ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီနဲ့ လူထုကာကွယ်ရေးတပ် တိုက်ပွဲပြင်းထန်



ကရင်နီပြည်နယ် (ကယား) ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာအတွင်း စစ်ကောင်စီတပ်တွေ ဒီမနက်က ဝင်ရောက်လာပြီး လူထုကာကွယ်ရေးအဖွဲ့တွေနဲ့ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ လူထုကာကွယ်ရေးအဖွဲ့မှာ ပါဝင်သူတွေက ပြောပါတယ်။

ဒီပစ်ခတ်မှုအတွင်း ဒေသခံ တစ်ဦးသေဆုံးခဲ့သလို ဒေသခံ တစ်ထောင်ဝန်းကျင်လောက် နီးစပ်ရာကို ထွက်ပြေးနေရတယ်လို့လည်း ဒေသခံကပြောပါတယ်။

ဒီမနက်ပိုင်းအစောပိုင်းက ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာ ငွေတောင်ဆည် လမ်းဆုံကနေ စတင်ပြီး စစ်ကောင်စီတပ်တွေက သေနတ်တွေဖောက်ပြီး ဝင်လာတာလို့ ဒေါငံခါးကျေးရွာ လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။

နောက်ပိုင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်လာတယ် လို့ပြောပါတယ်။

"ဒုံခါ အဝင်ဝနားက လမ်းခွနားမှာပေါ့။ ငေါချောင်ဆည် ညာဘက်ချိုးလမ်းမှာပေါ့၊ သူတို့က အရင်လာပြီး သေနတ်ကို ထောင်ပစ်တာဗျ၊ တော်တော်များတယ် ဆယ့်ငါးချက်၊ အချက်နှစ်ဆယ်လောက် ရှိတယ်၊ ကျွန်တော့် အိမ်ပေါ် မှာလည်း တစ်လုံးကျ ဆယ်ကျည်ဆံက၊ သူတို့က လက်နက်ကြီးတွေနဲ့ ထုတယ်၊ ဆန္ဒလဲမပြဘူး သူတို့က ဒီအတိုင်းပဲ လာပစ်လာတယ်။ ဘာမှလည်း မလုပ်ဘူး၊ လူငယ်အဖွဲ့က တစ်ယောက် ဒဏ်ရာရတယ်၊ အသက်ဆယ့်ကိုးနှစ်လောက်ရှိမလား မသိဘူး။"

လူထု လုံခြုံရေးတပ်ဘက်က တူမီး၊ လေးခွ စတဲ့ လက်နက်တွေနဲ့ ပြန်လည်ခုခံရင်း စစ်ကောင်စီဘက်က ပစ်တဲ့ကျည်ကြောင့် အသက် ဆယ့်ကိုးနှစ်အရွယ် အမျိုးသား တစ်ဦး ဒဏ်ရာရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း ဒဏ်ရာရသူရှိတယ်လို့ သိရပြီး အသေးစိတ် ကိုတော့ မသိရသေးဘူးလို့ လူထုကာကွယ်ရေးအဖွဲ့မှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

ဒေါငံခါးကျေးရွာဟာ ရပ်ကွက် ခုနစ်ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဒီမနက် ပစ်ခတ်မှုကြောင့် ကျေးရွာသား တစ်ထောင် ဝန်းကျင်လောက်ဟာ နီးစပ်တဲ့ တောတောင်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို တိမ်းရှောင် နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ရွာဟောင်းကနေ ပြေးကြတယ်ဗျ၊ စစ်တပ်နဲ့ဝေးရာ ပြေးကြတယ်ဗျ၊ သက်ကြီးရွယ်အိုလည်း ပါတယ်လေ ထွက်ပြေးရတော့၊ စားနပ်ရိက္ခာရယ်၊ ဆေးဝါးရယ်တော့ လိုအပ်တယ်၊ ခုနကတော့ ဗုံးသံတွေ အဆက် မပြတ် ကြားရတယ် အခုမှတိတ်သွားတာ၊ သူတို့အဲ့မှာ တပ်စွဲနေတုန်းပဲ။ တပ်စွဲနေတုန်းဆိုတော့ အချိန် မရွေး ပြန်လာပစ်နိုင်တယ်။"

လူထုလုံခြုံရေးအဖွဲ့တွေဟာ လူအစုလိုက် အဖွဲ့ခွဲပြီး ကျေးရွာထဲဝင်လာတဲ့ စစ်ကောင်စီတပ်တွေကို ရင်ဆိုင်နေကြရပြီး စစ်ကောင်စီတပ်တွေက အရပ်ဝတ်တွေနဲ့ ကျေးရွာအတွင်း လှည့်ပတ်ပစ်ခတ်နေတယ်လို့ စစ်ကောင်စီကို ခုခံရာမှာ ပါဝင်တဲ့ အမည်မဖော်လိုတဲ့ လူထုလုံခြုံရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီလိုပြောဆိုနေချိန်မှာပဲ ပစ်ခတ်သံတွေကိုပါ ကြားနေရပါတယ်။

"သူတို့တက်လာရင်တော့ ကျွန်တော်တို့ ပစ်ဆုတ် ပစ်ဆုတ်ပဲ လုပ်နေရတာပေါ့။ လောလောဆယ်တော့၊ အင်အားတော့ တော်တော်များတယ်၊ ဒီမနက်က သုံးကားလောက်ပဲ အခုနက ရှစ်ကားလား၊ ဆယ့်နှစ်ကား လား မသိဘူး ထပ်လာသေးတယ်။ အခုပစ်နေပြီးခင်ဗျ။"

