ကွတ်ခိုင် လွယ်ကန်ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်ရ


သျှမ်းသံတော်ဆင့်၊ ဇွန် ၂၁

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်ကူစစ်ရှောင်ပြည်သူများသည် မိမိနေရပ် လွယ်ကန်ကျေးရွာသို့ ပြန်ကြသော်လည်း တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း စုံးစမ်းသိရသည်။

ကွတ်ခိုင်မြို့နယ် လွယ်ကန်ကျေးရွာ အတွင်း တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ကိုးကန့်တပ်မတော် (MNDAA)တို့ ပူးပေါင်းကာ စစ်ကောင်စီ တပ်ဖွဲ့ နှင့် ဇွန် ၁၅ရက် မှ ဇွန် (၁၈)ရက်ထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့ကြောင့် လွယ်ကန်ကျေးရွာဒေသခံ (၃၀၀)ကျော်သည် ပန်ကူစစ်ရှောင်စခန်းသို့ ထွက်ပြေးတိမ်းရှောင်လာကြပြီး၊ တိုက်ပွဲများငြိမ်သက်သွားသဖြင့် ဇွန် (၂၀)ရက် မနက်ပိုင်းတွင် လွယ်ကန်ကျေးရွာသို့ပြန်သွားကြကြောင်း သိရသည်။

လွယ်ကန်ကျေးရွာပြည်သူများ နေရပ်သို့ ပြန်သွားစဉ် ရွာအဝင်လမ်းတွင်  စစ်ကောင်စီ အလောင်းတချို့ကို မီးရှို့ထားခြင်း၊ တချို့ကို မြေဖို့ထားခြင်းတို့ တွေ့ရကြောင်း လွယ်ကန်ကျေးရွာ မှ မာအာန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုက ရွာထဲမှာ စစ်သားတွေမရှိတော့ဘူး၊ သူတို့က ထွက်သွားကြပြီဆိုလို့ ပြန်လာကြတာ၊ ဒီဖက်မှာ တိုက်ပွဲက မကြာခဏဖြစ်တယ်။ ရွာရောက်တော့ စစ်သားအလောင်းတွေ မီးရှို့ထားတာ မြေဖို့ထားတာတွေတွေ့ရတယ်။ အိမ်ခြေ (၄)အိမ်လည်း ကျည်ထိထားတယ်” ဟု လွယ်ကန်ကျေးရွာမှ မာအာန် က ပြောသည်။

ဒေသခံပြည်သူများ ကျေးရွာသို့ပြန်ရောက်ချိန်တွင် စစ်ကောင်စီ တပ်သားအလောင်းများကို တွေ့ရှိသဖြင့် ထိတ်လန့်မှုဖြစ်ကြောင်း၊ တချို့အလောင်းများကို မြေပါးပါးဖြင့်သာဖို့ထားသဖြင့် အနံ့အသက်များလည်း ထွက်နေကြောင်း ထိုအလောင်းများကို ရွာသားများကိုယ်တိုင် ရှင်းလင်းရကြောင်း မာအာန် က ပြောပြသည်။

“ အလောင်းကိုတွေ့တော့ လန့်တာပေါ့။ ဒီလို တခါမှ မတွေ့ဖူးတာ။ တိုက်ပွဲဖြစ်တာတွေ စစ်သားအလောင်းတွေ ရွာထဲမှာ ဒီလို မမြုပ်သင့်ဘူး။ မရှို့သင့်ဘူး” ဟု လွယ်ကန်ဒေသခံ တစ်ဦးက ဆိုသည်။

လွယ်ကန်ကျေးရွာ ဒေသခံများအနေဖြင့် စစ်ကောင်စီ တပ် ကျေးရွာအတွင်းသို့ ထပ်လာမည်ကို စိုးရိမ်ကြောက်နေကြကြောင်း။ စစ်ကောင်စီ တပ်သားများလာပါက တိုက်ပွဲပြန်ဖြစ်နိုင်ကြောင်းလည်း ဒေသခံက ထပ်ပြောသည်။

“ အခု ဗမာစစ်သားတွေ မရှိတော့ပေမယ့် ထပ်လာမှ တော့ ကြောက်နေရတယ်။ သူတို့ထပ်လာရင်တိုက်ပွဲထပ်ဖြစ်မှာ ” ဟု မာအာန် က ဆိုသည်။

ကွတ်ခိုင်မြို့နယ် အတွင်း TNLA၊ MNDAA၊ KIA နှင့် စစ်ကောင်စီတို့မကြာခဏ တိုက်ပွဲဖြစ်ပွားသည့်နေရာ ဖြစ်ကြောင်း သိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

ကွတ်ခိုင် လွယ်ကန်ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်ရ ကွတ်ခိုင် လွယ်ကန်ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်ရ Reviewed by THITHTOOLWIN on 19:57 Rating: 5

No comments:

Powered by Blogger.