စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ ဖမ်းဆီးခံနေရ

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ ဖမ်းဆီးခံနေရ ရန်ကုန်မြို့၊ လှိုင်မြို့နယ်က စစ်အာဏာဆန့်ကျင်တဲ့လူငယ်တွေ ၂၀၂၁၊ မေ ၁ ရက်နေ့က လှည့်လည်ဆန္ဒပြခဲ့ကြစဉ် / Photo: RFA

မေလ ၁ ရက်နေ့ ဒီကနေ့ ကျရောက်တဲ့ အလုပ်သမားနေ့မှာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူ ထားတာ သုံးလ တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။ သုံးလအတွင်း စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် လူပေါင်း ၇၅၀ ကျော် သေဆုံးခဲ့ရပြီး၊ ထောင်နဲ့ချီတဲ့သူတွေ ဖမ်းဆီးခံထားရပါတယ်။ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် ဧပြီလကုန်ပိုင်းမှာ ဆန္ဒပြမှုတွေ လျှော့နည်းခဲ့ပေမယ့် မေလ ၁ ရက်နေ့ ဒီကနေ့ ကစပြီး ရန်ကုန် အပါအဝင် မြို့ကြီးတော်တော်များများ စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး ဒုတိယလှိုင်း လို့ ခေါင်းစဉ်တပ်ပြီး လူငယ်တွေ အများအပြား လမ်းမပေါ်ပြန်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာ ဒီနေ့ မေလ ၁ ရက်နေ့ မနက်က နွေဦးတော်လှန်ရေး ဒုတိယလှိုင်း စတင်ခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ သပိတ်စစ်ကြောင်းတွေ ပူးပေါင်းပြီး စစ်အာဏာရှင် ဖြုတ်ချရေး ဆန္ဒပြနေချိန်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး လိုက်လံဖမ်းဆီးခဲ့တာကြောင့် ဆန္ဒပြပြည်သူ ခုနစ်ဦးခန့် ဖမ်းဆီးခဲ့ရတယ်လို့ အင်းစိန် ဒေသခံက ပြောပါတယ်။

သူတို့ကို ရွှေပြည်သာ စစ်ကြောရေးစခန်းကို ချက်ချင်းပို့ဆောင်လိုက်တယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက RFA ကိုပြောပါတယ်။

“သူတို့ကို မနက် ၉ နာရီခွဲလောက်က တပ်ကဖမ်းသွားတယ်။ ရဲကဖမ်းတာတော့ မဟုတ်ဘူး။ သပိတ်ပြီးလို့ ပြန်တဲ့အချိန်မှာ အဖမ်းခံရတာ။ အဲဒီနောက် ရွှေပြည်သာစစ်ကြောရေးကို တန်းပြီးတော့ ပို့တယ်။ အဲဒီမှာ ကလေးတွေကို စစ်ဆေးပြီးတော့ ဘာဆက်လုပ်မယ်ဆိုတာကို အကြောင်းပြန်မယ်လို့ ပြောထားတယ်။”

မနေ့ညက မြောက်ဒဂုံမြို့နယ် ၄၁ ရပ်ကွက်အတွင်းမှာ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေ၊ ဆန္ဒပြရာမှာ ပါဝင်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေ ဖမ်းဆီးတာတွေလုပ်ခဲ့ပြီး အရေအတွက် ဘယ်လောက် ဖမ်းဆီးသွားတယ်ဆိုတာကိုတော့ RFA က အတည်ပြုနိုင်ခြင်း မရှိပါဘူး။

ရန်ကုန်မှာ အခုရက်ပိုင်း ပေါက်ကွဲမှုတွေ ဆက်တိုက်ရှိနေပါတယ်။ ဒီကနေ့ နံနက်ပိုင်းကလည်း အင်းစိန် အထက (၃) ကျောင်းထဲမှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်ခုကို ဒီကနေ့ ကြားခဲ့ရတယ်လို့ အနီးအနားမှာ ရှိတဲ့ ဒေသခံတွေက ပြောပါတယ်။ အဲဒီကျောင်းမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတာ တစ်လနီးပါးရှိနေပြီ လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