ဒီနေ့ နေ့လယ် ဆယ့်နှစ်နာရီမှာတော့ ဒေါငံခါးလမ်းဆုံမှာ ဆိုင်ကယ်စီးလာသူ အရပ်သား နှစ်ဦးကို စစ်ကောင်စီက ပစ်ခတ်လို့ တစ်ဦး သေဆုံးပြီး နောက်ထပ် ကားဆရာတစ်ဦးလည်း ပစ်ခတ်ခံရလို့ ဒဏ်ရာရတယ်လို့ သတင်းတွေ ထွက်နေပေမယ့် လုံခြုံရေးအခြေအနေအရ အတည်ပြုလို့မရသေးဘူးလို့ ဒေသခံက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်ထဲမှာ အခုလို ပစ်ခတ်မှုတွေ ကြီးကြီးမားမားဖြစ်တာ ပထမဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေထဲက စစ်ကောင်စီတပ်တွေ ဝင်ရောက်လာခဲ့ပြီး မေလ ၁၉ ရက် နေ့က မာနယ်ပလောရပ်ကွက်က လူငယ် ရှစ်ဦးနဲ့ မေလ ၂၀ ရက်နေ့က ဒီးမော့ဆိုမြို့နယ် ၆ မိုင် စံပြကျေးရွာက လူငယ် ငါးဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံက ပြောပါတယ်။

ကရင်နီပြည်နယ် (ကယား) အခြေစိုက် ကရင်နီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KNPP ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကလည်း ဒီမနက် ဒီးမော့ဆိုမြို့နယ်ထဲ လူထုလုံခြုံရေးတပ်နဲ့ စစ်ကောင်စီတွေ ပစ်နေကြတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း သူတို့တပ်ဖွဲ့ သင်တန်းကျောင်းရှိတဲ့ ဘောလခဲနဲ့ ဖာဆောင်းမြို့နယ်ကြား စစ်သင်တန်းကျောင်းအနီးကို စစ်ကောင်စီတပ်တွေ ဝင်လာလို့ တိုက်ပွဲ ဖြစ်ခဲ့တာရှိကြောင်း ပြောပါတယ်။

"စစ်ကြောင်းနဲ့ဝင်တယ်။ ကျွန်တော်တို့သင်တန်းကွင်းထဲကို၊ အမှန်ဆို အပြင်ထွက်မယ်ဆို ကျွန်တော်တို့ကို အသိပေးဖို့ပေါ့။ တာဝန်ရှိတဲ့ ဆက်ဆံရေးရုံးတွေကနေတဆင့် အသိပေးရမယ်။ ကျွန်တော်တို့ ဆုံးဖြတ်ထား တာ ရှိတယ်၊ သုံးရက်လောက် သူတို့သွားနေပြီ ၊ ကျွန်တော်တို့တားနေတဲ့ကြားထဲမှာ သူတို့သွားနေတော့ ကျွန်တော်တို့ဘက်ကနေ စပစ်တယ်ဗျ၊ ဖြစ်တာကတော့ ထူးချောင်းနဲ့ ကျွန်တော်တို့ လေ့ကျင့်ရေးကွင်း ကြားထဲက သဲတောင်မှာ ဖြစ်တာ ခင်ဗျ၊ မနေ့က မနက် ငါးနာရီမှာ တစ်ခါဖြစ်တယ်။ ရှစ်နာရီမှာ တစ်ခါ ဆက်ဖြစ်သေးတယ်၊ ရှစ်ခွဲလောက်မှ ရပ်သွားတာပေါ့လေ။"

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတာတွေရှိသလို သူတို့သင်တန်းကျောင်းကွင်း ရှိတဲ့နေရာကို နေ့ညမပြတ် ဒရုန်းတွေနဲ့ လာရောက်ထောက်လှမ်းနေတာ ရှိတယ်လို့လည်း အမည်မဖော်လိုတဲ့ ကရင်နီ ပြည်နယ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KNPP ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

ကရင်နီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဟာ ၂၀၁၂ မှာ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ် စာချုပ်ကို လက်မှတ်ရေးထိုးထားပြီး အစိုးရနဲ့ NCA စာချုပ်မှာ လက်မှတ်ထိုးထားတာ မရှိသေးပါဘူး။ စစ်အာဏာသိမ်းတဲ့ လက်ရှိကာလမှာ KNPP အနေနဲ့ ပြည်သူနဲ့ တစ်သားတည်း ရပ်တည်မှာဖြစ်ပြီး လက်ရှိအခြေအနေအရ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ပြင်းထန်နိုင်တယ်လို့ သူက ပြောပါတယ်။

ဒီနေ့မနက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီးမော့ဆိုမြို့နယ်မှာတော့ ညနေပိုင်းအထိ လူထုလုံခြုံရေးတပ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး နှစ်ဘက် အထိအခိုက်၊ အကျအဆုံးကိုတော့ မသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။

RFA Burmese



ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီနဲ့ လူထုကာကွယ်ရေးတပ် တိုက်ပွဲပြင်းထန် ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီနဲ့ လူထုကာကွယ်ရေးတပ် တိုက်ပွဲပြင်းထန် Reviewed by THITHTOOLWIN on 21:56 Rating: 5

No comments:

Powered by Blogger.