အလော့ဘွမ်တောင်တိုက်ဖို့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KIA တိုက်ပွဲဖြစ်



ကချင်ပြည်နယ်၊ ဗန်းမော် - လိုင်ဇာ ကားလမ်းအရှေ့ဘက်နားက အလော့ဘွမ်တောင် စခန်းဘက်ကို ချီတက် လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ မေလ ၁၀ ရက် ဒီနေ့ မနက်အစောပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်အကျဆုံးတွေရှိခဲ့ပါတယ်။

KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မနက်အစောပိုင်း စစ်ကောင်စီဘက်က တက်လာ လို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး အကျအဆုံးစာရင်းကိုတော့ မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

အလော့ဘွမ်စခန်းတောင်ဘက်ကို စစ်ကူအဖြစ် ချီတက်လာတဲ့ စစ်ကောင်စီဘက်က အင်အား ၂၀၀ လောက် ကို KIA က ငါးနေရာထက်မနည်း မိုင်းခွဲတိုက်ခိုက်လိုက်တာကြောင့် စစ်ကောင်စီဘက်က သေဆုံးတာတွေ အများအပြားရှိခဲ့ကြောင်း ဒေသခံတွေက ပြောတယ်လို့ ဒေသအခြေစိုက် Kchin News Group က ရေးသား ဖော်ပြထားပါတယ်။

မိုးမောက်မြို့နယ် စီဟပ်ရွာနားက KIA ရဲ့ တာဝါတိုင်စခန်းကို မေလ ၇ ရက်နေ့မှာ ဆုတ်ခွာပေးလိုက်ရ ပြီးနောက် ဌာနချုပ် လိုင်ဇာအနားက အလော့ဘွမ်ဘက်ကို အာဏာသိမ်းစစ်တပ်က ချီတက်လာတာဖြစ် ပါတယ်။

ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့က စစ်ကောင်စီဖက်ကနေ လေယာဉ်တွေနဲ့ လာတိုက်ခိုက်ခဲ့တာတွေရှိခဲ့ပြီး ဒီရက်ပိုင်း မှာတော့ လေကြောင်းကနေမတိုက်တာ နှစ်ရက်လာက်ရှိပြီဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ဆို ပါတယ်။

ကချင်ပြည်နယ်ထဲမှာ KIA နဲ့ စစ်ကောင်စီတို့အကြား ရက်ပေါင်း ၈၄ ရက်အတွင်း တိုက်ပွဲပေါင်း ၁၀၀ ကျော် ရှိခဲ့ပြီး တပ်မတော်ဘက်က လေကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေဟာ တစ်လနီးပါးရှိနေခဲ့ပြီဖြစ်ပါတယ်။

ကရင်ပြည်နယ်ထဲမှာလည်း ကရင်အမျိုးသားအစည်းရုံး KNU တပ်မဟာ ၅ ဖာပွန်ခရိုင်နယ်မြေထဲမှာ စစ်ကောင်စီ လက်အောက်က ကရင်နယ်ခြားစောင့်တပ် BGF တို့ မေလ ၉ ရက်မနေ့က တိုက်ပွဲဖြစ်ပွားပြီး BGF ဘက်က ၁၁ ယောက်ကျဆုံးတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။

KNU/KNLA တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် BGF တို့ တိုက်ပွဲဖြစ်တယ်ဆိုတဲ့သတင်းကိုကြားပေမယ့် ထိခိုက် သေဆုံးတဲ့ အခြေအနေကတော့ မြေပြင်ကနေ သတင်းပေးပို့တာ မရှိသေးလို့ အတည်ပြုဖို့ မရသေးဘူးလို့ KNLA တပ်မဟာ ၅ ပြောခွင့်ရသူ ဒုတိယယဗိုလ်မှူးကြီး စောကလယ်ဒိုက RFA ကို ပြောပါတယ်။

KNU တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင်နယ်မြေထဲကို မြိုင်ကြီးငူဘက်ကနေ BGF တပ်ဖွဲ့တွေ ရာနဲ့ချီပြီး မေလ ၉ ရက် မနေ့က ထပ်မံဝင်ရောက်လာတာတော့ မှန်ကန်ကြောင်းနဲ့ BGF အနေနဲ့ စစ်ကောင်စီခိုင်းတဲ့ အတိုင်း လှုပ်ရှားလာရင်တော့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒုတိယယဗိုလ်မှူးကြီး စောကလယ်ဒို က ဆိုပါတယ်။

