တော်လှန်ရေးကာလ ကရင်နီတစ်မျိုးသားလုံးစည်းလုံးကြဖို့ တိုက်တွန်း

တော်လှန်ရေးကာလ ကရင်နီတစ်မျိုးသားလုံးစည်းလုံးကြဖို့ တိုက်တွန်း ၁၄၆ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားကို KNPP ဌာနချုပ်မှာ ၂၀၂၁ ဇွန်လ ၂၁ ရက်နေ့က တွေ့ရစဉ် /Photo: RFA

နှစ်ပေါင်းတစ်ရာကျော်တိုင် သီးခြားလွတ်လပ်တဲ့ ပြည်နယ်အဖြစ် သတ်မှတ်ခံထားရပေမယ့် လက်တွေ့မှာ တော့ ကရင်နီလူထုတွေဟာ စစ်ပွဲဒဏ်ကို ခံနေရပြီး လူမှုရေး၊ ကျန်းမာရေးကိစ္စတွေကအစ ထိခိုက်နေရတာ ကြောင့် ဒါကို စည်းလုံးညီညွှတ်စွာနဲ့ ဝိုင်းဝန်းအဖြေရှာဖို့လိုတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပြည်ထဲရေးဝန်ကြီး ဦးဒယ်နီရယ်ကပြောပါတယ်။

“သီးခြားလွတ်လပ်တဲ့နေ့လို့ အသိမှတ်ပြုတဲ့နေမှာပဲ စစ်တပ်က အခုလို လူထုတွေကို ဖိနှိပ်မှုလုပ်တယ်၊ သတ်ဖြတ်တယ်။ အဲဒါတွေက ကျွန်တော်တို့ အများကြီးရင်လေးပါတယ်၊ အမှန်ကတော့ အခုလို နေ့ထူး နေ့မြတ်နဲ့ အခုလိုဖြစ်နေတဲ့အခြေအနေက ဆန့်ကျင်ဘက်အများကြီးဖြစ်သွားပါပြီ၊ သီးခြားလွတ်လပ်ဖို့ အသိမှတ်ပြုတဲ့ နေ့ထူးနေ့မြတ်မှာပဲ လက်ရှိလူထုအနေနဲ့ အခက်အခဲတွေ ပြေးလွှားနေရတယ်၊ ပုန်းရှောင် နေရတယ်၊ စားဝတ်နေရေးအခက်အခဲတွေ အများကြီးဖြစ်တယ်။ နောက်မှာကျန်းမာရေးတွေ ထိခိုက်တယ် ဆိုတာ ကျွန်တော်တို့အနေနဲ့ စိတ်တော့မကောင်းဘူး၊ သို့သော် ကျွန်တော်တို့တစ်ဖွဲ့ထဲနဲ့လည်း လုပ်လို့မရ ဘူး၊ ဒါက တစ်နိုင်ငံလုံးတာဝန်ရှိတဲ့သူတွေအားလုံးက ဘာဖြစ်သင့်လဲ သေချာစဉ်းစားပြီးမှ လုပ်ဆောင်တာ အကောင်းဆုံးပေါ့လေ”

KNPP ဥက္ကဋ္ဌ အေဘယ်တွိဒ်ကလည်း လက်ရှိ စစ်အာဏာရှင်လက်အောက်ကို တစ်နိုင်ငံလုံးကျရောက်နေချိန် မှာ ကရင်နီလူထုတစ်ရပ်လုံးအနေနဲ့ စည်းလုံညွတ်ဖို့နဲ့ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေးအခြေအနေအပေါ် မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ ကရင်နီလူထုတစ်ရပ်လုံး ညီညွှတ်တဲ့ဘုံသဘောတူညီချက်တွေရရှိဖို့ လိုအပ်နေ တယ်လို့ ဒီကနေ့ကျရောက်တဲ့ ၁၄၆ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားကို သဝဏ်လွှာပေးပို့ ပြောပါတယ်။

ဗမာဘုရင်ကိုယ်စားလှယ် ကင်းဝန်မင်းကြီးနဲ့ ဗြိတိသျှဘုရင်ခံချုပ် ဆာဒေါ့ကလပ်ဖော့ဆပ်တို့ သဘောတူညီ လက်မှတ်ရေးထိုးပြီး ၁၈၇၅ ဇွန်လ ၂၁ ရက်မှာ ကရင်နီပြည်နယ်ကို သီးခြားတဲ့လွတ်လပ်တဲ့ပြည်နယ်အဖြစ် သတ်မှတ်ပေးခဲ့တာကိုအစွဲပြုလို့ နှစ်စဉ် ဇွန်လ ၂၁ နေ့ကို ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြတာလို့ ကရင်နီအမျိုးသားခေါင်းဆောင်တွေက ပြောပါတယ်။

