မြောက်ဥက္ကလာ ပြည်သူအချို့ကို စစ်ကောင်စီက သေဒဏ်ချမှတ်ပြီး လိုက်လံရှာဖွေနေ

မြောက်ဥက္ကလာ ပြည်သူအချို့ကို စစ်ကောင်စီက သေဒဏ်ချမှတ်ပြီး လိုက်လံရှာဖွေနေ ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ မတ် ၃ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်

Photo: RFA

ရဲနှစ်ဦးကိုသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ည ရပ်ကွက်မှာ နေထိုင်တဲ့ ပြည်သူ ၁၇ ဦးကို စစ်ကောင်စီက တဖက်သတ် သေဒဏ်ချမှတ်ပြီးတဲ့နောက်၊ ဖမ်းမမိဘဲ လွတ်မြောက်နေသူ ၁၅ ဦးကို လိုက်လံရှာဖွေနေပြီး၊ လူကိုမတွေ့ရင် နေအိမ်တွေကို ဖျက်ဆီးပစ်တယ်လို့ ပုန်းရှောင်နေတဲ့ ကာယကံရှင်တွေက RFA ကို ဆက်သွယ်ပြောကြားလာပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက၊ မြောက်ဥက္ကလာပမြို့နယ် ည ရပ်ကွက်မှာ ရဲနှစ်ဦး အသတ်ခံခဲ့ရတဲ့အတွက်၊ ည ရပ်ကွက် ၁၆ လမ်းမှာနေထိုင်တဲ့ ကိုဗိုလ်ဗိုလ်သူနဲ့ အဖော်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီးတဲ့နောက်၊ မတ်လ ၂၇ ရက်နေ့မှာ သေဒဏ်ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဗိုလ်ဗိုလ်သူနဲ့အတူ နောက်ထပ် မြောက်ဥက္ကလာသား ၁၅ ဦးလည်း ရဲနှစ်ဦးကို သတ်ဖြတ်ရာမှာ ပါဝင်တယ်ဆိုပြီး၊ အပူတပြင်း လိုက်လံရှာဖွေနေတယ်လို့ အဲဒီ ၁၅ ဦးထဲက တစ်ဦးဖြစ်သူက RFA ကို ဆက်သွယ်ပြောကြားလာပါတယ်။

သူဟာ မြောက်ဥက္ကလာ ည ရပ်ကွက် ၁၅ လမ်းမှာ နေထိုင်သူဖြစ်ပြီး၊ အခု သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဗိုလ်ဗိုလ်သူ ကိုလည်း သူမသိကြောင်း၊ ကိုဗိုလ်ဗိုလ်သူကို သေဒဏ်ချမှတ်တဲ့နေ့က သူနဲ့သူ့မိခင်ဟာ တခြား ရပ်ကွက်ကိုရောက်နေပြီး ဆရာကန်တော့ပွဲ တက်ရောက်နေစဉ် ၁၅ လမ်းမှာရှိတဲ့ သူတို့ရဲ့နေအိမ်ကို စစ်သားနဲ့ ရဲတွေရောက်လာပြီး နေအိမ်တစ်ခုလုံးကို ရိုက်ချိုးဖျက်ဆီး ရှာဖွေခဲ့ကြောင်း၊ ဒါ့ကြောင့် သားအမိနှစ်ဦးစလုံး နေအိမ်ကို လုံးဝမပြန်ရဲတော့ဘဲ အဝေးတစ်နေရာကို ချက်ချင်းထွက်ပြေးပြီး ရှောင်တိမ်းနေရကြောင်း RFA ကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်တဲ့ မြောက်ဥက္ကလာရဲစခန်းရဲ့ တုံ့ပြန်ဖြေရှင်းချက်ကိုတော့ ဖုန်းဆက်သွယ်ရ ခက်ခဲတာကြောင့် RFA က သီးသန့်မေးမြန်းအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဒါပေမဲ့ RFA ကို ဆက်သွယ်ပြောကြားလာတဲ့ ကာယကံရှင်ကတော့ “သူဟာ မြောက်ဥက္ကလာမှာ အရိုးအကြောကု တိုင်းရင်းဆေးဆရာ တစ်ယောက်ဖြစ်ပြီး၊ ကျန်းမာရေးမကောင်းတဲ့ မိခင်နဲ့အတူ ရိုးသားစွာ အသက်မွေးနေထိုင်သူဖြစ်ကြောင်း၊ ဒါပေမဲ့ သူအပါအဝင် မြောက်ဥက္ကလာ ည ရပ်ကွက် မှာနေထိုင်သူ ၁၅ ဦးကို၊ စစ်ကောင်စီက ရဲနှစ်ဦးကို သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကိုဗိုလ်ဗိုလ်သူရဲ့ ကြံရာပါတွေအဖြစ် ဖမ်းဝရမ်းထုတ်ထားပြီး အပူတပြင်း လိုက်လံရှာဖွေနေကြောင်း၊ ဒါဟာ မတရားစွပ်စွဲခံရတာသာဖြစ်ကြောင်း RFA ကို ပြောပြထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/north-okkalapa-protest-05082021061231.html

မြောက်ဥက္ကလာ ပြည်သူအချို့ကို စစ်ကောင်စီက သေဒဏ်ချမှတ်ပြီး လိုက်လံရှာဖွေနေ  မြောက်ဥက္ကလာ ပြည်သူအချို့ကို စစ်ကောင်စီက သေဒဏ်ချမှတ်ပြီး လိုက်လံရှာဖွေနေ Reviewed by THITHTOOLWIN on 18:51 Rating: 5

No comments:

Powered by Blogger.