“ဒီဘက် ပေါက်တောဝဘက်တွေမှာဆိုရင် ပေါက်ကွဲသံတွေက အမြဲလိုလို ကြားနေရတယ်ပေါ့နော်။ မနက်ကဆိုရင် အထက (၃) မှာ ပေါက်ကွဲမှုဖြစ်သွားတာပေါ့နော်။ အောင်ဆန်းဘက်မှာဆိုရင် မီးလောင် တာတော့ ရှိတယ်။ ရပ်ကွက်ရုံး မီးလောင်တာပေါ့နော်။ ဒီလ အစောပိုင်းလောက်ကပေါ့နော်။ သူတို့အဲဒီမှာ တပ်စွဲထားတာကလည်း သုံးပတ်နဲ့ တစ်လ နီးပါးလောက်ရှိပြီ။ တပ်စွဲထားတာတော့ တော်တော်ကြာပြီ။ သူတို့ ကျောင်းထဲမှာ ကင်းပုန်းတွေဘာတွေတောင် ချထားတယ်။ စစ်ကား သုံးစီးလောက်ကလည်း အဲထဲမှာ အမြဲလိုလိုရှိတယ်။”

ပေါက်ကွဲမှုဟာ ဘာကြောင့်ဖြစ်တယ်ဆိုတာနဲ့ ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

အလားတူ ရွှေပြည်သာမြို့ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာလည်း ဒီနေ့ နေ့လယ် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်လောက်က ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် လူနဲ့ တခြား ထိခိုက်ခဲ့မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီး သိပ်မကြာခင်မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာခဲ့ပြီး အနီးအနားဖြတ်သွားတဲ့ ဆိုင်ကယ်တွေကို စစ်ဆေးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရန်ကုန် နည်းတူ မန္တလေးမြို့မှာလည်း ပေါက်ကွဲမှုတွေ ဆက်ရှိနေပါတယ်။ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက်က တရားရုံးဝန်ထမ်း လိုင်းခန်းမှာ မနေ့ညနေပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ ပါတယ်။ အလားတူ ဧပြီလ ၂၉ ရက်နေ့ကလည်း မန္တလေး ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာ ရပ်ကွက်က UAB ဘဏ်ရှေ့နဲ့ မဟာအောင်မြေမြို့နယ် မဟာနွယ်ရပ်ကွက်က စည်ပင်ဝန်ထမ်းအိမ်ရာတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ဒီပေါက်ကွဲမှုတွေအတွက် စစ်ကောင်စီက စုံစမ်းဖော်ထုတ်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒေသလုပ် တူမီး သေနတ်တွေနဲ့ စစ်ကောင်စီကို ပြန်ခုခံနေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာတော့ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ သူနာပြုနဲ့ သားဖွားသင်တန်းနည်းပြဆရာမကြီး ဒေါ်ယဉ်ယဉ်မွန်ကို စစ်တပ်နဲ့ ရဲတွေက ဒီနေ့မနက်က ဖမ်းဆီးပြီး တပ်မတော်ကို အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ- ၅၀၅(က)နဲ့ အမှုဖွင့်လိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်တပ်နဲ့ရဲတွေက ကနဦး ဒေါ်ယဉ်ယဉ်မွန်နဲ့ သူ့ရဲ့ညီမကိုပါ ဖမ်းဆီးသွားတာဖြစ်ပေမယ့် ညီမဖြစ်သူကိုတော့ နေ့လယ်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

“သူတို့က မနက် ၆ နာရီလောက်မှာ ဆရာမရှိတဲ့ အိမ်ကို ဝင်ပြီးတော့မှ ဖမ်းတယ်။ ဆရာမကြီးကို ခေါ်သွားတယ်။ ဆရာမကြီးကို စခန်းမှာထားပြီးမှ နောက်တစ်ခေါက် အဲအိမ်ကို ပြန်ဝင်လာတယ်။ ပြန်လာပြီး အဲဆရာမကြီးနေခဲ့တဲ့အခန်းကို ရှာချင်တယ်ဆိုပြီးတော့မှ ဝင်ပြီးတော့ ရှာတယ်။ ဝင်ရှာတော့ အဲဆရာမကြီးရဲ့ ညီမကို တွေ့တယ်။ ဆရာမ ညီမရဲ့ဖုန်းကိုယူပြီး စစ်လိုက်တော့ အဲဒီဆရာမကလည်း CDM လုပ်တယ်ဆိုပြီးနောက် သူ့ကိုပါ ခေါ်သွားတာဗျ။ ဆရာမကြီးကတော့ ၅၀၅(က) နဲ့ အစွဲခံရပြီးတော့ အချုပ်ထဲ ရောက်နေပြီဗျ။ ဆရာမရဲ့ညီမကိုတော့ ပြန်လွှတ်လိုက်တယ်”

