KNU နယ်မြေထဲ တစ်ရက်တည်းလေးကြိမ် စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ထုတ်ပြန်

KNU နယ်မြေထဲ တစ်ရက်တည်းလေးကြိမ် စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ထုတ်ပြန် ကရင်ပြည်နယ်၊ KNU ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ထွက်ပြေးနေရသူတွေကို ၂၀၂၁၊ မတ် ၂၇ ရက်နေ့က တွေ့ရစဉ် / Photo: FREE BURMA RANGERS via REUTERS

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီက ဧပြီလ ၃၀ ရက်နေ့ မနေ့က တစ်ရက်တည်းမှာတင် လေယာဉ်နဲ့ ဗုံးလေးကြိမ် ကြဲချခဲ့တယ်လို့ KNU က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

KNU တပ်မဟာ ၅ ထိန်းချုပ် နယ်မြေတွေဖြစ်တဲ့ ထော့မူပလယ်မဲ၊ ဒါးကွေ မယ်ခါးထာ၊ ဝေဘုထာစတဲ့ ဒေသတွေကို ဗုံးကြဲချခဲ့တာလို့ ဆိုပါတယ်။ ဒါးကွေဒေသကို လေယာဉ် နှစ်စင်းနဲ့ ဗုံး ခုနစ်လုံးတိတိ ကြဲချခဲ့သလို ဝေဘုထာဒေသမှာလည်း လေယာဉ် နှစ်စင်းနဲ့ ဗုံး နှစ်လုံး ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထော့မူပလယ်မဲဒေသမှာ အခြေချထားတဲ့ စစ်ကောင်စီရဲ့ တပ်စခန်း ခမရ - ၂၀ တပ်ဟာ ပြည်သူတွေ ရဲ့ လုပ်ငန်းခွင်တွေရှိတဲ့နေရာကို လက်နက်ကြီး ၁၇ လုံးနဲ့ ပစ်ခဲ့တယ်လို့လည်းဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဒေသခံတွေကို ဖမ်းဆီးတာတွေလည်း ရှိနေတဲ့အပြင် ဒေသခံတွေဆီကနေ ပစ္စည်းတွေ လုယက်မှုတွေရှိနေတယ်လို့လည်း KNU ကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က စပြီး KNU က စစ်ကောင်စီတပ်စခန်းတစ်ခုကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က KNU ထိန်းချုပ်နယ်မြေတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ၊ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေ ရှိနေတာလို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လတ်တလော ဧပြီ ၂၄ ရက်နေ့ တိုက်ပွဲကြောင့် စစ်ကောင်စီတပ်သား ငါးဦး ကျဆုံးခဲ့ပြီး ဧပြီ ၂၇ ရက်နေ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၄ ဦး ကျဆုံးခဲ့တယ်လို့ KNU ကပြောပါတယ်။ KNU ဘက်က အကျအဆုံး ရှိ၊ မရှိကိုတော့ ထုတ်ပြန်တာမရှိပါဘူး။

KNU ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

နိုင်ငံတစ်ဝန်းလုံးမှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို မေလ ၁ ရက်ကနေ ၃၁ ရက်အထိ တိုးမြှင့်ရပ်ဆိုင်း ထားမယ်လို့ စစ်ကောင်စီရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အင်တာနက်စာမျက်နှာမှာ ဧပြီ ၃၀ ရက် ဒီနေ့ရက်စွဲနဲ့ ဖော်ပြထားပါတယ်။

KNU ထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒေသခံ သုံးသောင်းကျော် တောတောင်တွေမှာ ထွက်ပြေးပုန်းရှောင်နေရတယ်လို့ ကရင်အမျိုးသမီး အဖွဲ့အစည်း (KWO) က RFA ကိုပြောထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/knu-area-attack-05012021051724.html

KNU နယ်မြေထဲ တစ်ရက်တည်းလေးကြိမ် စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ထုတ်ပြန် KNU နယ်မြေထဲ တစ်ရက်တည်းလေးကြိမ် စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ထုတ်ပြန် Reviewed by THITHTOOLWIN on 18:12 Rating: 5

No comments:

Powered by Blogger.