မင်းတပ်မှာ စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်ပြီး လက်နက်ကြီးနဲ့ပါ ပစ်ခတ်နေ



စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ချင်းပြည်နယ် မင်းတပ်မြို့ထဲကို ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီဘက်ကနေ စစ်ရဟတ်ယာဉ် ခြောက်စီးနဲ့ စစ်လက်နက်အင်အား၊ တပ်သားအင်အားတွေ ဖြည့်တင်းခဲ့ပြီးနောက် မြို့ထဲကို လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတယ်လို့ ဒေသခံတွေနဲ့ ချင်းပြည်သူ့ကာကွယ်ရေး CDF အဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။

တပ်သား အင်အားဖြည့်တင်းဖို့ ကုန်းလမ်းကလာတဲ့ စစ်ကားတွေကို မင်းတပ် CDF အဖွဲ့က မြို့ကို ဖြတ်သန်း သွားလာခွင့် ပိတ်ပင်ခဲ့တဲ့နောက် စစ်ကောင်စီဘက်က စစ်ရဟတ်ယာဉ်တွေသုံးပြီး လေကြောင်းကနေ အင်အားဖြည့်လာတာဖြစ်ပါတယ်။

ဒီကနေ့ မြို့ထဲကို လက်နက်ကြီးနဲ့ အချက် ၃၀ လောက် ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ချင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF အဖွဲ့ဝင်တချို့ အပါဝင် ပြည်သူ ၁၅ ဦးကိုလည်း ဒီကနေ့ နံနက်ပိုင်းမှာ စစ်တပ်ကဖမ်းဆီးသွားတယ်လို့ မင်းတပ်မြို့ CDF သတင်းပြန်ကြားရေး အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

မေလ ၁၂ ရက် နေ့က စတင်ပြီး ဒီနေ့ မေလ ၁၅ ရက်နေ့ အချိန်ထိ ၄ ရက်ဆက်တိုက် မင်းတပ်မှာ တိုက်ပွဲတွေ ဖြစ်နေတာဖြစ်ပြီး CDF အဖွဲ့ဝင် လေးဦး သေဆုံးခဲ့သလို စစ်တပ်ဘက်ကလည်း သေဆုံးသူတွေရှိနေတယ်လို့ ချင်း CDF က ပြောပါတယ်။ စစ်တပ်ဘက်က ဘယ်လောက်သေဆုံးလဲဆိုတာကို စစ်ကောင်စီက ထုတ်ပြန် ပြောဆိုတာ မရှိတာကြောင့် မသိရပါဘူး။

မင်းတပ်မြို့ကို စစ်ကောင်စီဘက်က လက်နက်ကြီးအမြှောက်တွေ အသုံးပြုပြီး အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေပေမယ့် CDF အဖွဲ့ဘက်ကတော့ ချင်းရိုးရာ တူမီးသေနတ်နဲ့သာ မြို့ကို ခုခံကာကွယ်နေ တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ မင်းတပ်မြို့ထဲ ရဲစခန်း၊ မြန်မာ့စီးပွားရေးဘဏ်၊ အထက ၂ ကျောင်းနဲ့ ၂၇၄ တပ်ရင်းတွေမှာ နေရာယူထားပြီး ၂၇၄ တပ်ရင်းကနေ မင်းတပ်မြို့ထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အလားတူ ချင်းပြည်နယ် ဟားခါးမြို့မှာလည်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ပြည်သူတွေကို ချက်ချင်းပြန် လွှတ်ပေးဖို့ ဟားခါး CDF အဖွဲ့က တောင်းဆိုထားပါတယ်။

စစ်ကောင်စီရဲ့ တပ်သားတွေဖြစ်တဲ့ ပြည်နယ်ယာဉ်ထိန်း ရဲမှူး ဦးစိုးလွင် အပါအဝင်၊ ဒုရဲမှူး ဦးစိုးဝင်းသန်း၊ ဒုရဲအုပ် ဦးဆုန်းကီးနဲ့ စစ်ကောင်စီသတင်းပေး ဦးစိုင်းထွန်းတို့ကို ဟားခါး CDF အဖွဲ့ ဘက်ကဖမ်းဆီးထားပြီး ဖမ်းဆီးထားတဲ့ ပြည်သူတွေနဲ့ အလဲအလှယ်လုပ်သွားမယ်လို့ ကမ်းလှမ်းထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီဘက်က အခုအချိန်ထိ ဆက်သွယ်လာတာ မရှိတာကြောင့် ဖမ်းဆီးထားသူတွေကို လိုအပ်သလို အရေးယူသွားမယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟားခါးCDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

ဒီနေ့ထိ စစ်ကောင်စီကဖမ်းဆီးထားတဲ့ ဟားခါးမြို့က ပြည်သူ ၆၀ ကျော်ခန့်ရှိပြီး အဲဒီအထဲက နှစ်ဦး ကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့တယ်လို့ ဟားခါး CDF တပ်ဖွဲ့ဝင်က ပြောပါ တယ်။

ချင်းပြည်နယ်က မြို့တိုင်းလိုလိုမှာ ဒေသခံတွေဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဖွဲ့ပြီး စစ်ကောင်စီကို ပြန်လည်ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့က နာမည်ကြီး ရွှေဘိုမြို့မဈေးမှာ ဒီနေ့မနက် လူတွေအိပ်မောကျနေချိန် မနက် ၂ နာရီခွဲလောက်ကနေ မနက် ၄ နာရီခွဲလောက်အထိ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပါတယ်။

