ကချင်ပြည်နယ် မိုးမောက်နဲ့ ဒေါ့ဖုန်းယန်မှာ စစ်ကောင်စီတပ်အင်အား ဖြည့်တင်း


စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ကချင်ပြည်နယ် မိုးမောက်နဲ့ ဒေ့ါဖုန်းယန်မြို့နယ်တွေအတွင်းမှာ စစ်ကောင်စီဘက်က တပ်အင်အားတွေ အလုံးအရင်းနဲ့ ဖြည့်တင်းလာတာကြောင့် မကြာမီ ရက်တွေအတွင်းမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ကြုံတွေ့ရနိုင်တယ်လို့ ဒေသခံတချို့နဲ့ KIA ဘက်က သုံးသပ်ကြပါတယ်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲနောက်ဆုံးအခြေအနေ ရန်ကုန်ကနေသတင်းပေးပို့ထားတာကို ကိုသားညွန့်ဦး က ပြောပြထားပါတယ်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ မြို့သစ်၊ ကုန်းလောရွာအနီးက စလောင်းကုန်းကို စစ်ကောင်စီတပ်တွေက ၁၄ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးတဲ့နောက် ပြီးခဲ့တဲ့သောကြာနေ့ကတော့ အပြီးသတ်သိမ်းယူလိုက်တာပါ။

ဒီလို သိမ်းယူပြီးနောက် စနေနဲ့ တနင်္ဂနွေ ၂ ရက်မှာ လေကြောင်းက တိုက်ခိုက်တာ မရှိသလို လက်နက်ကြီးနဲ့လည်း ကြိုးကြား ပစ်ခတ်တာလောက်ပဲ ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့မှာတော့ ဒေါ့ဖုန်းယန်မြို့နယ်ခွဲဘက်ကို တပ်မတော်ဘက်က စစ်အင်အားတွေ တိုးမြှင့် ပို့ဆောင်နေတာကြောင့် မကြာမီ တိုက်ပွဲကြီးတွေ ဖြစ်လာနိုင်တယ်လို့ မိုးမောက် ဒေသခံတစ်ယောက်က ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ည မဟုတ်ရင် မနက်ဖြန်ကတော့ အသံကြားရတော့မယ်။ ဒီနေ့ ညနေက ၃၀ ကျော်။ ကား ၃၀ ကျော် တက်ခဲ့သေးတယ်။ အခု တောဝင်ကုန်ပြီတဲ့။ ခုနက ဒေါ့ဖုန်းယန် ရောက်ခါနီး ကုန်းဆင်း၊ ကုန်းတက် အဲဒီ ကုန်းနားလေးမှာလည်း မိုင်းခွဲတယ်လို့ ပြောတယ်။ အဲဒီမှာ နည်းနည်း တိုက်ပွဲနည်းနည်းဖြစ်တယ်လို့ ပြောတယ်။ ဒီနေ့ကတော့ အကြီးရော၊ အသေးရောတော့ မပစ်တော့ဘူး။ ဒီနေ့နဲ့ဆို ၂ ရက်၊ ၃ ရက်လောက် ဒီလိုငြိမ်နေတာပဲ။ ဒီမနက်ကတော့ အလော့တောင်ခြေဘက်မှာ တပ်တွေက တက်တဲ့အခါကျတော့ ဟိုဘက်မှာလည်း မိုင်း တစ်လုံး၊ နှစ်လုံး ကွဲတယ်။ အဲဒီလောက်ပဲ ရှိတယ်။ လေယာဉ်တော့ မလာဘူး။”

