RCSS က ဖမ်းဆီးခဲ့တဲ့ နမ္မတူမြို့နယ်ထဲက ရွာသားတွေ ပြန်လွှတ်ပေးဖို့တောင်းဆို



ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ဧပြီလဆန်းပိုင်းကနေစပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အချင်းချင်းတို့ရဲ့ တိုက်ပွဲအတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့က ဖမ်းဆီးသွားတယ်ဆိုတဲ့ မန်ဆာနဲ့ ရေအိုးရွာက ကျေးရွာသား ငါးဦးကို ပြန်လွှတ်ပေးဖို့ တအာင်း အရပ်ဖက် အဖွဲ့နဲ့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ချောင်းဆာကျေးရွာအုပ်စုနဲ့ပန်လုံကျေးရွာအုပ်စုအတွင်းမှာ ဧပြီ လဆန်းပိုင်းကစပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပူးပေါင်းတပ်တွေရဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး RCSS တပ်ဖွဲ့က မန်ဆာနဲ့ ရေအိုးရွာက ရွာသားတွေကို ဖမ်းဆီးသွားပါတယ်။

တိုက်ပွဲကာလအတွင်းမှာ မန်ဆာရွာက အသက် ၃၂ နှစ်အရွယ် ဦးချစ်မောင်လေးနဲ့ အသက် ငါးဆယ်ကျော် အရွယ် ဦးအိုက်ငင်းတို့ကို မတ်လ ၂၈ ရက်နေ့ ညနေပိုင်းမှာ RCSS တပ်ဖွဲ့က မေးစရာရှိလို့ဆိုပြီး ခေါ်သွားခဲ့ တာကနေ အဆက်အသွယ်မရသေးဘူးလို့ ဦးချစ်မောင်လေးရဲ့ မိသားစုဝင် နန်းမွေလျန်က ပြောပါတယ်။

ဦးချစ်မောင်လေးနဲ့ ဦးအိုက်ငင်းတို့ဟာ မိသားစုတွေကို ဦးဆောင်ရှာဖွေကျွေးမွေးနေကြတာမို့ ပြန်လွှတ်ပေးစေ ချင်တယ်လို့ မန်ဆာကျေးရွာက မိုင်းအိုက်လှက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျေးရွာသားငါးဦးကို ပြန်လွှတ်ပေးဖို့ တအာင်းအဖွဲ့အစည်းတွေက အခုလငါးရက်မှာ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုထားတာပါ။ မတ်လ ၂၈ ရက်နေ့မှာ မန်ဆာရွာက အသက် ၃၀ နှစ် အရွယ် ဦးချစ်မောင်လေး အသက် ငါးဆယ်အရွယ် ဦးအိုက်ညွှန့် တို့ကို RCSS ဘက် ဖမ်းဆီးသွားသလို မေလ ၄ ရက်နေ့မှာ ရေအိုးရွာက အသက် ငါးဆယ်အရွယ် ဦးကြာယုံ၊ အသက် ဆယ့်ကိုးနှစ်အရွယ် မိုင်းနေဦး၊ အသက် ၁၇ နှစ်အရွယ် မိုင်းနေစွာ တို့ သားအဖသုံးဦးကို RCSSက ဖမ်းဆီးသွားခဲ့တာမှာ မိသားစုတွေနဲ့လုံးဝအဆက် အသွယ်မရသေးဘူးလို့ ထုတ်ပြန်တောင်းဆိုချက်မှာ ပါရှိပါတယ်။

ပန်လုံ၊ မန်ကျန်း၊ မန်ဆာ၊ ရေအိုး အပါအဝင် အနီးနားကျေးရွာတွေက ဒေသခံနှစ်ထောင်ကျော်ဟာ လည်း အဲဒီတိုက်ပွဲတွေကြောင့် သီပေါနဲ့ နမ္မတူမြို့တွေကို ထွက်ပြေးနေရတာ တစ်လကျော်နေပြီ ဖြစ်ပါတယ်။

