NLD ကို ဖျက်သိမ်းသင့်မသင့် စဉ်းစားမည် (နစက UEC ဥက္ကဋ္ဌ ဦးသိန်းစိုး)

စစ်ကောင်စီ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင် နဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များတွေ့ဆုံ

၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တဲ့အတွက် NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းမလား၊ မဲမသာမှု ကျုးလွန်ခဲ့တဲ့သူတွေကို အရေးယူမလား စဉ်းစား ဆောင်ရွက်သွားမယ့်အကြောင်း စစ်အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုပါတယ်။

“မကြာခင် မဲစာရင်းတွေ စစ်ဆေးပြီးစီးမှာဖြစ်တဲ့အတွက် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တာတွေကို ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ဥပဒေနဲ့မညီ ကြိုတင်ကြံစည်ပြီး ဆောင်ရွက်ခဲ့တဲ့ NLD ပါတီကို ကျနော်တို့ ဘယ်လို လုပ်မလဲ။ ပါတီကို ဖျက်ပစ်မလား။ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေသည် နိုင်ငံတော်အတွက် သစ္စာဖောက်တွေအနေနဲ့ အရေးယူမလား။ စဉ်းစား ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။”

ဒီနေ့ နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံတဲ့ အစည်းအဝေးမှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး ပြောသွားတာပါ။

နိုင်ငံတဝှမ်း NLD ပါတီရုံးတွေကို ဝင်ရောက်ရှာဖွေတာ၊ အဖွဲ့ဝင်တွေကို ဖမ်းဆီးအရေးယူတာတွေ ရှိပေမဲ့ ပါတီရုံးတွေကိုတော့ အခုအချိန်အထိ ပိတ်ပင်ခြင်း မရှိသေးပါဘူး။ ပါတီဝင် အတော်များများကတော့ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ရွေးကောက်ပွဲအတွင်း မဲ မသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာရယူရာမှာ အဓိက အကြောင်းပြချက်ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီအကြောင်းပြချက်ကို လက်မခံသလို NLD ပါတီဝင်တွေကလည်း ဒီစွပ်စွဲချက်ကို ငြင်းပယ်ထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခဲ့တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခု ဖြစ်တဲ့ ANFREL က ၂၀၂၀ ရွေးကောက်ပွဲဟာ မြန်မာ ပြည်သူတွေရဲ့ဆန္ဒကို ထင်ဟပ်တဲ့ ရွေးကောက်ပွဲဖြစ်တဲ့ အကြောင်းနဲ့ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်းတာဟာ ကျိုးကြောင်းခိုင်လုံမှု မရှိဘူးလို့ သူတို့ရဲ့လေ့လာတွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/state-election-commission-to-look-into-dissolving-suu-kyi-party/5899243.html

NLD ကို ဖျက်သိမ်းသင့်မသင့် စဉ်းစားမည် (နစက UEC ဥက္ကဋ္ဌ ဦးသိန်းစိုး) NLD ကို ဖျက်သိမ်းသင့်မသင့် စဉ်းစားမည် (နစက UEC ဥက္ကဋ္ဌ ဦးသိန်းစိုး) Reviewed by THITHTOOLWIN on 21:57 Rating: 5

No comments:

Powered by Blogger.