BGF အနေနဲ့ အရင်တုန်းကလည်း တပ်မဟာ ၅ နယ်မြေထဲကို ဝင်ရောက်လေ့ရှိပေမယ့် လက်ရှိအချိန်ကတော့ စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး KNU ဘက်ကိုထိုးစစ်ဆင်လာရင် နှစ်ဘက်တိုက်ပွဲဖြစ်မှာဖြစ်တယ်လို့ ပြော ပါတယ်။

ဖာပွန်ခရိုင်နယ်မြေထဲမှာ စစ်ကောင်စီဘက်က လေယာဉ်တွေနေ့စဉ်နီးပါး လာရောက်ပျံဝဲနေပြီး လေကြောင်း ကနေလည်း ပစ်ခတ်ခဲ့တာတွေကြောင့် ဘွာဒဲကျေးရွာအုပ်စု၊ ခေါပို့ကျေးရွာအုပ်စု၊ မဲဝိုင်ကျေး ရွာအုပ်စုအပါ အဝင် ကျေးရွာအုပ်စု တော်တော်များများက ဒေသခံအရပ်သား သုံးသောင်းခွဲလောက် နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေးနေရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နေ့ကနေ ဒီနေ့အထိ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ KNU နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပေါင်း ၄၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး မြေပြင်သတင်းပေးပို့ချက်အရ စစ်ကောင်စီ ဘက်က ကျဆုံးသူ ၁၀၄ ယောက်နဲ့ ဒဏ်ရာရှိသူ ၂၁၆ ယောက်ရှိတယ်လို့ KNU ဘက်က ပြောပါတယ်။

KNU ဘက်ကတော့ ကျဆုံးသူ ကိုးယောက်နဲ့ ဒဏ်ရာရသူ ဆယ်ယောက်ရှိတယ်လို့ KNU က ထုတ်ပြန်ထား ပါတယ်။

အခုဖြစ်နေတဲ့ ကချင်နဲ့ကရင်ပြည်နယ်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက ခန့်ထားတဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဇီးပင်တွင်းရွာက စစ်ကောင်စီတပ်ကို ထောက်ခံသတင်းပေးသူနေသူ တစ်ယောက် မေလ ၉ ရက်နေ့ မနေ့ညက အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီကို သတင်းပေးနေတယ်ဆိုတာ ခိုင်လုံတဲ့သက်သေတွေရှိလို့ သတ်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနီမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်နေသူတစ်ယောက် က RFA ကို ပြောပါတယ်။

မေလ ၁၀ ရက်နေ့ ဒီကနေ့မနက်မှာတော့ ကနီမြို့နယ် အောင်မင်္ဂလာတောတိုက်ထဲက အိမ်ခြေ ၂၀ လောက် မှာနေထိုင်တဲ့ အမျိုးသား ၂၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ကနီမြို့နယ် မင်းမကျေးရွာမှာလည်း ဒီနေ့မနက်အစောပိုင်းမှာပဲ စစ်ကောင်စီရဲ့တပ်တွေ ရွာထဲဝင်လာပြီး ၉ တန်းကျောင်းသားအပါဝင် လူ ၁၄ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံရွာသားတစ်ယောက် က ပြောပါတယ်။

