တောင်ကြီးမြို့ စစ်ကောင်စီမှ အကြမ်းဖက်ရိုက်နှက် ငွေများသိမ်းယူ



Share/Bookmark

မေ ၁၀ရက် ၂၀၂၁

သျှမ်းပြည်တောင်ပိုင်း  တောင်ကြီးမြို့တွင် စစ်ကောင်စီ မှ  ညအချိန်လမ်းသွားလာသူများကို လိုက်လံစစ်ဆေးပြီး အကြောင်းမဲ့ ရိုက်နှက်ခြင်း၊ ငွေများသိမ်းယူခြင်းများလည်း ပြုလုပ်နေကြောင်း ကြုံတွေ့နေရသည့် တောင်ကြီး ပြည်သူများက ပြောသည်။

စစ်ကောင်စီ မှ အာဏာသိမ်းပြီးနောက် မနက် ၄နာရီမှ ည ၈နာရီ အထိ ည မထွက်ရ အမိန့် ထုတ်ပြန်ခဲ့ပြီး၊ ဧပြီ လဆန်းပိုင်းမှ စတင်းကာ မနက် ၄နာရီမှ ည ၁၀နာရီထိ ည မထွက်ရ အမိန့် ပြောင်းလဲ သတ်မှတ်လာသည်။

ထို့နောက် ည အချိန်အတွင်း လမ်းသွားလမ်းလာများကို စစ်ဆေးမှု တင်းကြပ်ကာ အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ ပါလာသည့် ငွေများကို သိမ်းယူခြင်းတို့ပြုလုပ်နေသည် ဟု တောင်ကြီးဒေသခံများက သျှမ်းသံတော်ဆင့် ကို ပြောသည်။

မေ ၈ရက်တွင် စစ်ကောင်စီ အုပ်စု နှင့် ရဲသားများသည် အရပ်ဝတ်ဖြင့် လမ်းပေါ်တွင် စစ်ဆေးမှုပြုလုပ်နေစဉ် လူငယ် နှင့်ထိပ်တိုက်တွေ့ဆုံကာ ကားပေါ်မှ ဆင်းခိုင်းပြီး ကားအတွင်းလိုက်လံစစ်ဆေးကာ တစုံတရာမှ ရှာမတွေ့သဖြင့် ဖိနပ်ဖြင့် ပါးကိုရိုက်ကာ ပိုက်ဆံများလည်း သိမ်းဆည်း သွားကြောင်း တောင်ကြီး ကိုယ်တိုင်ခံခဲ့ရသည့် လူငယ်တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ မေ ၈ရက် ည အိမ်အပြန်လမ်းမှာ အဲ့အုပ်စုကိုတွေ့တယ်။ လမ်းပိတ်စောင့်ဖမ်းတာ။ ကျနော်တို့ ကားရပ်ပေးလိုက်တယ်။  ကျနော်တို့ ကားပေါ်က ဆင်းလိုက်တာနဲ့ ချက်ချင်းရိုက်တာ။ သူတို့က ဖိနပ်နဲ့ ပါးရိုက်တာ။ ကားထဲလဲစစ်တယ်။ ကျနော်ရဲ့ ပိုက်ဆံက ၅ သောင်းလောက်ပါသွားတယ်။  ကျနော်ရဲ့ သူငယ်ချင်း ပိုက်ဆံ ၃သောင်းလောက် ယူသွားတယ်” ဟုကိုယ်တိုင်ခံခဲ့ရသည့် လူငယ်က အဖြစ်အပျက်ကို ပြန်ပြောပြသည်။

 တောင်ကြီးမြို့နယ် ညမထွက်အမိန့်ကို ည၁၀ နာရီမှ မနက် ၄ နာရီ အထိ ဖြေလျော့ပေးခဲ့သော်လည်း ည ၉ နာရီကျော်အချိန်တွင် ပြည်သူများနောက်လိုက် စစ်ဆေးမှုပြုလုပ်ရာတွင် ပြည်သူများကို လက်ထိပ်ခတ်ပြီး အကြမ်းဖက် ရိုက်နှိက်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။ 

“ ကျနော် တို့ကိုလက်ထိတ်ခတ်ထားပြီးတော့ ရိုက်တယ်။ စကားလည်း ပြောလို့မရဘူး။ ထတာနဲ့ ကန်တယ်။ စကားမပြောတော့လဲ ရိုက်ပြန်တယ်။ စကားနဲနဲကျယ်ပြောတော့ ဖိနပ်နဲ့ရိုက်တာ” ဟု ၎င်းလူငယ်က ဆိုသည်။

 ယမန်နေ့ ည ၇နာရီခွဲ ဝန်းကျင်တွင် တောင်ကြီးမြို့တွင် အသံမိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး၊ လူငယ် (၃)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းတောင်ကြီးမြို့ ညပိုင်းတွင် မကြာခဏ ပေါက်ကွဲမှု အသံ ကြားနေရပြီး၊ ဖမ်းဆီးမှုများလည်း နေ့တိုင်းနီးပါးရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း မေလ ၉ ရက်နေ့ထိ စစ်ကောင်စီ မှ အကြမ်းဖက် ဖမ်းဆီး သတ်ဖြတ်နေသည့်မှာ  (၇၈၀) ဦးထိ ရှိပြီး ဖမ်းဆီးခံထားရသူ ၄၈၉၉ ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများကို ကူညီးစောင့်ရှောက်ရေး AAPP ကထုတ်ပြန်ထားသည်။ 


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