လူမှုရေးလုပ်ငန်းတွေလုပ်ဆောင်သူ၊ ကဗျာဆရာ ဦးစိန်ဝင်း မီးရှို့ခံရပြီး ကွယ်လွန်


စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်အာဏာရှင်စနစ်ကို တော်လှန်နေသူလည်းဖြစ်သလို ဖန်မီးအိမ်ဆိုတဲ့ နာမည်နဲ့ လူမှုရေးလုပ်ငန်း လုပ်ဆောင်နေသူ ဦးစိန်ဝင်း အသက်(၆၀) မနေ့က မေလ ၁၄ ရက်နေ့မနက်က မီးရှို့ခံခဲ့ရပြီး အဲဒီဒဏ်ရာနဲ့ မုံရွာဆေးရုံကြီးမှာ သေဆုံးခဲ့တယ်လို့ မိသားစုအသိုင်းအဝန်းက ပြောပါတယ်။

မုံရွာမြို့၊ စက်မှုဇုန်က မိတ်ဆွေတစ်ဦးရဲ့ ခေါက်ဆွဲစက်ရုံမှာ ရောက်ရှိနေခိုက် စက်ရုံလုပ်သားတစ်ယောက်က အဲဒီလိုလုပ်ဆောင်ပြီး ထွက်ပြေးသွားခဲ့တာလို့ ဦးစိန်ဝင်းရဲ့ မိတ်ဆွေတစ်ယောက်က ပြောပါတယ်။

"ခေါက်ဆွဲစက်ရုံပိုင်ရှင်က သူသွားနေကျ ရင်းနှီးတဲ့ မိတ်ဆွေပါ။ အဲဒီ စက်ရုံလုပ်သားလေးက အခါကြီး ရက်ကြီးတွေမှာဆိုလည်း ဦးစိန်ဝင်းကို လာကန့်တော့လေ့ ရှိတယ်။ စက်ရုံပိုင်ရှင်နဲ့ ဦးစိန်ဝင်း စကား ပြောနေကြတုန်း စက်ရုံလုပ်သား ကောင်လေးက ကွမ်းယာဝယ်ဆိုပြီး ထွက်သွားတယ်။ ပြန်လာတော့ ဓာတ်ဆီ သုံးဘူး ပါတယ်။ အဲဒါကို ပုံးထဲထည့်ပက်ပြီး မီးရှို့လိုက်တာ။ မီးခြစ်ကလည်း အသစ်ပဲ။ လူတွေက ဦးစိန်ဝင်းကို မီးငြိမ်းဖို့ လုပ်နေတုံး သူကခေါက်ဆွဲစက်လည်နေတာကို ပိတ်၊ သူ့ဖုန်းအားသွင်းထားတာ ဖြုတ်ပြီး ထွက်သွားတာ။ သတိမထားမိလိုက်ကြတာပေါ့။ သူလုပ်သွားတာ တော်တော်သွေးအေးပါတယ်။ နောက်ကွယ်က ကြိုးကိုင်သူရှိမယ်လို့ ယူဆတယ်"

အဲဒီစက်ရုံလုပ်သားဟာ ဆားလင်းကြီးမြို့နယ်က ဖြစ်ပြီး လတ်တလောမှာတော့ ထွက်ပြေးနေတယ်လို့ သိရပါတယ်။

ဦးစိန်ဝင်းဟာ ကဗျာတွေ၊ စာတွေလည်း ရေးသားသူလည်း ဖြစ်ပါတယ်။ သူဟာ နွေဦးတော်လှန်ရေးကာလ အစပိုင်းမှာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူဖြစ်ပြီး အခု နောက်ပိုင်းမှာတော့ စစ်ကိုင်းတိုင်းအတွင်းမှာ ဖြစ်ပွားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသူတွေကို ကူညီထောက်ပံ့ နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

တော်လှန်ရေးကာလ မတိုင်ခင်မှာလည်း ဖန်မီးအိမ်ဆိုတဲ့ နာမည်နဲ့ လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေပြီး ရေရှားပါးတဲ့ နေရာတွေကိုလည်း လှူဒါန်းပေးနေတာလို့ ပြောကြပါတယ်။

သူဘာကြောင့် အသတ်ခံရလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဦးစိန်ဝင်းရဲ့ စျာပနကို မနက်ဖြန် မေလ ၁၆ ရက်နေ့ နေ့လယ် ၂ နာရီခွဲမှာ ပြုလုပ်မယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/seinwin-monywa-death-05152021043134.html

လူမှုရေးလုပ်ငန်းတွေလုပ်ဆောင်သူ၊ ကဗျာဆရာ ဦးစိန်ဝင်း မီးရှို့ခံရပြီး ကွယ်လွန်  လူမှုရေးလုပ်ငန်းတွေလုပ်ဆောင်သူ၊ ကဗျာဆရာ ဦးစိန်ဝင်း မီးရှို့ခံရပြီး ကွယ်လွန် Reviewed by THITHTOOLWIN on 21:05 Rating: 5

No comments:

Powered by Blogger.