ ဆက်ပြီး အာခံတော်လှန်မှုနေကြတာဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/united-nations-concern-about-idp-in-kayah-state-Myanmar-/5922250.html

ကယားပြည်နယ်အတွင်း စစ်ကောင်စီအကြမ်းဖက်မှုရပ်ဖို့ ကုလအထူးကိုယ်စားလှယ်တိုက်တွန် ကယားပြည်နယ်အတွင်း စစ်ကောင်စီအကြမ်းဖက်မှုရပ်ဖို့ ကုလအထူးကိုယ်စားလှယ်တိုက်တွန် Reviewed by THITHTOOLWIN on 20:45 Rating: 5

No comments:

Powered by Blogger.