မြန်မာ့အရေး အာဆီယံသဘောတူချက်တွေကို အကောင်အထည်ဖော်ဖို့ ထိုင်းတိုက်တွန်း

 

မြန်မာ့အရေး အာဆီယံသဘောတူချက်တွေကို အကောင်အထည်ဖော်ဖို့ ထိုင်းတိုက်တွန်း ၂၀၂၁ ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ မြန်မာ့အရေး အာဆီယံ အရေးပေါ်အစည်းအဝေး ကျင်းပစဉ်  Photo- AFP / Indonesian Presidential Palace

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းလိုက်ကတည်းကစလို့ နိုင်ငံ ဝရုန်းသုန်းကားဖြစ်နေတာ အဆုံးသတ်ဖို့ အထောက်အကူအဖြစ် စစ်ကောင်စီနဲ့ အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်း ခေါင်းဆောင်တွေ သဘောတူတဲ့ အချက်အလက်တွေကို အကောင်အထည်ဖော်တာ ရှုမြင်လိုတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်မှု အဆုံးသတ်ဖို့၊ နိုင်ငံရေးအရ ဆွေးနွေးဖို့နဲ့ အထူးသံတမန် ခန့်အပ်ဖို့ စတာတွေ တိုက်တွန်းပြီး ဧပြီလက ရရှိထားတဲ့ အာဆီယံ ဘုံသဘောတူညီချက်ကို မြန်မာစစ်ကောင်စီက အနည်းငယ် မပြောပလောက် တဲ့ အလေးထားပုံ ပြသတာတွေ့နေရတယ်လို့ ပြောထားကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

အကြမ်းဖက်မှုတွေ ရပ်တန်းကရပ်ဖို့၊ ဖမ်းဆီးထားသူတွေအားလုံး ပြန်လွှတ်ဖို့နဲ့ ဘုံ သဘောတူညီချက် ငါးချက် ကို အမြန်ဆုံး လက်ဆုပ်လက်ကိုင်ပြ အကောင်အထည်ဖော်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Tanee Sangrat က ထပ်မံတိုက်တွန်းလိုက်ပါတယ်။

မလေးရှားက Bernama သတင်းမှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းလိုက်ချိန်ကစလို့ နိုင်ငံရေးပြဿနာ ကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ထိုင်းနိုင်ငံဟာ သိမ်မွေ့တဲ့ သံတမန်ရေးနည်းလမ်းနဲ့ လုပ်ဆောင်နေတယ်လို့ ဒီနေ့ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကစလို့ မြန်မာနိုင်ငံကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံက ဆောင်ရွက်နေတာတွေကို အများအားဖြင့် လူသိရှင်ကြား ထုတ်ဖော်ပြောကြားတာမရှိဘဲ ထိုင်းအစဉ်အလာ သံတမန်နည်းနဲ့အညီ အိမ်နီးချင်းနိုင်ငံတွေနဲ့ သိမ်မွေ့တဲ့ သံရေးတမန်ရေး ဆက်ဆံတာက ပိုထိရောက်မယ်လို့ ယူဆတဲ့အကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Tanee Sangrat က ပြောပါတယ်။

စစ်အာဏာသိမ်းလိုက်ပြီးချိန်ကစလို့ လူထုရွေးကောက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူ ၄၅၀၀ ကျော်ကို ဖမ်းဆီးထားတဲ့ စစ်ကောင်စီဟာ နိုင်ငံကိုမထိန်းချုပ်နိုင်ဘဲ ရှိနေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

အနည်းဆုံး လူ ၈၄၇ ယောက် သေဆုံးရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပေမယ့် ဒီအရေအတွက်ကို စစ်ကောင်စီက အငြင်းပွားနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/thailand-urge-implementation-of-asean-agreement-06062021091500.html

မြန်မာ့အရေး အာဆီယံသဘောတူချက်တွေကို အကောင်အထည်ဖော်ဖို့ ထိုင်းတိုက်တွန်း  မြန်မာ့အရေး အာဆီယံသဘောတူချက်တွေကို အကောင်အထည်ဖော်ဖို့ ထိုင်းတိုက်တွန်း Reviewed by THITHTOOLWIN on 20:32 Rating: 5

No comments:

Powered by Blogger.