စစ်အာဏာသိမ်း ဆန့်ကျင်ရေး ပြည်ပရောက်မြန်မာတွေ ဆန္ဒပြလှုပ်ရှား

ဝါရှင်တန်ဒီစီမြို့တော် သမ္မတအိမ်ဖြူတော်နား ကွင်းပြင်မှာ မေလ၁)ရက် မြန်မာများရဲ့ နွေဦးတော်လှန်းရေး ဒုတိယလှိုင်း ဆန္ဒပြပွဲ။ photo - KMSM

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ ၃ လပြည့်လာတဲ့ အချိန်မှာပဲ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပြည်တွင်း၊ ပြည်ပမှာ ဆက်လက် ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ်။ စနေနေ့ကလည်း အမေရိကန်၊ ဥရောပနဲ့ အာရှနိုင်ငံတွေက မြန်မာ့အရေး လှုပ်ရှားသူတွေ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေး လှုပ်ရှားမှုအဖြစ် စုဝေးဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က မြန်မာစစ်သံရုံးရှေ့မှာ လူရာချီ စုဝေးချီတက်ပြီး စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက်ဆိုပြီး မေလ(၁)ရက် စနေနေ့က ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဝါရင့်နိုင်ငံရေးသမား ဦးအောင်စောဦးကတော့ ခုချိန်ဟာ ပြည်တွင်းပြည်ပ မြန်မာပြည်သူတွေ အညီညွတ်ဆုံးအချိန် ဖြစ်တယ်လို့ ဆိုပါတယ်။

" ဒီနေ့တိုက်ပွဲဟာ အကြမ်းဖက် စစ်ကောင်စီကနေ တိုက်ပွဲပုံသဏ္ဍန်ကို ပြဌာန်းလိုက်တဲ့အတွက် လူထုက မြို့ပြ လက်နက်ကိုင် တိုက်ပွဲပုံသဏ္ဍန် ပြောင်းသွားပြီလို့ အဲဒါကို ကျနော်တို့ အဓိကထား ပြောတာပါ။ ကိုယ်က ဘယ်လိုပဲ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြချင်တယ် ဖြစ်ပါစေ သူတို့ဖက်က အဲဒီလို ဆန့်ကျင်လာတဲ့အတွက် ကျနော်တို့က မိမိကိုယ်ကို ခုခံပိုင်ခွင့်ရှိတယ်ဆိုတဲ့ အနေနဲ့ ဒီတိုက်ပွဲကို ဖေါ်ဆောင်ကြတာဖြစ်တယ်။ နောက်တချက်က ဖေဖေါ်ဝါရီ (၁)ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းဟာ စစ်အာဏာရှင် စနစ်ရဲ့ နိဂုံးပိုင်းရဲ့ အဖွင့်အစပဲ ဖြစ်တယ်.. သူတို့ ကျဆုံးသွားပြီလို့ ကျနော်တို့က အဲဒီလိုပဲ ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီတိုက်ပွဲဟာ လူထုအားလုံး ပါလာတဲ့တိုက်ပွဲဖြစ်တယ်။ အားလုံးကလည်း ခိုင်မာတဲ့ သန္နိဋ္ဌာန်တွေ ချထားပြီးပြီ ဖြစ်တဲ့အတွက် ဒီကနေ့ ပြည်သူလူထု တရပ်လုံးက စစ်အာဏာရှင်စနစ်ကို အမြစ်ကပါ လှန်ပြီးတော့မှ မြေမြှုပ်သင်္ဂြိုလ်ပစ်မယ့် တိုက်ပွဲလည်း ဖြစ်တယ်။ ဒါဟာ နောက်ဆုံးတိုက်ပွဲနဲ့ အဆုံးအဖြတ် တိုက်ပွဲဖြစ်တယ်လို့ အဲဒီလို ပြောချင်ပါတယ်။ "

DC protest


ဝါရှင်တန်ဒီစီ နည်းတူ ကယ်လီဖိုးနီးယားပြည်နယ် L.A လော့စ်အိန်းဂျလိစ်မြို့က မြန်မာမိသားစုတွေကလည်း ပြည်တွင်းမြန်မာပြည်သားတွေနဲ့ ထပ်တူ ရပ်တည်သွားမှာ ဖြစ်ကြောင်း စနေနေ့က ဆန္ဒထုတ်ဖေါ်ခဲ့ကြတယ်လို့ မသွဲ့သွဲ့ခင်က ပြောပါတယ်။

