စစ်ကောင်စီစွဲဆိုတဲ့ ‌ဒေါ်အောင်ဆန်းစုကြည် အမှုများ (ဒုတိယပတ် - ဇွန်၂၁-၂၃)

တရားခွင်အတွင်းတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်။ (မေ ၂၄၊ ၂၀၂၁)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဘက်က စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကနေ ၂၃ ရက်အတွင်း တရားရုံးကြားနာမှုတွေ ရှိခဲ့ပြီး တရားလိုပြ သက်သေတွေကို စစ်ဆေးခဲ့ပါတယ်။ ဒီတပတ်ကြားနာခဲ့တဲ့ အမှုအသွားအလာ အခြေအနေတွေနဲ့ ပတ်သက်လို့ ကိုရန်နိုင် သုံးသပ် တင်ပြပေးထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို တရားစွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ဒီတပတ်မှာ ဒုတိယပတ်မြောက်အဖြစ်နဲ့ ဇွန်လ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ဆက်လက် ကြားနာ စစ်ဆေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ ၂ မှု၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ - ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ - ၆၇၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှု ဥပဒေပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေပုဒ်မ ၃ (၁) (ဂ) နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅၊ စုစုပေါင်း ၇ မှုနဲ့ အမှုဖွင့်ထားပြီး ဒီထဲက ၆ မှုကတော့ တရားရုံးမှာ ကြားနာစစ်ဆေးနေပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ စွဲထားတဲ့ အမှုကတော့ တရားရုံးမှာ စွဲချက်မတင်ရသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့တပတ်က ပထမဆုံးအကြိမ် အမှုတွေ စစ်ဆေးခဲ့တုန်းကတော့ တရားလိုတွေကို စစ်ဆေးခဲ့ပြီး ဒီတပတ်မှာတော့ တရားလိုပြသက်သေတွေကို စစ်ဆေးခဲ့တာပါ။ တရားလိုဘက်က တင်ပြချက်တွေကို အကောင်းဆုံး ချေပနိုင်ခဲ့သလို အပြန်အလှန် မေးခွန်းတွေမှာလည်း အပြစ်မရှိကြောင်း ပေါ်လွင်အောင် သက်သေထူနိုင်လောက်တဲ့အထိ တင်ပြနိုင်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က ပြောပါတယ်။ ဒီထဲက ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ - ၈ နဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ - ၆၇ တို့နဲ့ စွဲဆိုခဲ့တဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ရှေ့နေ ဦးကြည်ဝင်းက ဗွီအိုအေကို အခုလို ပြောခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အမှုကတော့ ဒီနေ့ ကိုယ်စစ်တဲ့အခါကျတော့ ဥပဒေအရ ငြိစွန်းမှုမရှိဘူးပေ့ါ၊ ဆက်သွယ်ရေးပစ္စည်းတွေက ပြည်ထဲရေးဌာန သုံးတာတွေပဲလေ။ သူ့ဆီကမိတာ မဟုတ်ဘူးလေ။ တိုင်တဲ့ အမျိုးအစားက ရှင်းနေတာပဲလေ။ အဲဒါတွေကို ဒေါ်အောင်ဆန်းစုကြည်ဆီက သိမ်းတာမဟုတ်ဘူး။ မနက် ၃ နာရီလောက် ရောက်ပြီးတော့ လုံခြုံရေးအဖွဲ့ဆီက ၆ လုံး၊ နောက် ကင်းဂိတ်က တလုံး၊ ကိုယ်ရေးအရာရှိဆောင်က တလုံး ဒါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဆီက သိမ်းတာမပါဘူး။ ဒါကြောင့်မို့ ဒီအမှုတင်မဟုတ်ဘူး ရှေ့နေပညာအရ သိနေတာပဲ။ ပြစ်မှုကင်းမကင်း သိတယ်လေ။ နောက် ရဲကိုယ်တိုင်ကကို ဒေါ်အောင်ဆန်းစုကြည်ဆီက သိမ်းမသိမ်းကို ပေါ်တာပဲ။ ထုံးစံအရဆို မူးယစ်ဆေးတွေမိရင် ရှာဖွေပုံစံနဲ့ သိမ်းကြတယ်လေ။ ဒါက ကျနော့်အိမ်ထဲက၊ ကုတင်ဆီက စသဖြင့် သိမ်းကြရတယ်။ ခုက သူတို့ရဲတွေက သူတို့ဘာသာ အပ်တာလေ၊ ဒေါ်အောင်ဆန်းစုကြည် အပ်တာမှမဟုတ်တာ။”

