မင်းတပ်မှာ တိုက်ပွဲပြင်းထန်၊ မိုးမောက်အုပ်ချုပ်ရေးရုံး ဗုံးပေါက်ကွဲ



ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး မေလ ၁၄ ရက် ဒီနေ့ မနက်ပိုင်း စစ်ကောင်စီဘက်က မြို့ထဲကို လက်နက်ကြီးတွေနဲ့ပါ ပစ်နေတာကြောင့် ဝန်ထမ်းအိမ်ယာတစ်ခုပေါ် ကျရောက်ပေါက်ကွဲခဲ့ တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စံပြလိုင်းခန်း ဝန်ထမ်းအိမ်ယာပေါ် လက်နက်ကြီးကျလို့ အမိုးတွေပါပေါက်ပြီး လူတွေဒဏ်ရာရခဲ့တယ်လို့ မင်းတပ်မြို့ရဲ့ CDF အဖွဲ့ဝင် တစ်ယောက်က RFA ကိုပြောပါတယ်။

ဝန်ထမ်းအိမ်ယာပေါ် ကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးကြောင့်လည်း ထိခိုက်ဒဏ်ရာရသူအချို့ရှိပေမယ့် တိုက်ပွဲတွေပြင်းထန်နေလို့ အရေအတွက်အသေးစိတ်ကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဒီနေ့တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF ဘက်က သုံးဦးကျဆုံးပြီး စစ်ကောင်စီဘက်က ကျဆုံးမှုတွေကို အတည်ပြုဖို့ ကြိုးစားနေဆဲလို့ ဆိုပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဒေသခံ ငါးယောက်ကို မေလ ၁၂ ရက်နေ့ နေ့လယ်နောက်ဆုံးထား ပြန်လွှတ် ပေးဖို့ မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ သဘောတူခဲ့ကြပေမယ့် ဒီဖမ်းထားတဲ့ သူတွေကို ပြန်မလွှတ်ပေးခဲ့တာကြောင့် အဲဒီနေ့ညကစပြီး မင်းတပ်မြို့ရဲစခန်းရှေ့အပါအဝင် နေရာအချို့မှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။

နောက်ပိုင်းမှာ စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းဖို့ ကြိုးစားတာကြောင့် မြို့ရဲ့ အရှေ့နဲ့အနောက်ဘက် တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေခဲ့ပြီး ဒီနေ့ဆိုရင် နှစ်ရက်နဲ့ နှစ်ညနဲ့ ကြာမြင့်လာခဲ့ပြီလို့လည်း မင်းတပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF ဝင်တစ်ယောက်က ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း မင်းတပ်မြို့ကိုတက်တဲ့လမ်းမှာ စစ်ကားခြောက်စီးကို မင်းတပ်ပြည်သူ့ကာကွယ်ရေး အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးတာတွေရှိသလို လက်နက်တွေကို သိမ်းဆည်းပြီး ကားတွေ ကိုတော့ မီးရှို့လိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ RFA အနေနဲ့ အတည်ပြုဖို့ ကြိုးစားနေဆဲဖြစ် ပါတယ်။

မင်းတပ်မြို့မှာ မနေ့ကစပြီး ဈေးဆိုင်တွေကိုပိတ်ထားသလို လမ်းသွားလမ်းလာတွေလည်းမရှိဘဲ တိတ်ဆိတ် နေတယ်လို့ မြို့ခံတွေကပြောပါတယ်။ အချို့နေရာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေရာယူထားလို့ အချိန်မရွေးပစ်ခတ်ခံရနိုင်တာကြောင့် လမ်းပေါ်ကိုမထွက်ဘဲ အိမ်မှာပဲနေကြရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ယောက်က ပြောပါတယ်။