" ဒီနေ့လုပ်တဲ့ ပွဲကတော့ ကျမတို့ရဲ့ နွေဦးတော်လှန်ရေးကို နောက်တခါ ထပ်လောင်းပြီး အားသစ်ဖြည့်တဲ့အနေနဲ့ တကမ္ဘာလုံးဆိုင်ရာ လုပ်တဲ့ပွဲပါ။ ကျမတို့ မြန်မာပြည်တွင်းမှာ ဖြစ်နေတာက အားလုံးလည်း သိတဲ့အတိုင်းပဲ တကယ့်ကို အဓမ္မခံနေရတာဆိုတော့ ၊ လူတန်းစားအလွှာ အသီးသီးကလည်း ဒါကြီးကို တိုက်ထုတ်ဖို့အတွက် စိတ်အားထက်သန်နေကြတယ်။ ကျမတို့ ဒီ L.A မိသားစုတွေ အားလုံးကလည်း ဒီကိစ္စကို တကယ်ပဲ တိုက်ထုတ်ချင်ကြတယ်။ အဓိကတော့ ပြည်တွင်းမှာရှိတဲ့ သွေးချင်းညီနောင်တွေ သူတို့ဟာဆိုရင် ဒုက္ခတွေကို ထိပ်တိုက် တကယ့်ကို ခံစားနေရတယ်၊ အန္တရာယ်တွေကို ရင်ဆိုင်နေရတဲ့ အချိန်မှာ သူတို့ကို အားမပျက် စေချင်ဘူး။ သူတို့အတွက် နောက်ကနေပြီးတော့ ကျမတို့တတွေက အမြဲတမ်းပဲ ရပ်တည်နေတယ်ဆိုတာ သိစေချင်တဲ့ အတွက်ကြောင့်မို့လို့ ကျမတို့ ဒီနေ့ ဆန္ဒပြရခြင်းဖြစ်ပါတယ်။ "

မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်မြို့မှာတော့ နွေဦးတော်လှန်ရေး ရန်ပုံငွေ စျေးရောင်းပွဲလုပ်ခဲ့ပြီး အမေရိကန်တွေရော မြန်မာတွေပါ လူရာကျော် လာရောက်အားပေးခဲ့တယ်လို့ ဘော်စတွန်မြို့ခံ ကိုတူးက ပြောပါတယ်။

" ကျနော်တို့ ဘော်စတွန်ကတော့ ဒီ မြန်မာပြည်အတွင်းမှာ လှုပ်ရှားနေတဲ့ နွေဦးတော်လှန်ရေးကို ထောက်ပံ့ဖို့အတွက် စျေးရောင်းပွဲ လုပ်ကြတာပါ။ စျေးရောင်းပွဲမှာ ဗမာအစားအသောက်တွေ အစုံပါပဲ။ နွေဦးတော်လှန်ရေး တီရှပ်တွေရယ်၊ ဒန်ပေါက်၊ မြီးရှည် ရှမ်းခေါက်ဆွဲ အစားအစာ အမျိုး ၂၀ လောက်ရှိမယ်။ လာတဲ့လူက အတော်များတယ်။ အရမ်း အားရဖို့ကောင်းတယ်။ လူက အရမ်းလာတော့ ၄၅ မိနစ်လောက်အတွင်းမှာ အစောကြီးပဲ ရောင်းကုန်သွားတယ်။ စျေးရောင်းထွက်သူ ဆိုင်(၂၀)လောက်ရှိမယ်။ ရန်ပုံငွေလည်း အတော်လေးရမှာပါ။ ခုတော့ မရေတွက်ရသေးဘူး။ ရလာတဲ့ ငွေတွေကို CRPH ရယ်၊ NUG ရယ် ပြီးရင် တိုင်းရင်းသား စစ်ဘေးရှောင်တွေကို ပေးပို့လှူဒါန်းသွားဖို့ စီစဉ်ထားပါတယ်။ "

ဘော့စတွန်မြို့က ရန်ပုံငွေ စျေးရောင်းပွဲ

အမေရိကန်နိုင်ငံတွင်း နယူးယောက်မြို့နဲ့ ဆန်ဖရန်စစ္စကိုမြို့တွေမှာလည်း နွေဦးတော်လှန်ရေး ဒုတိယလှိုင်း လှုပ်ရှားမှုကို စနေနေ့က လုပ်ခဲ့ကြပါတယ်။

တိုကျိုမြို့က ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေး ဆန္ဒပြပွဲ (photo - Sai Lin)

အာရှတိုက်ထဲက ဂျပန်နိုင်ငံမှာတော့ တိုကျိုမြို့က ကုလသမဂ္ဂဆိုင်ရာ အဆောက်အဦ ရှေ့မှာ မြန်မာနိုင်ငံသားတွေရော ဂျပန်လူမျိုးတွေပါ ကုလသမဂ္ဂအနေနဲ့ မြန်မာစစ်ကောင်စီအပေါ် ထိရောက်တဲ့ အရေးယူမှုတွေ ချမှတ်ပေးဖို့ စနေနေ့က တောင်းဆိုခဲ့ကြပါတယ်။ မြန်မာ့ ဒီမိုကရေစီရေးထောက်ခံတဲ့ ဂျပန်အလုပ်သမားခေါင်းဆောင်တဦး ဆန္ဒပြပွဲအတွင်း ပြောတာကတော့ -