အင်္ဂါနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို စွဲထားတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှုနဲ့ သဘာဝဘေးအန္တရာယ်နဲ့ စီမံခန့်ခွဲမှု အက်ဥပဒေ ချိုးဖောက်မှုတွေကို ဆက်လက်စစ်ဆေးခဲ့ပြီး ဗုဒ္ဓဟူးနေ့ကတော့ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃ (၁) (ဂ) နဲ့ ရန်ကုန်မှာဖွင့်ထားတဲ့ အမှုကို နေပြည်တော်ကို ရုံးပြောင်းဖို့ လျှှောက်လဲချက်ပေးတယ်။

အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်အောင် လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး တဘက်ကတင်တဲ့ သက်သေတွေဟာ ဥပဒေကြောင်းအရ ညီညွတ်မှန်ကန်မှု မရှိဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေဘက်က ပယ်ချခဲ့ပါတယ်။ တရားလိုဘက်က သက်သေတင်သွင်းတဲ့အပေါ် အမိန့်ချတာ အပါအဝင် ရှေ့သီတင်းပတ် ရုံးချိန်းတွေနဲ့ ပတ်သက်ပြီးတော့ အကျိုးဆောင်ရှေနေ့တဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ရှေ့တပတ်မှာလည်း တရားလိုပြ သက်သေတွေပဲ ဆက်စစ်သွားမှာပါ။ တမှုမှာ တချို့ဆိုရင် တရားလိုပြ သက်သေက ၁၀ ဦး၊ တချို့အမှုမှာဆို ၉ ဦး တင်သွင်းထားတာ ရှိတဲ့အခါကျတော့ ကျန်တဲ့ တရားလိုပြ သက်သေတွေကို ဆက်ပြီး စစ်သွားမှာပါ။ သူတို့ဘက်က တင်သွင်းတဲ့ စာရွက်စာတမ်းတွေကို ကန့်ကွက် လျှောက်လဲချက် ကျမတို့ဘက်ကပေးတယ်။ ဥပဒေဘက်က တရားလိုဘက်ကတော့ တင်သွင်းတဲ့ စာရွက်စာတမ်းတွေကို သက်သေခံအဖြစ် လက်ခံဖို့ဆိုပြီး သူတို့ဘက်က လျှောက်လဲချက် ပေးတယ်။ အဲဒီနှစ်ခုအပေါ် မူတည်ပြီးမှ အမိန့်ချမှာပါ။”

တရားခွင်မှာ အမှုမစစ်ခင်မှာတော့ ရှေ့နေတွေဟာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နဲ့ အမှုအကြောင်း ဆွေးနွေးဖို့အတွက် သီးသန့်တွေ့ဆုံဖို့ အချိန် မိနစ် ၃၀ တွေ့ခွင့်ရပြီး ဒီအခြေအနေကိုတော့ ဒေါ်မင်းမင်းစိုးက အခုလိုရှင်းပြပါတယ်။

