NLD အစိုးရလက်ထက် ထုတ်ပယ်ခံရတဲ့ညွှန်ချုပ်ကို သီလဝါ အထူးစီးပွားရေးဇုန်ကော်မတီဥက္ကဋ္ဌအဖြစ် စစ်ကောင်စီ ခန့်အပ်

သီလဝါအထူးစီးပွားရေးဇုန်ဟာဂျပန်နိုင်ငံက အဓိကရင်းနှီးမြှုပ်နှံထားပါတယ်။

NLD အစိုးရလက်ထက်က ရာထူးကထုတ်ပယ်ခံရတဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးရန်နိုင်ထွန်းကို သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ အဖြစ် မကြာသေးခင်ရက်ပိုင်းကပဲ စစ်ကောင်စီက ခန့်အပ်လိုက်တယ်လို့နိုင်ငံတော်ပြန်တမ်း မှာဖော်ပြထားပါတယ်။

ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဦးရန်နိုင်ထွန်းဟာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီကမှတဆင့် ဒုတိယညွှန်ကြားရေးမှူးချုပ်ကနေ ညွှန်ကြားရေးမှူးချုပ်ထိ ရာထူးတိုးမြင့်ခံခဲ့ရတဲ့နောက် ၂၀၁၉ခုနှစ် ဇန်နဝါရီလမှာ ရာထူးကထုတ်ပယ်ခံခဲ့ရပါတယ်။

သွင်းကုန်ထုတ်ကုန်လိုင်စင်ကိစ္စ၊ ပါမစ်ကိစ္စတွေမှာ သက်ဆိုင်ရာအဆင့်ဆင့်က စိစစ်ရာမှာ အားနည်း၊ လစ်ဟမှုတွေရှိတဲ့အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေအရ ရာထူးကထုတ်ပယ်လိုက်တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက သူထုတ်ပယ်ခံရတဲ့အချိန်မှာ မီဒီယာအချို့ကိုဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲမှာ ကြံခိုင်ရေးပါတီရဲ့ သံလျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးရှုံးနိမ်ခဲ့တဲ့ ဦးအောင်သန်းဦးကိုလည်း သီလဝါ အထူးစီးပွးရေးဇုန် စီမံခန့်ခွဲမှုကော် မတီ ဒုတိယဥက္ကဋ္ဌ ( ၁ ) အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဦးအောင်သန်းဦးဟာ လက်ရှိရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်လက်ထက်ကစတင်အကောင်အထည်ဖော်ခဲ့တဲ့ သီလဝါအထူးစီးပွားရေးဇုန်ဟာ လက်ရှိစီးပွားရေးဇုန်တွေထဲမှာ အအောင်မြင်ဆုံးဇုန်တခုဖြစ်သလို ဂျပန်နိုင်ငံက အဓိက ရင်းနှီးမြှုပ်နှံထားတဲ့စီးပွားရေးဇုန်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်မှာတော့ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ အဖြစ် ဦးဆက်အောင်ကိုခန့်အပ်ခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဦးဆက်အောင်ဟာလည်း ဖမ်းဆီးထိန်းသိမ်းခံရပြီး ယခုအခါ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃ (၁) (ဂ) နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်လ်၊ စီးပွားဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း၊ ဦးစိုးဝင်းတို့နဲ့အတူ တရားရင်ဆိုင်နေရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57497528

NLD အစိုးရလက်ထက် ထုတ်ပယ်ခံရတဲ့ညွှန်ချုပ်ကို သီလဝါ အထူးစီးပွားရေးဇုန်ကော်မတီဥက္ကဋ္ဌအဖြစ် စစ်ကောင်စီ ခန့်အပ် NLD အစိုးရလက်ထက် ထုတ်ပယ်ခံရတဲ့ညွှန်ချုပ်ကို သီလဝါ အထူးစီးပွားရေးဇုန်ကော်မတီဥက္ကဋ္ဌအဖြစ် စစ်ကောင်စီ ခန့်အပ် Reviewed by THITHTOOLWIN on 23:50 Rating: 5

No comments:

Powered by Blogger.