စစ်ကောင်စီက ဓာတုလက်နက် အသုံးပြုတိုက်ခိုက်ခြင်း ရှိ၊မရှိ KIA စုံစမ်း


မေလ (၇) ရက် မနေ့က ကချင်ပြည်နယ်၊ အလောဘွမ်တောင်မှာ စစ်ကောင်စီတပ်တွေနဲ့ ကချင် လွတ်မြောက်ရေးတပ် KIA တို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က အကျအဆုံးများခဲ့တယ်လို့ KIA က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို ကားတွေနဲ့ ဗန်းမော်မြို့ဘက်ကို သယ်ထုတ်သွားတွေ ရှိခဲ့တယ်လို့ KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

"အကျအရှုံးကတော့ ကျွန်တော်တို့လည်း အတိအကျပြောလို့တော့ မရပါဘူး။ သူတို့ဘက်ကတော့ အကျအရှုံးများတယ်ဆိုတာကတော့ KIA ဘက်ကတော့ ခုခံတိုက်ပွဲတွေဖြစ်နေတယ်။ ဟိုကတော့ ထိုးစစ်ဆင်တဲ့ တိုက်ပွဲတွေဖြစ်ပါတယ်။ နောက်တစ်ခုရှိတာကတော့ ပြည်သူလူထုတွေ ပြောပေးတဲ့ သတင်းတွေအရ ပြောမယ်ဆိုရင်တော့သူတို့ရဲ့ လူနာတွေကိုလည်း ဗန်းမော်ဘက်ကို ပို့သွားတယ်။ ကားနဲ့ ပို့သွားကြတယ်ဆိုတဲ့ သတင်းက ကျွန်တော်တို့ရပါတယ်။ အဲ့ဒါကြောင့် သူတို့ဆီမှာလည်း ပစ်ခက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေလည်း များပုံရတယ်လို့ ပြောရခြင်းဖြစ်ပါတယ်။"

ဒါ့အပြင် မေလ (၇) ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အလောဘွမ်တောင်တိုက်ပွဲမှာ တပ်မတော်ဘက်က စစ်ဖက်သုံး ဂျက်လေယာဉ်တွေ၊ နှစ်စီးတွဲ သုံးစီးတွဲ တိုက်လေယာဉ်တွေ၊ စစ်သုံး ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ KIA ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရုံတင်မကဘဲ ဓာတုလက်နက်တစ်မျိုးပါ ထုတ်သုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ ယူဆလို့ အတည်ပြုနိုင်ရေး စုံစမ်းနေတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

"အဲဒီသတင်းကတော့ ကျွန်တော်တို့ KIO ဘက်က တင်တဲ့သတင်း မဟုတ်ဘူးခင်ဗျ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ဆီမှာ အဲသတင်းအချက်လက် ဘာမှမရှိပါဘူး။ ရှေ့တန်းကလည်း ကျွန်တော်တို့ဆီ မှာ ဒီသတင်းအချက်လက် ဘာမှမပေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဆီမှာကတော့ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ၊ သတင်းတွေ၊ အချက်အလက်တွေ ဘာမှမရှိဘူး။ ကျွန်တော်တို့လည်း ဒီကိစ္စနဲ့ ပတ်သက်လို့တော့ စစ်ဆေးနေတဲ့အနေအထားပဲ ရှိပါတယ် ခင်ဗျ။ မနေ့က အခြေအနေကို ပြောမယ် ဆိုရင်တော့ တိုက်ပွဲကတော့ တော်တော်လေးကို ပြင်းပြင်းထန်ထန် ရှိပါတယ် ။ မနေ့က လေကြောင်းနဲ့ လည်း အလောဘွမ်ဘက်မှာ တော်တော်လေးကို လေးယာဉ်နှစ်စီးနဲ့ပတ်ပြီးမှ လေးငါးကြိမ်ပတ်ပြီးမှ တိုက်တာ ဗုံးကြဲတာပေါ့ ။ နောက် ဆလံကမ္ဘာဘက်မှာလည်း အဲအတိုင်းပါပဲ။ လက်နက်ကြီးတွေနဲ့ပစ်တယ် ။ မြေပြင်တိုက်ပွဲတွေလည်း ရှိပါတယ်။"