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာဆိုရင် စစ်အာဏာဆန့်ကျင်ရေးမှာ ပါဝင်ရင်း ဖမ်းဆီးခံရသူ ဒီနေ့အထိ သုံးဆယ်ဦးခန့်ရှိပြီလို့ ကလေးမြို့ သပိတ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ဒီလို ဖမ်းဆီးခံရသူတွေရှိနေပေမယ့် တခြားမြို့တွေနည်းတူ ကလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြတာ တွေ ရပ်မသွားဘဲ နေ့စဉ် ရှိနေပါတယ်။

ဒီကနေ့ ကလေးမြို့မှာ စစ်တပ်နဲ့ ရဲတွေကလည်း ဆန္ဒပြတာတွေ လုပ်လို့မရအောင် ဖမ်းဆီးတာတွေ ရှိနေပေမယ့် ဒေသခံတွေ သပိတ်စစ်ကြောင်း သုံးကြောင်းခွဲ ဆန္ဒပြခဲ့ပါတယ်။

ကလေးမြို့ မြစ်သာမြစ်အရှေ့ဘက်ကမ်းမှာလည်း တောင်သူတွေနေတဲ့ တဲတွေကို စစ်တပ်နဲ့ ရဲတွေက ဧပြီလ ၂၉ ရက်နေ့က အင်အားအများအပြားနဲ့ မွှေနှောက်ရှာဖွေခဲ့သလို တောင်သူတွေရဲ့ လယ်ယာသုံး ပစ္စည်းတွေ ကိုပါ ဖျက်ဆီးခံခဲ့ရတယ်လို့ တောင်သူတွေက RFA ကို ဒီနေ့ပြောပါတယ်။

မြစ်ကမ်းမှာရှိတဲ့ တဲအိမ်ပေါင်း ၁၀ ကျော်လောက်ကို မွှေနှောက်ရှာဖွေခံရတာလို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တဲတိုင်းလိုလိုပေါ့ဗျာ။ မြစ်နားနီးတဲ့ တစ်လျှောက်ပေါ့နော် အဲလိုတွေ ရှာသွားတာ။ စက်တွေကိုလည်း ဖျက်ဆီးသွားတယ်၊ လှည်းတွေကိုရောပဲ။ တဲမှာရှိတဲ့ ပိုက်ဆံအချို့ကိုလည်း ယူသွားကြတယ်။ ကြက်တွေ ကိုလည်း ယူသွားတယ်။ စစ်သားတွေလာတယ်ဆိုရင် တော်တော်များများက ကြောက်ကြတာဆိုတော့ ရှောင်ကြတာပေါ့ဗျာ။ ရှောင်ကြသူတွေလည်း ပြန်မသွားရဲကြတော့ဘူး။ တောမှာနေတဲ့ သူတွေပါ အိမ်ကို ပြန်ပြောင်းလာကြတယ်။ တဲတွေမှာ မနေရဲကြတော့ဘူး။”

စစ်ကောင်စီတပ်တွေကို ခုခံ တော်လှန်တိုက်ခိုက်ရာမှာအသုံးပြုတဲ့ အမဲလိုက် တူးမီးသေနတ်တွေ ရှိ၊ မရှိကို စစ်တပ်က အဓိကလိုက်ရှာဖွေတာလို့ ဒေသခံတွေက ပြောပါတယ်။

အခုလို အင်အားအများအပြားနဲ့ ဝင်ရောက်ရှာဖွေတာကြောင့် အနီးအနား ကျေးရွာမှာနေတဲ့ တောင်သူတွေ ဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုအချိန်မှာ ဒေသခံတွေဟာ ပဲနဲ့နေကြာတွေ ရိတ်သိမ်းတဲ့ကာလလည်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ပစ်ခတ်ဖြိုခွင်းမှုတွေရှိနေတဲ့ ကြားကပဲ မေလ ၁ ရက်နေ့ ဒီနေ့ အလုပ်သမားများနေ့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ ဘုတလင်၊ ဖားကန့်၊ မုဒုံ အစရှိတဲ့ မြို့နယ်အများအပြားမှာ ဆန္ဒဆက်ပြနေပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ ဒီနေ့ထိ လူပေါင်း ၇၅၀ ကျော် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ လူပေါင်း ၃၄၀၀ ကျော် ဖမ်းဆီးခဲ့ထားရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/nationwide-coup-protest-may1-05012021065319.html

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ ဖမ်းဆီးခံနေရ  စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ ဖမ်းဆီးခံနေရ Reviewed by THITHTOOLWIN on 18:11 Rating: 5

No comments:

Powered by Blogger.