မြန်မာစစ်တပ်ဘက်ကလည်း အလော့ဘွမ်ကို ထိုးစစ်ဆင်နေတာကြောင့် ဒီတစ်ပတ်အတွင်း တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“ဟို မြို့သစ်၊ ကုန်းလောကနေပြီးတော့ အလော့ဘွမ်ဘက်ကို မြေပြင်ကနေ ခြေလျင်ကနဲ့ စစ်ကြောင်း တစ်ကြောင်း တက်တယ်ဆိုတဲ့သတင်းလည်း ကျနော်တို့ ကြားပါတယ်။ နောက်ပြီးတော့ နွမ်းလန်းဘက်ကနေ ဒီအလော့ဘွမ်ဘက်မှာလည်း စစ်ကြောင်း တစ်ကြောင်း ထိုးတယ်ဆိုတဲ့ သတင်းလည်း ကြားပါတယ်။ သူတို့ စစ်အင်အားတွေ ထပ်တိုးထားတာတော့ ရှိပါတယ်။ နေ့တိုင်းလိုလို သူတို့က ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ၊ တပ်အင်အားတွေ အကုန်လုံး တိုးထားတာ ရှိပါတယ်။ ကျနော်တို့လည်းပဲ ဒီတစ်ပတ်အတောအတွင်းပေါ့နော် ဒီတိုက်ပွဲတွေက ပိုပြီးမှ ပြင်းထန်လာနိုင်တယ်ဆိုပြီးမှတော့ ခန့်မှန်းထားပါတယ်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ၈ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာတော့ စလောင်းကုန်းခေါ် မိုက်ခရိုဝေ့ဖ်ကုန်းကို ပြင်းထန်တဲ့ တိုက်ပွဲ ၂၄ ကြိမ်ဖြစ်ပွားပြီးနောက် မေလ ၇ ရက်နေ့မှာ တပ်မတော်က ပြန်လည်သိမ်းယူခဲ့ကြောင်း၊ ဒီဖြစ်စဉ်မှာ တပ်မတော်က အရာရှိ၊ စစ်သည် ထိခိုက်ကျဆုံးတာရှိသလို KIA ဦးဆောင်တဲ့ တပ်ပေါင်းစုအဖွဲ့ဘက် တပ်မဟာမှူးအဆင့်ရှိသူနှစ်ဦး အပါအဝင် အကျအဆုံးမှုများစွာ ရှိခဲ့ကြောင်း၊ လက်နက်မျိုးစုံ ၃၅ လက်အပါအဝင် ခဲယမ်း၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း ဓါတ်ပုံနဲ့ တကွ ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက် မမှန်ကန်ဘူးလို့ ကေအိုင်အေပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကငြင်းပါတယ်။

“သူတို့က ဒီ လက်နက်တွေ၊ ဗျူဟာမှူးတို့၊ တပ်မဟာမှူးတို့ ကျတယ်ဆိုပြီးမှ ပြောထားတယ်။ ရေးထားတယ်။ တွေ့ရတယ်။ အဲဒီမှာ ဗျူဟာမှူးတွေလည်း မရှိဘူး။ တပ်မဟာမှူးတွေလည်း မရှိဘူး။ လက်နက်တွေ အဲဒီလောက်ထိ သိုလှောင်ထားဖို့ နေရာလည်း မရှိဘူး။ ထားလည်း မထားဘူး။ အဲဒီလောက် အချိန်လည်း မရှိဘူး။ ဆိုတော့ အဲဒီသတင်းက မှန်ကန်မှုမရှိဘူးလို့ ပြောချင်ပါတယ်။”

KIA က သိမ်းယူထားတဲ့ အလော့ဘွမ်တပ်စခန်းဟာ မြစ်ကြီးနား-ဗန်းမော်လမ်းကို ထိန်းချုပ်ထားနိုင်တဲ့ အရေးပါတဲ့ ဗျူဟာမြောက်နေရာဖြစ်တာကြောင့် ဒီစခန်းကို စိုးမိုးနိုင်ရေးအတွက် တပ်မတော်ဘက်ကရော၊ KIA ဘက်ကပါ အပြင်းအထန် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

တပ်မတော်ဘက်က စလောင်းကုန်းခေါ် မိုက်ခရိုဝေ့ဖ်ကုန်းကို သိမ်းပိုက်ပြီး ထုတ်ပြန်တဲ့သတင်းမှာတော့ KIA အဖွဲ့ရဲ့ မြစ်ကြီးနား-ဗန်းမော် ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်နိုင်ရေး ကြိုးပမ်းတာကို တပ်မတော်က တားဆီးထိန်းချုပ်နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်တွေအနေနဲ့ ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း ဒီရက်ပိုင်းထဲ လက်နက်ကြီးတွေနဲ့ရော လေကြောင်းကပါ ထိုးစစ်ဆင်နေရာမှာ၊ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကတော့ တပ်မတော်ရဟတ်ယာဉ်တစင်း ပျက်ကျပြီး အရာရှိသုံးဦး သေဆုံးခဲ့ရတယ်လို့ မြန်မာစစ်ကောင်စီက ထုတ်ပြန်ပြောဆိုထားပါတယ်။


သားညွန့်ဦး/ VOA Burmese

https://burmese.voanews.com/a/kachin-myanmar-military/5884716.html

ကချင်ပြည်နယ် မိုးမောက်နဲ့ ဒေါ့ဖုန်းယန်မှာ စစ်ကောင်စီတပ်အင်အား ဖြည့်တင်း ကချင်ပြည်နယ် မိုးမောက်နဲ့ ဒေါ့ဖုန်းယန်မှာ စစ်ကောင်စီတပ်အင်အား ဖြည့်တင်း Reviewed by THITHTOOLWIN on 20:46 Rating: 5

No comments:

Powered by Blogger.