မနေ့ကတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က တစ်ယောက်ကျဆုံးပြီး ခုနစ်ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ စစ်ကောင်စီက မင်းတပ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် မနေ့ကကြေညာခဲ့ပါတယ်။ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း မင်းတပ်မြို့နယ်ဟာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ယန္တရားအောက် သက်ရောက်နေပြီဖြစ်လို့ စစ်ကောင်စီရဲ့ ဘယ်အုပ်ချုပ်မှုမှ အကျုံးဝင်မှာ မဟုတ်ဘူးလို့ မနေ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီအတောအတွင်း ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ မေလ ၁၄ ရက် ဒီကနေ့မနက် ၁၀ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပြီး ရုံးဝန်ထမ်း လေးဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တယ် လို့ ဒေသခံတွေကပြောပါတယ်။ ဌာနဆိုင်ရာ အစည်းအဝေးရှိတဲ့နေ့မှာ ဗုံးပေါက်တာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုးမောက်မြို့ခံတစ်ယောက်က RFA ကိုပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံကို အရေးပေါ်တင်ထားရတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ် ကမ္ဘောဇဘဏ်(၁)ရှေ့က အာဏာသိမ်းစစ်ကောင်စီ လုံခြုံရေးယူထား တဲ့နေရာမှာလည်း မေလ ၁၄ ရက် ဒီနေ့ မနက် ၆ နာရီလောက် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်သားတစ်ယောက် ဒဏ်ရာရသွားပါတယ်။ ဘဏ်ကိုလာတဲ့ စစ်ကောင်စီရဲ့ ယာဉ်တန်းကို အချိန်ကိုက် ထောင်ထားတဲ့ ဗုံးပေါက် ကွဲတာလို့ ယူဆရတယ်ကြောင်း မြို့မရပ်ကွက်က ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် စစ်ယာဉ်တန်းမောင်းလာတဲ့ စစ်သားတစ်ယောက် ညာဖက်ခြေမှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ မန်စီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့ ဒီကနေ့ တိုက်ပွဲတွေပိုမိုပြင်းထန်ခဲ့ပြီး မနက် ၇ နာရီလောက်ကနေစလို့ စစ်ကောင်စီ ဘက်က တိုက်လေယာဉ်တွေနဲ့ နှစ်စီးတွဲ သုံးစီးတွဲရောက်လာပြီး ခြောက်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ မန်စီမြို့ခံတစ်ယောက် ပြောပါတယ်။

မန်စီမြို့အထက် ချောင်းထောက်နဲ့ မထန်ရမ်ရွာကြားမှာ အဓိက တိုက်ပွဲပြင်းထန်းနေပြီး မန်စီမြို့အခြေစိုက် တပ်ရင်း ၃၁၉ နဲ့ ၆၀၁ တပ်တွေကလည်း မြို့ထဲကနေ တိုက်ပွဲဖြစ်တဲ့ဘက်ကို လက်နက်ကြီးတွေနဲ့ အကြိမ် ၂၀ ထက်မနည်း ပစ်ကူတာတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ် ။

စစ်ကောင်စီတပ်က ပစ်ခက်လိုက်တဲ့ လက်နက်ကြီးတွေဟာ မန်စီမြို့နဲ့ ၁၀ မိုင်လောက်အကွာ အထက် ရှမ်းရွာဘေးကို ၁၀ ကြိမ်ထက်မနည်းကျရောက်ခဲ့တာကြောင့် ရွာသူ ရွာသားတွေဟာ မန်စီမြို့မှာ လာရောက် စစ်ဘေးရှောင်နေရတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ စစ်ကောင်စီတပ်တွေကို နေရာအနှံ့နီးပါး ပြန်လည်ခုခံတိုက်ခိုက်နေကြ တာကြောင့် စစ်တပ်ဘက်က အထိအခိုက်အကျအဆုံးတွေ ရှိလာခဲ့တဲ့နောက် တိုက်ပွဲမရှိတဲ့ကျေးရွာတွေကိုပါ အင်အားအများအပြားနဲ့ လိုက်လံတိုက်ခိုက်နေပါတယ်။

တဘက်မှာလည်း လူငယ်တွေက မြို့နယ်တိုင်းနီးပါးမှာ စစ်အာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်တွေကို နေ့စဉ်ဆက်လက် ပြုလုပ်နေကြပါတယ်။

RFA Burmese




မင်းတပ်မှာ တိုက်ပွဲပြင်းထန်၊ မိုးမောက်အုပ်ချုပ်ရေးရုံး ဗုံးပေါက်ကွဲ မင်းတပ်မှာ တိုက်ပွဲပြင်းထန်၊ မိုးမောက်အုပ်ချုပ်ရေးရုံး ဗုံးပေါက်ကွဲ Reviewed by THITHTOOLWIN on 21:46 Rating: 5

No comments:

Powered by Blogger.