ကရင်နီအမျိုးသားနေ့ကို ဒီနှစ်မှာ နိုင်ငံရေးအခြေအနေအရ KNPP ဌာနချုပ်ဖြစ်တဲ့ ညာမို(ခေါ်) တာလဲဒူဆိုးမှာ အကျဉ်းချုပ်သာ ကျင်းပနိုင်ခဲ့ပါတယ်။

    "အပစ်ခတ်ရပ်စဲလို့ ခဏအချိန်ယူပေမယ့်လည်း ဒုက္ခသည်တော်တော်များများက ပြန်မလာရဲ"

အခမ်းအနားကို တက်ရောက်လာတဲ့ ကရင်နီတပ်မတော် ဒုစစ်ဦးချုပ် ဗိုလ်ချုပ်အောင်မြတ်က ကရင်နီ အမျိုးသားနေ့ဟာ ကရင်နီပါတီ၊ ကရင်နီစစ်တပ်တွေနဲ့ပဲ ဆိုင်တာမဟုတ်ဘဲ တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တယ် လို့ ပြောပါတယ်။

“ကရင်နီအမျိုးသားနေ့ဆိုတာ အားလုံးနဲ့ဆိုင်တဲ့ကိစ္စ ပါတီတစ်ခုရဲ့ကိစ္စပဲ မဟုတ်ဘူး၊ ကရင်နီပြည်နယ်မှာ ရှိတဲ့ နိုင်ငံလုံးအရေးလုပ်ကြမယ့် ပါတီအားလုံးနဲ့ဆိုင်တာဖြစ်တယ်၊ KNPP တစ်ပါတီနဲ့ပဲဆိုင်တယ်ဆိုတဲ့ အယူအဆရှိတယ်၊ ငါတို့ ဒီမိုကရက်တစ်နဲ့မဆိုင်ဘူး ဘာနဲ့မဆိုင်ဘူး ညာနဲ့မဆိုင်ဘူးသူတို့နဲ့ပဲ ဆိုင်တယ် ဆိုတဲ့ ကျဉ်းမြောင်းတဲ့အမြင်ရှိတော့ ကရင်နီအမျိုးသား ဘယ်လိုစည်းလုံးညီညွတ်ရမလဲကွာ”

ကယားပြည်နယ်မှာ မေလ ၂၀ ရက်နေ့နောက်ပိုင်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်စုပေါင်းထားတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို စတဲ့မြို့နယ်တွေက ဒေသခံတစ်သိန်းတစ်သောင်းကျော် နေရပ်စွန့်ခွာခဲ့ရသလို နေအိမ်တွေ၊ ဘုရား ကျောင်းတွေ ပျက်စီးခဲ့ရပါတယ်။

နေအိမ်တွေ၊ ဘုရားကျောင်းတွေ ပျက်စီးခဲ့မှုအတွက် များစွာစိတ်မကောင်းဖြစ်ရပြီး ဒုက္ခသည်တွေ နေရပ် ပြန်နိုင်ဖို့နဲ့ တစ်နိုင်ငံလုံး စစ်အာဏာရှင်အောက်ကနေ လွတ်မြောက်ပြီး အမြန်ဆုံးငြိမ်းချမ်းဖို့ ကရင်နီ အမျိုးသား နေ့ထူးနေ့မြတ်မှာ ဆုတောင်းပေးတယ်လို့ ဒီမော့ဆိုမြို့က ကက်သလစ်ဘုန်းတော်ကြီးကလည်း မိန့်ပါတယ်။

“ကယားပြည်နယ်တစ်ခုထဲတင် မဟုတ်ပါဘူး၊ မြန်မာပြည်အနှံ့မှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးတွေ ရစေချင် တယ်၊ ပြီးတော့မှ စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ပြန်ပြီးမှရောက်ချင်တယ်၊ ဒီစစ်အာဏာရှင် စနစ်ကနေလည်း ကျွန်တော်တို့ လွတ်မြောက်ချင်ပါတယ်၊ အများပြည်သူလိုလားတောင်းတနေတဲ့ ဒီမို ကရေစီဖယ်ဒရယ်စနစ်ကိုရချင်ပါတယ်၊ ကရင်နီအမျိုးသားနေ့မှာ ကရင်နီအမျိုးသားအတွက်ဘဲ မဟုတ်ဘဲ ဗမာပြည်တစ်ခုလုံး ငြိမ်းချမ်းပါစေလို့ ဆန္ဒပြုပါတယ် ဆုလည်းဆုတောင်းပါတယ်”

(တောထဲမှာနေရတဲ့ ကယားပြည်နယ်က စစ်ရှောင်ပြည်သူများ)

