ဆန္ဒပြပွဲတွေဆက်ရှိ၊ တွံတေးမှာပေါက်ကွဲမှုဖြစ်ပြီး ၁၁ ယောက် ဖမ်းဆီးခံရ

စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ရန်ကုန်မြို့မှာ မနေ့က နည်းခဲ့ပေမဲ့ ဒီနေ့တော့ ဆရာဝန်တွေ ဂျူတီကုတ်အဖြူဝတ် ဆန္ဒပြတာအပါအဝင် မြို့နယ်တချို့က ဆန္ဒပြပွဲတွေမှာ အင်အား ရာချီ ပါဝင်ခဲ့ကြပါတယ်။ ကျောက်မဲမြို့ ဆန္ဒပြပွဲကတော့ စစ်တပ်နဲ့ရဲက မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ဖြိုခွဲခံရပါတယ်။ မနေ့ညက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ တွံတေးမြို့မှာတော့ ၁၁ ဦးအဖမ်းခံရပါတယ်။ ခုလို မြန်မာနိုင်ငံတဝန်းက အခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က ပြောပြပါမယ်။

ရန်ကုန်မြို့မှာ အဖြူရောင်ဂျုတီကုတ် ဝတ်ဆင်ဆန္ဒပြကြတဲ့ White Coat လှုပ်ရှားမှုလုပ်ကြတဲ့ ဆရာဝန်တွေအပါအဝင် မြို့နယ်တချို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

တောင်ဒဂုံ၊ မရမ်းကုန်း၊ ကမာရွတ်နဲ့ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ လှိုင်သာယာမြို့နယ်တွေမှာ လ ျှပ်တပြက်သပိတ်တွေရှိခဲ့ပြီး မတူတဲ့မြို့နယ်တွေက ဆန္ဒပြသူတွေ ပူးပေါင်းဆန္ဒပြကြတာလည်းရှိခဲ့တဲ့အတွက် အလုံမြို့နယ်ထဲက ဆန္ဒပြပွဲတခုမှာ အင်အား ရာနဲ့ချီ များခဲ့တယ်လို့ ဆန္ဒပြသူတယောက်က VOA ကိုပြောပြပါတယ်။

“ဒီနေ့ ထူးထူးခြားခြားဆိုလို့ရှိရင်တော့ White Coat က ယူနီဖောင်းတွေနဲ့ထွက်လာတယ်။ ဈေးတွေကို အခြေပြုပြီးထွက်ကြပါတယ်။ မနက်စောစောစီးစီးတော့ လှိုင်ကထွက်တယ်ဗျ။ ပြီးတော့ White Coat ထွက်တယ်။ ပြီးတော့ ဆင်မင်းဈေးမှာ ထွက်တယ်ပေါ့နှော်။ ပြီးတော့ ကျနော်တို့ ခုပဲကြည့်မြင်တိုင်ညဈေးမှာ ထွက်လိုက်တယ်ပေါ့နှော်။ သပိတ်ခွဲပြီးတာ နာရီပိုင်းပဲ ရှိပါသေးတယ်။ ကျနော်တို့ဆိုလို့ရှိရင် ၁၅၀ လောက်၊ မနက်က ဆင်မင်းဈေးမှာဆိုရင် ၂၀၀ လောက်ရှိမယ်။ ကျန်တဲ့ အလုံနဲ့ White Coat ကတော့ ဈေးထဲမှာထွက်တာဆိုတော့ အင်အားက ဈေးသူဈေးသားနဲ့ ပေါင်းတော့တော်တော်များတယ်။ ဈေးသူဈေးသားတွေကလည်း ပါဝင်ကြပါတယ်ဗျ။ လုံခြုံရေးအခြေအနေကြောင့် ရန်ကုန်သပိတ်တွေကတော့ ဈေးကို အခြေပြုပြီးထွက်နေကြတာပါ။”

ဒီနေ့အစောပိုင်းက ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် နားနေဆောင်အနီးမှာ ဗုံးပေါက်ကွဲခဲ့ပြီးနောက် ကျောင်းသား ၁ ယောက်နဲ့ သူငယ်ချင်း ၂ ယောက် စုစုပေါင်း ၃ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ တက္ကသိုလ်ကျောင်းသားသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်က အမှတ် ၅ အထက်တန်းကျောင်းဝန်းထဲမှာလည်း ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကမ္ဘောဇဘဏ်တခုနဲ့ မိုးမောက်မြို့က ထွေအုပ်ရုံးတို့မှာလည်း ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။