လက်ရှိဖြစ်ပွါးနေတဲ့ အလောဘွမ်တောင်စခန်းကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ ထိုးစစ်ဆင်တာတွေ၊ မြေပြင်ခြေကုပ်ယူ တိုက်ခိုက်နေတာတွေအပြင် ဒေါ့ဖုန်းယန်မြို့မှာရှိတဲ့ စစ်ကောင်စီ တပ်ရင်းကလည်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို အဝေးပစ်လက်နက်တွေနဲ့ အလောဘွမ်ကို ပစ်နေတာ ဖြစ်တဲ့အပြင် ဒေါ့ဖုန်းယန်ဒေသကိုလည်း စစ်ကောင်စီရဲ့ လက်နက်တွေ လာကျတယ်လို့ ဒေါ့ဖုန်းယန်မြို့က ဒေသခံတစ်ဦးဖြစ်တဲ့ မဂျာရိန်အောင်က ပြောပါတယ်။

"မိနစ်နဲ့ဆို (၅) မိနစ်လောက်ပဲ လျှောက်ရတာ။ အိမ်ဆိုရင် ကျွန်မတို့အိမ်နဲ့ (၆) အိမ်လောက်ပဲဝေးတယ်။ အဲဒီအိမ်မှာ ကျွန်မတို့ သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာ ကားလာထိတယ် ဒီမနက်ကျတော့။ ကားဘီးမှာ ထိနေတယ် ။ ပြည်သူ့ဆေးရုံဘက်မှာလည်း ကျည်ဆံတွေ မှန်တယ်။ ပြီးတော့ကျ ပြည်သူ့ဆေးရုံသွားတဲ့ လမ်းပေါ်မှာ ကျည်ဆံတွေ မှန်တယ်။ ကျည်ဆံကသေးနေတော့ လက်နက်အကြီးကြီးတော့ မဟုတ်ဘူး။ နံရံ နှစ်ချက်သွားထိတယ်။ မြို့နဲ့ နည်းနည်းဝေးတဲ့ ရွာတွေဘက်မှာလည်း အိမ် ခေါင်မိုးတွေမှာ ကျည်ဆံတွေ လာလာမှန်တယ်။"

တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာ တစ်လနီးပါးရှိနေပြီဖြစ်ပါတယ်။

ယခုလက်ရှိမှာ စစ်ကောင်စီဘက်ကနေ KIA ကို အလောဘွမ်တောင်နဲ့ မိုးမောက်မြို့နယ်ထဲက ဆီးဟတ်၊ ကုန်းလော့၊ မြို့သစ်နေရာတွေမှာ တိုက်ပွဲတွေက ပြင်းထန်နေကြပါတယ်။

အဲဒီစခန်းဘနှစ်ခုစလုံးကို စစ်ကောင်စီဘက်က မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ရော လေကြောင်းကနေပါ ထိုးစစ်ဆင်နေကြတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ကချင်ပြည်နယ်တွင်း ဖြစ်ပွားလျက်ရှိတဲ့ စစ်ပွဲတွေနဲ့ပတ်သက်နဲ့လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကချင်စစ်ရေးလေ့လာသုံးသပ်တစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

"လက်ရှိဖြစ်ပွားနေတဲ့ သဘောထားကတော့ ဒါကျတော့ တရားမျှတတဲ့ စစ်ပွဲပေါ့နော်။ ပြောမယ်ဆိုရင် တော့ ကျွန်တော့်သဘောထားကတော့ စစ်ပွဲကတော့ အာဏာသိမ်းမှု၊ တရားမျှတမှု မရှိဘူးဆိုရင်တော့ စစ်ပွဲကတော့ ဖြစ်မှာပါပဲ။ အဓိကကတော့ တရားမျှတမှုရယ်၊ တန်းတူအခွင့်အရေး မရှိနိုင်သေးသမျှတော့ စစ်ပွဲကတော့ ဖြစ်မှာပါပဲ။"

အခုဆိုရင် ကချင်ပြည်နယ်တွင်းမှာ စစ်ကောင်စီနဲ့ KIA တို့အကြား ရက်ပေါင်း (၈၄) ရက်မှာ တိုက်ပွဲပေါင်း (၁၀၀) ကျော်ရှိခဲ့ပြီး တပ်မတော်ဘက်က လေကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေဟာ တစ်လနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ကချင်ပြည်နယ်ထဲက တိုက်ပွဲအခြေအနေတွေနဲ့၊ ဓာတုလက်နက်တစ်မျိုးပါသုံးပြီး စစ်ကောင်စီဘက်က တိုက်ခိုက်နေတယ်လို့ ဝေဖန်ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။

RFA Burmese



စစ်ကောင်စီက ဓာတုလက်နက် အသုံးပြုတိုက်ခိုက်ခြင်း ရှိ၊မရှိ KIA စုံစမ်း စစ်ကောင်စီက ဓာတုလက်နက် အသုံးပြုတိုက်ခိုက်ခြင်း ရှိ၊မရှိ KIA စုံစမ်း Reviewed by THITHTOOLWIN on 18:53 Rating: 5

No comments:

Powered by Blogger.