ကရင်နီပြည်နယ်မှာ မနှစ်က ကိုဗစ်ရောဂါကြောင့် အမျိုးသားနေ့ကို မကျင်းပနိုင်ခဲ့သလို ဒီနှစ်မှာလည်း ကိုဗစ်ရောဂါထက် စစ်ရေးအခြေအနေကြောင့် လူထုတွေဟာ ဒုက္ခသည်စခန်းတွေမှာဘဲ ခိုလှုံနေရတယ်လို့ ကရင်နီပြည်နယ် ဒုက္ခသည်ကူညီရေးကော်မတီဝင် မခိုင် က ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်က အကျဉ်းချုပ်လောက်ပဲလုပ်နိုင်ခဲ့တဲ့ အခြေအနေရှိတယ်၊ ဒီနှစ်တော့ပိုဆိုးတာပေါ့နော်၊ အထူးသဖြင့် ကျွန်မတို့ IDP (ဒုက္ခသည်)တွေက အရင်ကထက် စာရင် အများကြီးများလာတယ်၊ ဒီနေ့ ဒီအချိန်က ကျွန်မတို့ အပစ်ခတ်ရပ်စဲလို့ ခဏအချိန်ယူပေမယ့်လည်း IDP(ဒုက္ခသည်)တော်တော်များများ က ပြန်မလာရဲသေးတဲ့အနေအထားရှိတယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က တောထဲမှာ အခြားရွာထဲမှာ ရှိနေသေးတယ်ပေါ့နော်၊ ပြန်လာတဲ့သူ အနည်းအကျင်းလောက်ပဲ အထူးသဖြင့် ယောကျ်ားလေးတွေ လောက်ပဲ ပြန်လာနိုင်တဲ့အခြေအနေ ရှိတယ်ပေါ့နော် ကလေးနဲ့ အမျိုးသမီးတွေကတော့ တခြားရွာတွေ မှာပဲ ခိုလှုံနေတဲ့အနေအထားမျိုး ရှိသေးတယ်ရှင့်”

ကယားပြည်နယ်အတွင်းမှာ စစ်အာဏာသိမ်းမှုကိုတော်လှန်ခဲ့တဲ့ကာလတလျှောက် မတ်လကနေ မေလ ၃၁ ရက်နေ့အထိ ပြည်သူလူထုနဲ့ တော်လှန်ရေးတပ်သားတွေဘက်က ကျဆုံးသူ ၃၁ ဦးရှိခဲ့တယ်လို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကလည်း အကျအဆုံးများခဲ့ပေမယ့် အရေအတွက်ကိုတော့ တရားဝင်ထုတ်ပြန်တာမရှိပါဘူး။

ဒီအတွက် ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်တွေက စေ့စပ်ပေးမှုကြောင့် တိုက်ပွဲ တွေ ရပ်ထားမယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ် ထားပါတယ်။

ဒါပေမဲ့ ဇွန်လ ၁၆ ရက်နေ့ ညပိုင်းမှာ ဒီးမော့ဆို စံပြရပ်ကွက်အနီး ပစ်တ်ခတ်မှုတွေရှိခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့ ဒီကနေ့မှာဆိုရင်လည်း ဒီးမော့ဆိုအရှေ့ဘက်တလျှောက် စစ်ကြောင်းတွေထပ်ထိုးနေလို့ တိုက်ပွဲတွေ ဆက် ဖြစ်လာမယ့် အခြေအနေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့မှာ စစ်ရှောင်တွေကိုသွားကူညီတဲ့ ဘာသာရေးအသင်းအဖွဲ့က ကားတွေ ပြန်လှည့်ခဲ့ရတယ်လို့ ဒီးမော့ဆိုမြို့နယ်က ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးက မိန့်ပါတယ်။

လတ်တလောတိုက်ပွဲတွေ သိပ်မပြင်းထန်ချိန် ဒေသခံတွေဟာ မိမိတို့နေအိမ်တွေကို ပြန်လာနေကြပြီး သူတို့ ဟာ အပစ်ရပ်ကာလ နေအိမ်ကိုခေတ္တပြန်လာကြတာဖြစ်ပြီး ကလေးငယ်တွေနဲ့ အမျိုးသမီးတွေကတော့ ဒုက္ခသည်စခန်းမှာပဲ အခြေအနေကို စောင့်ကြည့်ရင်းနေထိုင်နေကြတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီ ပေးနေသူတွေက ပြောပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းက တချို့အိမ်တွေ၊ စာသင်ကျောင်းတွေမှာ အရပ်သားလို့ ယူဆရတဲ့ အလောင်းတွေ ဆယ်လောင်းထက်မနည်းတွေ့ခဲ့ရပြီး တချို့အလောင်းတွေကတော့ စစ်ကောင်စီ တပ်သားအလောင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေနဲ့ ခရစ်ယာန်ဘာသာရေးဆရာတွေက အဲဒီအလောင်းတွေကို မီးသင်္ဂြိုဟ် ပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/karenni-national-day-06212021050258.html

တော်လှန်ရေးကာလ ကရင်နီတစ်မျိုးသားလုံးစည်းလုံးကြဖို့ တိုက်တွန်း  တော်လှန်ရေးကာလ ကရင်နီတစ်မျိုးသားလုံးစည်းလုံးကြဖို့ တိုက်တွန်း Reviewed by THITHTOOLWIN on 20:00 Rating: 5

No comments:

Powered by Blogger.