တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံတွင်း အကူအညီပေးရေး အစီအစဉ်တွေထိခိုက်

မှတ်တမ်းဓါတ်ပုံ - ၂၀၁၈ မေလ ၁၁ ရက်နေ့က ဘုရားကျောင်းဝန်းအတွင်း ခိုလုံနေကြတဲ့ ကချင်စစ်ဘေး ဒုက္ခသည်များ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာ သိမ်းခဲ့တဲ့နောက် ဒေသအတော်များများမှာ လုံခြုံမှု မရှိတဲ့အပြင် လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု အထောက်အကူပေးရေး လုပ်ငန်းတွေကို ထိခိုက်စေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်း တွေမှာ တိုက်ပွဲတွေ ဖြစ်ပွါးနေတာကြောင့် ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေအဟန့်အတား ဖြစ်စေကြောင်း ပြောပါတယ်။ လမ်းတွေ ပိတ်နေတဲ့ အပြင် လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားပြီး တနေရာကနေ တနေရာ သွားလာမှု ကန့်သတ်ထားတာ တွေကြောင့် ကုလသမဂ္ဂရဲ့ လုပ်ငန်း လုပ်ဆောင်မှုပို မိုခက်ခဲလာစေတယ်လို့လည်း ကုလသမဂ္ဂရုံးက ပြောပါတယ်။

အခုလို အခက်အခဲတွေ ကြုံနေရချိန်မှာပဲ ပြည်တွင်းအိုးအိမ်ရွှေ့ပြောင်း နေရသူ သုံးသိန်းကျော်ရှိနေတဲ့ မြန်မာနိုင်ငံမှာ မနှစ်က ဒီဇင်ဘာလကစပြီး နောက်ထပ် ဒုက္ခသည် ၅ သောင်းကျော် ထပ်တိုးလာတာကြောင့် အခြေနေတွေ ပိုဆိုးလာနေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရတပ်တွေကြား တိုက်ပွဲတွေ ပိုတိုးလာနေ တဲ့အတွက် ကရင်ပြည်နယ်ထဲမှာ နောက်ထပ် အိုးအိမ်ရွှေ့ပြောင်းရသူ ၄ သောင်းကျော်၊ ကချင်ပြည်နယ်မှာ မတ်လအစောပိုင်းကစတဲ့ တိုက်ပွဲတွေနောက်ပိုင်း စစ်ရှောင် ၅၀၀၀ လောက်နဲ့ ရှမ်းပြည် မြောက်ပိုင်းမှာတော့ ဒီနှစ်ဆန်းကစပြီး စစ်ရှောင် ၁၁,၀၀၀ လောက်ရှိနေတယ်လို့လည်း OCHA က ပြောပါတယ်။

၂၀၂၁ ခုနှစ် အတွင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံတွင်းလုပ်ငန်းတွေ အတွက် ထောက်ပံ့ငွေ သန်း ၂၇၀ ကျော် တောင်းခံထားပေမယ့် အခုချိန်အထိ ၃၅ သန်းနီးပါးပဲ ရတာကြောင့် ရန်ပုံငွေ လိုအပ်နေကြောင်းလည်း ပြောပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-civil-war-makes-the-humanitarian-assistant-delay-/5873851.html

တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံတွင်း အကူအညီပေးရေး အစီအစဉ်တွေထိခိုက် တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံတွင်း အကူအညီပေးရေး အစီအစဉ်တွေထိခိုက် Reviewed by THITHTOOLWIN on 18:14 Rating: 5

No comments:

Powered by Blogger.