တအာင်းအမျိုးသားလွတ်မြာက်ရေးအဖွဲ့TNLA ကလည်း ၂၀၂၁ခုနှစ် တွင်းဖြစ်ပွားတဲ့ ကာလတိုတိုက်ပွဲ အတွင်းမှာ နမ္မတူ၊ သီပေါ၊ ကျောက်မဲမြို့နယ်အတွင်းက တအာင်းလူမျိုး ဆယ့်တစ်ဦး ဖမ်းဆီးခံရပြီး နမ္မတူမြို့နယ် ပန်လုံ၊ မန်ကျန်း၊ မန်ဆာ၊မန်လီစတဲ့ကျေးရွာတွေက နေအိမ် ၁၀၉ လုံးကို RCSS တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မေလ ၄ ရက် နေ့မှာ ထုတ်ပြန်ခဲ့ပြီး ဒီလုပ်ရက်အတွက် ကန့်ကွက်ရှုတ်ချကြောင်း၊ သတိပေးကြောင်း ထုတ်ပြန်ထားပါတယ်။

ကျေးရွာသားတွေ ဖမ်းဆီးခံရတာ နေအိမ်တွေမီးရှို့ခံရတာနဲ့ပတ်သက်လို့ RCSS ပြောခွင့်ရသူတွေကို ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

RCSSရဲ့ သတင်းပြန်ကြားရေးဌာနတစ်ခုဖြစ်တဲ့ တိုင်းဖရီးဒွန်းဖေစ့်ဘွခ်တ် စာမျက်နှာမှာတော့ နမ္မတူမြို့နယ် အတွင်းက ကျေးရွာသားတွေရဲ့နေအိမ်တွေ မီးရှို့ခံရတဲ့ အခြေအနေနဲ့ရွာသားတွေကို ဖမ်းဆီးတယ်ဆိုတဲ့ သတင်းအပေါ် RCSS ဘက်က ကျူးလွန်တာမဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

RCSS အနေနဲ့ TNLA တပ်ဖွဲ့ကြား ပဋိပက္ခတွေ ပြေလည်ဖို့ ရှမ်းပြည်သူလူထုအကျိူးစီးပွားနဲ့ ရှမ်းပြည် အေးချမ်းရေးအတွက် အခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ကနေ မေလ ၂၁ ရက်နေ့ အထိ TNLA တပ်ဖွဲ့နဲ့ တစ်ဖက်သတ် အပစ်ရပ်စဲထားမယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် SSPP/TNLA ပူးပေါင်းအဖွဲ့တွေက ဖေဖော်ဝါရီလကနေစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ ကျောက်မဲ၊ နမ္မတူ စတဲ့မြို့နယ်တွေမှာ RCSS တပ်စခန်းတွေကို တိုက်ခိုက်နေတယ်လို့ တုံ့ပြန်ထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် တအာင်းအရပ်ဖက်အဖွဲ့အစည်း ကိုယ်စားပြု တာဝန်ရှိသူ တစ်ဦးကတော့ RCSS အနေနဲ့ အရင်တုန်းကလည်း ကျေးရွာသားတွေကို ဖမ်းဆီးခဲ့တဲ့သာဓကတွေရှိလို့ RCSS ထိပ်ပိုင်း ခေါင်းဆောင်တွေက ရှင်းပြစေချင်တယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းကို RCSS တပ်ဖွဲ့တွေ ဝင်ရောက်လာပြီး ၂၀၁၅ နိုဝင်ဘာကနေ နမ့်ခမ်း၊ နမ္မတူ၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နမ့်ခမ်းမြို့နယ်တွေမှာ TNLA နဲ့ တိုက်ပွဲစတင်ဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ နမ္မတူ၊ သီပေါ၊ ကျောက်မဲမြို့နယ်တွေအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့တွေ RCSS တပ်တွေ တိုက်ပွဲတွေဖြစ်လာခဲ့တာပါ။ ၂၀၁၅ ကနေစပြီး အဲဒီမြို့နယ်တွေမှာ တိုက်ပွဲကြား ဖမ်းဆီး ခံရပြီး ပျောက်ဆုံးသွားခဲ့ရတဲ့သူ တစ်ရာကျော်ရှိတယ်လို့ ရှမ်းမြာက်ဒေသ တအာင်းအရပ်ဖက်အဖွဲ့တွေနဲ့ မြို့နယ်အလိုက် တအာင်းပါတီတွေက ကောက်ခံထားတဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

RFA Burmese



RCSS က ဖမ်းဆီးခဲ့တဲ့ နမ္မတူမြို့နယ်ထဲက ရွာသားတွေ ပြန်လွှတ်ပေးဖို့တောင်းဆို RCSS က ဖမ်းဆီးခဲ့တဲ့ နမ္မတူမြို့နယ်ထဲက ရွာသားတွေ ပြန်လွှတ်ပေးဖို့တောင်းဆို Reviewed by THITHTOOLWIN on 20:44 Rating: 5

No comments:

Powered by Blogger.