ကမ႓ာ့နွေဦးတော်လှန်ရေးနေ့ ဆန္ဒပြမှုများ ဖြိုခွဲခံရ၊ ၆ ဦးထက်မနည်း သေဆုံး

ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့ ချီတက်ဆန္ဒပြနေတဲ့ ကျောက်မဲ ပင်မသပိတ်စစ်ကြောင်း။ (မေ ၂၊ ၂၀၂၁)

ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံတဝန်းက မြို့တွေ အတော်များများမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဒီနေ့ ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းတာတွေကြောင့် နိုင်ငံတဝန်းမှာ ၆ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အတော်များများ ထိခိုက်ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ အပြည့်အစုံကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားတဲ့ ဒီနေ့ မေလ ၂ ရက်နေ့မှာတော့ ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံတဝန်းက မြို့အတော်များများမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့မှာဆိုရင်လည်း ရန်ကုန်ရဲ့ လမ်းပေါ်ထွက် ဆန္ဒပြလှုပ်ရှားမှုတွေ စတင်ခဲ့တဲ့ လှိုင်မြို့နယ်အတွင်းက အင်းစိန်လမ်းမတလျှောက်မှာတော့ တက်ကြွလှုပ်ရှားသူတွေ အတော်များများ တဖန်ပြန်ပြီးတော့ စုဝေးချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့သူတွေက လက် ၃ ချောင်းထောင်ပြီး ဒီမိုကရေစီရရှိရေး ကြွေးကြော်သံတွေကို အော်ဟစ် တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် သင်္ဃန်းကျွန်းမြို့နယ်ထဲက စံပြစျေးအနီးမှာလည်း လူငယ် ၁၀၀ လောက်က ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေနဲ့ ကျောင်းသားပြည်သူတွေ ပြန်လွှတ်ပေးရေး၊ ဖမ်းဆီးရိုက်နှက်တာတွေ အဆုံးသတ် ရပ်တန့်ရေးတွေကို တောင်းဆိုခဲ့ကြပါတယ်။ အဲဒီနောက် ၅ မိနစ်လောက် အကြာမှာတော့ စစ်တပ်နဲ့ ရဲတွေက အိမ်စီးကားတွေ၊ ဆိုင်ကယ်တွေနဲ့ ရောက်လာတာကြောင့် လူစုခွဲလိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ လှည်းကူး၊ မြောက်ဥက္ကလာ၊ ကြည့်မြင်တိုင်၊ တာမွေ စတဲ့မြို့နယ်တွေမှာလည်း အရုဏ်ဦးသပိတ်၊ ပြောက်ကျားသပိတ်တွေနဲ့အတူ စစ်တပ်က ရက်စက်စွာ သတ်ဖြတ်ခဲ့တာတွေ မမေ့ကြောင်း ပြသတဲ့အနေနဲ့ သရုပ်ဖော်ပြသတာတွေနဲ့ သေဆုံးသွားတဲ့ သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ်နဲ့ အနက်ရောင်အကျႌတွေ ဝတ်ဆင်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ ရန်ကုန်က ဆန္ဒပြပွဲအတွင်း ကြည့်မြင်တိုင်၊ တာမွေနဲ့ မြောက်ဥက္ကလာမြို့နယ်တွေ အတွင်းမှာတော့ ဖမ်းဆီးမှုတွေရှိခဲ့ပြီး အနည်းဆုံး လူတွေ ဒါဇင်နဲ့ချီ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာဆိုရင်လည်း တပ်ပေါင်းစုသပိတ်၊ သံဃသမဂ္ဂသပိတ်၊ အင်ဂျင်နီယာသပိတ်၊ အောင်မြေသာစံ ပညာရေးသပိတ် စစ်ကြောင်းတွေ အပါအဝင် ဆန္ဒပြတဲ့ ရဟန်းရှင်လူ ပြည်သူတွေဟာ ဒီနေ့မနက် အစောပိုင်းကတည်းက ချီတက်ဆန္ဒပြခဲ့ကြပြီး အဲဒီဆန္ဒပြပွဲတွေကို စစ်ကောင်စီတပ်တွေက အရပ်ဝတ်တွေနဲ့ ပစ်ခတ်နှိမ်နင်းတာတွေ၊ ကားနဲ့တိုက်ပြီး ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။