“တရားခွင် မတိုင်ခင်မှာကတော့ နာရီဝက်လောက်ကတော့ တွေ့ခွင့်ရပါတယ် အမြဲတမ်း။ သီးသန့်တွေ့ခွင့်ရတဲ့ အနေအထားမှာတော့ လွတ်လွတ်လပ်လပ် ပြောခွင့်ရပါတယ်။ ကျမတို့ချည်းပဲပေါ့၊ ရှေ့နေတွေရယ်၊ အမေတို့ရယ်နဲ့ သီးသန့်တွေ့ခွင့်ရတာပါ။ လွတ်လွတ်လပ်လပ် တွေ့ခွင့်ရတာပါ၊ တခြား ဘယ်သူမှ မရှိပါဘူး။ CCTV လည်း မရှိတော့သလို လုံခြုံရေးတွေလည်း အထဲမှာ မရှိပါဘူး။ အထူးတရားရုံးထဲမှာရှိတဲ့ အခန်းတခန်းမှာပါ။ တရားခွင်ကတော့ အထူးတရားရုံးထဲမှာပဲ အဆောက်အဦးကြီး တခုထဲမှာပဲ အခန်းလေးတွေ ဖွဲ့ထားတာ။ အဲဒီအခန်းလေးတွေထဲမှာ တွေ့ရတာပါ။ နည်းပါတယ်၊ လုံလောက်မှုတော့ မရှိပါဘူး။ ကျမတို့က ပထမစစ်မယ့့်ရက်ဆိုရင် လေးမှုစာအတွက် ပြောရတယ်၊ တနင်္လာနေ့ပေါ့၊ အင်္ဂါနေ့ဆိုရင် အမှုအတွက် တွေ့ရတဲ့အချိန်ကတော့ နည်းနည်းတော့ လုံလောက်ပါတယ်။ ဒီ လေးမှုစာနဲ့ ပတ်သက်ပြီး ပြောရတဲ့အချိန်။ တနင်္လာနေ့ တွေ့ရတဲ့အချိန်ကတော့ မလုံလောက်ပါဘူး။”

ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တွေအတွက် တကယ်လို့ အပြစ်ရှိတယ်ဆိုရင် ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၃ နှစ်ထက် မပိုသော ပြစ်ဒဏ် ဒါမှမဟုတ် ငွေဒဏ် ဒါမှမဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံး ကျခံရမယ်လို့ ပြဋ္ဌာန်းထားပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ (က) က ၁ နှစ်အထိ ချမှတ်နိုင်ပြီး ၅၀၅ (ခ) က ၃ နှစ်၊ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေက ထောင်ဒဏ် ၃ နှစ်ကနေ ၁၅ နှစ်အထိ ချမှတ်နိုင်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေက ၁၅ နှစ်အထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အပေါ် စွဲဆိုထားတဲ့ အမှုတွေကို ရှင်းရှင်းလင်းလင်း ပေါ်ပေါက်အောင် စစ်ပေးဖို့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေတွေကို ပြောထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်ပြည့် မွေးနေ့လည်း ဖြစ်တာကြောင့် သူ့ရဲ့မွေးနေ့ကို တကူးတက ကျင်းပတာတွေ၊ ဆုတောင်းတာတွေအတွက် ပြည်သူတွေကို ကျေးဇူးတင်ကြောင်း၊ ပြည်သူတွေ ညီညွတ်စွာ နေထိုင်ကြဖို့နဲ့ မွေးနေ့ဆုတောင်းအနေနဲ့ ပြည်သူတွေ ကျန်းမာဖို့ ဆုတောင်းတယ်လို့ ရှေနေ့ကတဆင့် မှာကြားခဲ့ပါတယ်။


ရန်နိုင်/ VOA Burmese

https://burmese.voanews.com/a/daw-aung-san-suu-kyi-trial/5943776.html

စစ်ကောင်စီစွဲဆိုတဲ့ ‌ဒေါ်အောင်ဆန်းစုကြည် အမှုများ (ဒုတိယပတ် - ဇွန်၂၁-၂၃) စစ်ကောင်စီစွဲဆိုတဲ့ ‌ဒေါ်အောင်ဆန်းစုကြည် အမှုများ (ဒုတိယပတ် - ဇွန်၂၁-၂၃) Reviewed by THITHTOOLWIN on 23:46 Rating: 5

No comments:

Powered by Blogger.