မီးလောင်ခဲ့လို့ ဆိုင်ခန်းပေါင်း ၉၀၀ နီးပါး မီးလောင်ခံလိုက်ရတယ်လို့ ဈေးသူဈေးသားတွေက RFA ကို ပြောပါတယ်။

ကုန်ခြောက်တန်း အပါအဝင် ကုန်မျိုးစုံဈေးဆိုင်တန်းတွေ လောင်ကျွမ်းခံရပြီး အထည်တန်းတွေလောက်ပဲ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်တာဟာ ဝါယာရှော့ကြောင့်ဖြစ်တယ်လို့ ဈေးတာဝန်ရှိသူတွေက ထုတ်ပြန်ပေမယ့် အဲဒီလိုလုံးဝ မဖြစ်နိုင်ဘူးလို့ ဈေးဆိုင်ခန်းမီးလောင်ခံလိုက်ရတဲ့ ဈေးသူတစ်ယောက်က ပြောပါတယ်။

အဲဒီဈေး မီးမလောင်ခင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်ဖောက်တာတွေ မီးသတ်ကားတွေ မီးငြိမ်းခွင့်မရအောင် တားတာတွေ ရှိတယ်လို့ RFA ကို ပြောပါတယ်။

ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ လူတွေအိပ်မောကျနေချိန်မှာ မီးလောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဈေးဆိုင်ခန်းတွေထဲက တော်တော်များများဟာ စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ မီတာခတွေ၊ အခွန် တွေလာကောက်တာကို မပေးဆောင်ခဲ့တာကြောင့် ဒီဈေးမှာ မီးရေး၊ ထင်းရေး ဖြစ်လာရင် တာဝန်မယူဘူးလို့ မီးမလောင်ခင်မှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဌာနက ခြိမ်းခြောက်ခဲ့တာရှိတယ်လို့လည်း ပြောပါ တယ်။

ဒီရွှေဘိုဈေးဟာ အရင်ကတည်းက မီးဘေးအန္တရာယ် ကာကွယ်တဲ့အနေနဲ့ ဈေးရဲ့ လက်ဖက်ရည်ဆိုင်တွေမှာ တောင် မီးဖိုသုံးစွဲခွင့် မပေးခဲ့ပါဘူး။

ဈေးကြီးမီးလောင်နေတဲ့အချိန် အဲဒီအနားကနေ စစ်ကားတွေ ဖြတ်သန်းသွားခဲ့တာ တွေ့ရတယ်လို့လည်း မြင်တွေ့သူတွေက ပြောပါတယ်။

ရွှေဘိုဈေးဟာ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်အပါဝင် မြန်မာနိုင်ငံ မြို့နယ်တော်တော်များများကထွက်တဲ့ ကုန်ပစ္စည်းတွေကို စစ်ကိုင်းတိုင်း အထက်ပိုင်းဘက်ကို ပြန်ဖြန့်ပေးနေတဲ့ အချက်ချာကျတဲ့ ဈေးကြီး တစ်ခုဖြစ်ပါတယ်။

ရွေးကောက်ပွဲမတိုင် ခင် ၂၀၂၀ အောက်တိုဘာလမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရွှေဘိုမြို့ကို လာချိန်ကလည်း ရွှေဘိုမြို့ခံဈေးသူဈေးသားတွေဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မထောက်ခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီကိုသာ ထောက်ခံကြောင်း NLD အလံတွေလွှင့်ထူ သီချင်းတွေ ဖွင့်တာတွေလည်း လုပ်ခဲ့ဖူးပါတယ်။

အာဏာသိမ်းပြီးနောက်မှာလည်း စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာ ပါဝင်တဲ့သူတွေကို ဈေးလျှော့ရောင်းတာ၊ CDM မပါဝင်တဲ့သူတွေကို ဈေးမရောင်းတာတွေ လုပ်ခဲ့ကြတာပါ။

ချင်း CDF အဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ခိုက်မှု အခြေအနေတွေနဲ့ ရွှေဘိုမြို့မဈေး မီးလောင်မှုနဲ့ ပက်သက်ပြီး စစ်ကောင်စီတပ်သားတွေကို ဈေးသူ၊ ဈေးသားတွေက သံသယရှိနေတာတွေနဲ့ ပက်သက်ပြီး မေးမြန်းနိုင်ဖို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းဆက်ခဲ့ပေမယ့် ဖုန်းဆက်သွယ်လို့ မရပါဘူး။

စစ်ကောင်စီအာဏာသိမ်းအပြီး ၃ လ ကျော်အကြာအထိ ပြောက်ကြားစနစ်နဲ့ မြို့ကြီးတွေမှာ လမ်းပေါ်ထွက် ဆန္ဒပြတာတွေ ဆက်ရှိနေသလို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနဲ့ ချင်းပြည်နယ် အပါအဝင် မြို့ကြီးတွေမှာ ဗုံးပေါက်တာတွေလည်း ဆက်တိုက်ရှိနေပါတယ်။

မြို့အလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ဖွဲ့စည်းထားကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခုခံနေကြပါတယ်။

RFA Burmese



မင်းတပ်မှာ စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်ပြီး လက်နက်ကြီးနဲ့ပါ ပစ်ခတ်နေ မင်းတပ်မှာ စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်ပြီး လက်နက်ကြီးနဲ့ပါ ပစ်ခတ်နေ Reviewed by THITHTOOLWIN on 21:03 Rating: 5

No comments:

Powered by Blogger.