နိုင်ငံတဝန်းမှာ ဒီနေ့ ဆန္ဒပြပွဲတွေ အတော်များများ ဖြစ်ပွားခဲ့တဲ့ တချိန်တည်းမှာပဲ မြို့အတော်များများမှာလည်း စစ်ကောင်စီဘက်က ပစ်ခတ်နှိမ်နင်းတာတွေ ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်ထဲက ဝက်လက်မြို့မှာတော့ ဆန္ဒပြတဲ့သူတွေကို စစ်ကောင်စီတပ်တွေက ကျည်အစစ်တွေနဲ့ ပစ်ခတ်နှိမ်နင်းတာကြောင့် ၂၂ နှစ်အရွယ် ဆန္ဒပြလူငယ်တဦး အပါအဝင် ၂ ယောက်ထက်မနည်း သေဆုံးပြီး အတော်များများလည်း ထိခိုက်ဒဏ်ရာရတာတွေ၊ ဖမ်းဆီးခံရတာတွေ ရှိခဲ့တယ်လို့ ဆန္ဒပြပြည်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

“သေဆုံးတာ လက်ရှိကတော့ ၂ ယောက်ကျတယ်လို့ ကြားတယ်။ ဒဏ်ရာရတာတော့ ၆ ယောက်နဲ့ ၇ ယောက်လောက်ပေါ့။ သေနတ်သံ ညီမကြားတာတော့ ၇ ချက် ၈ ချက်လောက်ရှိတယ်။ ရာဘာကျည်ဆန်တွေကတော့ အများကြီးပဲ ကြားတာ မရေမတွက်နိုင်အောင်ပဲ။ ပစ်လိုက်လို့ ၂ ယောက်က ကျသွားတာ။ တယောက်က အလောင်းကို မကောက်နိုင်တော့ဘူး၊ အဲဒီနားမှာ ထားခဲ့ရတာ။ ဒဏ်ရာရတဲ့လူတွေကို ဆွဲလာခဲ့တာ။”

ဝက်လက်မြို့မှာတော့ စစ်ကောင်စီဘက်က ဒါဟာ ပထမဆုံးအကြိမ် ပစ်ခတ်နှိမ်နင်းတာကြောင့် လူသေဆုံးမှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် ဖားကန့်မြို့မှာလည်း ဒီနေ့မှာ မြို့လုံးကျွတ် ဆန္ဒပြတဲ့သူ ထောင်နဲ့ သောင်းနဲ့ချီ ရှိခဲ့ပြီး အဲဒီဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းတွေကို ပစ်ခတ်နှိမ်နင်းတာကြောင့် လုံးခင်းရပ်ကွက်သစ်က ဆန္ဒပြတဲ့သူ ၁ ယောက် သေဆုံးခဲ့တယ်လို့ ဖားကန့်မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ ဆန္ဒပြတာ လုံးခင်းသပိတ်စစ်ကြောင်း၊ လုံးခင်းမှော်ဝါး သပိတ်စစ်ကြောင်း ရှိတယ်။ ဆိပ်မူ မရှီကထောင် သပိတ်စစ်ကြောင်း၊ အေးမြသာယာ သပိတ်စစ်ကြောင်း သုံးကြောင်း ရှိတာပေါ့ဗျာ။ သုံးကြောင်းထွက်တော့ မှော်ဝါးလုံးခင်း သပိတ်စစ်ကြောင်းက စစ်ကောင်စီအဖွဲ့ ပစ်ခတ်လို့ တယောက်သေတယ်။ လုံးခင်းက ကျဆုံးသွားတယ်။ ဖြိုခွင်းတဲ့အချိန်က ၁၁ နာရီဝန်းကျင်လောက်ပေါ့။ မှော်ဝါး မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ အခင်းဖြစ်ပွားတာ။”