" ဒီမိုကရေစီပေါ်ထွန်းရေးအတွက် မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ CRPH ကော်မတီ၊ NUG ကြားကာလအစိုးရ တွေကို ဂျပန်အစိုးရက အမြန်ဆုံး အသိအမှတ်ပြုပြီး ဆွေးနွေးဆောင်ရွက်မှုတွေလုပ်သွားနိုင်ဖို့ ဂျပန်အစိုးရကို ကျနော်တို့ တိုက်တွန်းသွားမှာပါ။ မြန်မာနိုင်ငံတွင်း လက်ရှိ အဖမ်းဆီးခံနေရသူတွေအားလုံး အမြန်ဆုံး ပြန်လွွှတ်ပေးရေး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေး၊ လွတ်လပ်စွာနေထိုင်ခွင့်တွေ ချက်ချင်း ပြန်လည်ရရှိလာစေရေးအတွက် ဂျပန်လူမျိုးတွေအနေနဲ့ ထောက်ခံ ရပ်တည်သွားမှာပါ။ "

ဥရောပတိုက်ထဲက နယ်သာလန်နိုင်ငံမှာတော့ နယ်သာလန်နိုင်ငံသားတွေ ယုံကြည်မှုရှိကြတဲ့ ပင်လယ်ကမ်းစပ်တခုနားက 'အောင်မြေ' နေရာကို သွားရောက်ပြီး မြန်မာ့အရေးအတွက် ဆန္ဒထုတ်ဖေါ်ခဲ့ကြောင်း ကိုထင်လင်းက ပြောပါတယ်။

" ဒီနေ့လုပ်တာက နှစ်ဖွဲ့ရှိတယ်။ ပထမ တဖွဲ့က ပိုစတာကမ်ပိန်းတွေလုပ်ကြတယ်။ အဲဒီအဖွဲ့က ဒီနေ့မနက် ၁၀ နာရီ ၁၁ နာရီလောက်မှာ နယ်သာလန်မှာ ထင်ပေါ်ကြော်ကြားတဲ့ မြောက်ပိုင်းက 'အ(ဖ်)စလောက်ဒိုက်' ကမ်းခြေပေါ့။ ဒီပင်လယ်ကြီးက ရေတွေကို တားနိုင်ခဲ့တဲ့ နေရာပေါ့နော်။ ၁၉၁၃ ခုနှစ်လောက်က နယ်သာလန် ဒတ်ချ်လူမျိုးတွေဟာ ဒိုက်တွေ ရွှံ့တွေကို တားနိုင်ခဲ့တယ်ဆိုတဲ့ နေရာကြီးပေါ့ဗျာ ။ အဲဒီလို ရအောင်တားနိုင်ခဲ့လို့ သူတို့ရဲ့ အောင်မြေ ဆည်ကြီးပေါ့ဗျာ။ ဒီနေရာဟာ ဒတ်ချ်တွေက ရေတွေကို တားနိုင်ခဲ့သလိုပဲ ငါတို့မြန်မာတွေက စစ်အာဏာရှင်ကို တားနိုင်ရမယ်ဆိုတဲ့ ယုံကြည်မှုနဲ့ပေါ့ ပြည်သူတွေ စိတ်ဓါတ် မကျပါနဲ့ ၊ ငါတို့ မင်းတို့နဲ့အတူ ရှိတယ်ဆိုတာမျိုး ပြချင်လို့ အဲဒီနေရာမှာ ပိုစတာကမ်းပိန်း သွားလုပ်ကြတာပါ။ နောက်တဖွဲ့ကျတော့ နေ့လည် ၂ နာရီလောက်ကနေပြီး ညနေ ၄ နာလောက်ထိပေါ့ ဒန်ဟတ်မြို့ မာလီဘယ်ဆိုတဲ့ ကွင်းကြီးမှာ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ဆန္ဒသွားပြကြတာပါ။ "

အလားတူ ဥရောပတိုက်ထဲက ဘယ်လ်ဂျီယံနိုင်ငံမှာလည်း ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦး တော်လှန်ရေးနေ့ လှုပ်ရှားမှုကို စနေနေ့က ကျင်းပခဲ့ပါတယ်။


ကိုဉာဏ်ဝင်းအောင်/ VOA Burmese

https://burmese.voanews.com/a/global-spring-revolution-movement-around-the-world/5874918.html


စစ်အာဏာသိမ်း ဆန့်ကျင်ရေး ပြည်ပရောက်မြန်မာတွေ ဆန္ဒပြလှုပ်ရှား စစ်အာဏာသိမ်း ဆန့်ကျင်ရေး ပြည်ပရောက်မြန်မာတွေ ဆန္ဒပြလှုပ်ရှား Reviewed by THITHTOOLWIN on 21:40 Rating: 5

No comments:

Powered by Blogger.