သူတို့ကိုယ်တိုင်လည်း ရွာတွေထဲမှာမနေရဲလို့ တောတောင်တွေထဲ ရှောင်ပုန်းနေရတာကြောင့် ဘယ်ကို ဖမ်းသွားတယ်တယ်ဆိုတာတော့ သေချာမသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး တူမီးသေနတ်အဖွဲ့တို့ နေ့စဉ်နီးပါး တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပေါင်း ၁၅၀၀၀ ကျော် တောတွေထဲမှာ ရှောင်ပြေး နေကြရပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ မှာ မေလ ၉ ရက် မနေ့ကစပြီး ကျေးရွာတွေကနေ မြို့ပေါ်တွေဆီ ဈေးသွားဝယ်သူအားလုံး ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ထောက်ခံစာ ပါ/မပါကို စစ်ကောင်စီရဲ့ စစ်သားတွေက မြို့အဝင်ဂိတ်မှာ စစ်ဆေးနေပြီး မပါတဲ့သူတွေကို သွားခွင့်မပြုဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အရင်က မှတ်ပုံတင်ပဲ စစ်ဆေးခဲ့ပြီး အခုနောက်ပိုင်း ဘယ်ကိုသွားမယ့်အကြောင်း အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံ စာကိုပါ စစ်ဆေးနေတာလို့ ကိုယ်တိုင်အစစ်ဆေးခံရတဲ့ အမည်မဖော်လိုသူ ဒေသခံတစ် ယောက်က RFA ကိုပြောပါတယ်။

မင်းတပ်မြို့နဲ့ ဟားခါးမြို့မှာ ချင်းကာကွယ်ရေးတပ် CDF နဲ့ စစ်ကောင်စီရဲ့ တပ်တွေ အပြန်အလှန် ပစ်ခတ် တာတွေ ဖြစ်လာပြီးနောက်ပိုင်း မတူပီမြို့မှာပါ အခုလို စစ်ဆေးမှုတွေနဲ့ တင်းကျပ်လာတာလို့ ဆိုပါတယ်။

မတူပီမြို့ကနေ ပလက်ဝ၊ မင်းတပ်နဲ့ ဟားခါးသွားရာတဲ့လမ်းတစ်လျှောက်မှာ စစ်ဆေးရေးဂိတ်တွေထားပြီး စစ်ဆေးနေတာဖြစ်တယ်လို့ မတူပီမြို့ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ် မတူပီမြို့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ကြောင့် ဖမ်းဝရမ်းထုတ်ခံထားရသူ ရှစ်ယောက်ရှိပြီးတော့ လက်ရှိအဖမ်းခံရတဲ့သူက ငါးယောက်ရှိနေပြီ ဖြစ်ပါတယ်။

ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာအုပ်စုက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ငွေ ဆိုသူကို မေ လ ၉ ရက် မနေ့ မနက်အစောပိုင်း အမည်မသိလူတစ်စုက နေအိမ်မှာပဲ သေနတ်နဲ့ လာရောက်ပစ်သတ်သွားပါတယ်။

ရေတာရှည်မြို့နယ်မှာနေထိုင်တဲ့ အမည်မဖော်လိုသူ ဒေသခံတစ်ယောက်ကတော့ အသတ်ခံရတဲ့ဖြစ်စဉ် မှန်ကန်တယ်လို့ RFA ကို အတည်ပြုထားပါတယ်။

ဦးခင်ငွေဟာ စစ်ကောင်စီက အသစ်ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပြီး သူ့ကို မော်တော်ဆိုင်ကယ်တွေနဲ့ လာရောက်ပစ်သတ်သွားတာဖြစ်ပါတယ်။

အလားတူပဲ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ၁ ထိပ် ရပ်ကွက်အုပ်ချုပ်ရေးမှူး လည်း မေလ ၉ ရက် မနေ့ညပိုင်းက ဓားထိုးခံရတာကြောင့် သေဆုံးသွားပါတယ်။

စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း တစ်နိုင်ငံလုံးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု တွေကို နည်းလမ်းမျိုးစုံနဲ့ပြုလုပ်ပြီး နေ့စဉ်ဆန္ဒပြနေကြသလို တစ်ဖက်မှာလည်း ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ရရာလက်နက်ဆွဲကိုင်ပြီး ပြောက်ကျားနည်းတွေနဲ့ ပြန်လည်ခုခံတိုက်ခိုက်နေပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ KIA နဲ့ KNU တပ်တွေကလည်း စစ်ကောင်စီတပ်တွေရဲ့ စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတာကြောင့် တိုက်ပွဲအခြေအနေတွေဟာ ပြင်းထန်လာနေပါတယ်။

RFA Burmese



အလော့ဘွမ်တောင်တိုက်ဖို့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KIA တိုက်ပွဲဖြစ် အလော့ဘွမ်တောင်တိုက်ဖို့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KIA တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 20:42 Rating: 5

No comments:

Powered by Blogger.