အခုနောက်ဆုံး သိရသလောက်ကတော့ သေဆုံးသွားတဲ့သူဟာ အသက် ၃၃ နှစ်အရွယ် ကိုဝေဖြိုးဆိုသူဖြစ်ပြီး ဒဏ်ရာရတဲ့သူတွေလည်း ၂၀ လောက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် မိုးကောင်းမြို့မှာလည်း ပြည်သူတွေက စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ဖမ်းဆီးထားသူတွေ လွတ်မြောက်ရေး၊ KIO, KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့ကို ထောက်ခံကြောင်း မြို့အနှံ့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ စစ်ကောင်စီဘက်က ပစ်ခတ်ဖြိုခွဲခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတာ ဖမ်းဆီးခံရတာတွေ မရှိဘဲ လူစုခွဲနိုင်ခဲ့ကြပါတယ်။

ရှမ်းပြည်နယ် နောင်ချိုမြို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ သပိတ်ကို ပစ်ခတ်နှိမ်နင်းတာကြောင့် အသက် ၄၀ အရွယ် ကိုဝင်းနိုင်ဆိုသူ အမျိုးသားတဦးနဲ့ အသက် ၆၀ အရွယ် နောက်ထပ် လူကြီးပိုင်းတဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့သလို သီပေါမြို့မှာလည်း ဆန္ဒပြတဲ့သူတွေကို ပစ်ခတ်နှိမ်နင်းတာကြောင့် ၁ ယောက် သေဆုံးပြီး နောက်ထပ် ၂ ယောက် ဒဏ်ရာရခဲ့ကြပါတယ်။

နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေတာမှာ ဒီနေ့မှာဆိုရင်လည်း မုံရွာ၊ ပုဂံ၊ ပြည်၊ ကျောက်မဲ၊ တောင်ကြီး၊ ကလော၊ ဒီပဲယင်း၊ မြစ်ကြီးနား၊ ဗန်းမော်၊ နမ္မတီး၊ ရွှေကူ၊ အင်းတော်ကြီး၊ ဟားခါး၊ ထန်တလန်၊ မြိတ်၊ ထားဝယ်၊ မြဝတီ စတဲ့မြို့တွေမှာလည်း ပြည်သူတွေက စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း နည်းလမ်းပေါင်းစုံနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး စစ်တပ်က အာဏာသိမ်းတာ အခုဆိုရင် ၃ လ ကျော်လာခဲ့ပြီဖြစ်ပြီး အဲဒီ ၃ လကျော်ကာလအတွင်း စစ်တပ်က အကြမ်းဖက် ဖြိုခွဲတာတွေကြောင့် သေဆုံးသူဦးရေဟာ ၇၆၀ ကျော်ရှိသွားပြီဖြစ်ပြီး ဖမ်းဆီးခံထားရတဲ့သူကတော့ ၃,၅၀၀ ကျော်ရှိပါတယ်။


ရန်နိုင်/ VOA Burmese

https://burmese.voanews.com/a/spring-revolution-cracked-down/5875115.html

ကမ႓ာ့နွေဦးတော်လှန်ရေးနေ့ ဆန္ဒပြမှုများ ဖြိုခွဲခံရ၊ ၆ ဦးထက်မနည်း သေဆုံး ကမ႓ာ့နွေဦးတော်လှန်ရေးနေ့ ဆန္ဒပြမှုများ ဖြိုခွဲခံရ၊ ၆ ဦးထက်မနည်း သေဆုံး Reviewed by THITHTOOLWIN on 21:37 Rating: 5

No comments:

Powered by Blogger.