ရှမ်းပြည်နယ် ကျောက်မဲမြို့မှာတော့ ဒီနေ့ချီတက်ဆန္ဒပြပွဲတခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားအပြည့်နဲ့ နှစ်ဘက်ပိတ်ပြီး မျက်ရည်ယိုဗုံးတွေ၊ ရော်ဘာကျည်သုံးပြီး ပစ်ခတ်ဖြိုခွင်းလို့ လူငယ်နှစ်ဦး ရော်ဘာကျည် ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆန္ဒပြပွဲမှာပါတဲ့ ဒေသခံတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီအောင်ဆန်လမ်းအတိုင်း တက်သွားပြီးတော့ ဗဟိုဈေးထောင့်ရောက်တဲ့အချိန် အဲ့မှာ ကားတစီးကနေပြီးတော့မှ အောက်လမ်းကနေ ထွက်လာတဲ့အချိန်ပေါ့နော် ထွက်လာပြီးတော့မှ ကျနော်တို့က အဲ့မှာတင် သူတို့ဘာပြန်လုပ်လဲဆိုတော့ အဲ့ကား ကလေးတွေနောက်ကို လိုက်သွားပြီးတော့မှ ကလေးလမ်းကြားဝင်ပြီးတော့မှ ဟိုဘက်ထိပ်မှာလည်း စစ်ကားတွေပိတ်ထားပြီးမှ အဲ့ချိန်မှာ ဒီကောင်တွေ လမ်းမှာတွေ့တဲ့အချိန်မှာ ပထမဆုံ းမျက်ရည်ယိုဗုံးခွဲလိုက်တယ်ပေါ့နော် ။မျက်ရည်ယိုဗုံးခွဲပြီးတဲ့အချိန်မှာ အဲ့မှာ ရော်ဘာကျည်ပါ ပါလာတယ်။ရော်ဘာကျည်ပါလာတဲ့အချိန် ကျနော်တို့ ကလေးနှစ်ယောက်ထိသွားတယ်ဗျ။”

နမ့်ခမ်းမြို့မှာလည်း ရက် ၁၀၀ ကျော်ပေမယ့် သွေးမအေးတဲ့ နမ့်ခမ်းဆိုပြီး လူငယ်တွေ မြို့ထဲ လှည့်လည်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ နေ့စဉ်လို ချီတက်ဆန္ဒပြပွဲတွေရှိတဲ့ မန္တလေး၊ ဖားကန့်၊ ထားဝယ်၊ လောင်းလုံမြို့တွေမှာ ဒီကနေ့လည်း လူရာချီ ဆန္ဒထုတ်ဖော်ကြပါတယ်။

ကျောက်မဲမြို့က လမ်းလျှောက်သပိတ်ကို စစ်ကောင်စီတပ်ကဖြိုခွင်းခဲ့ပေမယ့်ညနေပိုင်းမှာလူပြန်စုပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ မိုးညှင်း၊ မြစ်ကြီးနား၊ မိတ္ထီလာ၊ နမ့်ခမ်း၊ ရွှေဘိုနဲ့ ရေဦးမြို့တွေမှာလည်းဆိုင်ကယ်သပိတ်၊ ပျောက်ကြားသပိတ်တွေပြုလုပ်ကြပါတယ်။

မေလ ၁၃ ရက်ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ တွံတေးမြို့က မြို့နယ် အထက ၂ ကျောင်းအနီးမှာ ပေါက်ကွဲမှုနဲ့အတူ သေနတ်သံတွေလည်း ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနောက် တွံတေးမြို့ခံ ၁၁ ယောက် ဖမ်းဆီးခံရပါတယ်။

“မနေ့က ညကလေ ည ၇ နာရီခွဲလောက်မှာ တွံတေး အထက ၂ အဲ့နားမှာ သေနတ်တချက် ဗုံးတချက် အသံထွက်တယ်။ ဗုံးကတော့ ပြည်သူတပ်ဖွဲ့ PDF က ပစ်တာဖြစ်ဖို့များတယ်။ ပြီးတော့ သူတို့ အဲ့အဖွဲ့ကို အနောက်ကနေပြေးလိုက်သွားတယ်။ ပြေးလိုက်တာက သူတို့က စစ်ဝတ်နဲ့ မဟုတ်ဘူး၊ အရပ်ဝတ်နဲ့ ပြေးလိုက်တာ။ အရပ်ဝတ်နဲ့ သေနတ်ကိုင်ပြီးတော့ ပြေးလိုက်တယ်။ မနေ့ကပြည်သူ့တပ်ဖွဲ့က ပါတယ်လို့တော့ အသံမကြားရသေးဘူး။ ဒါပေမယ့် ၁၁ ယောက်ဖမ်းသွားတယ်လို့ တော့ ကြားတယ် အတိအကျပေါ့။ ပြည်သူ့တပ်ဖွဲ့ဘက်ကမဟုတ်ဘူး ပြည်သူတွေဘက်ကပေါ့။”

မြန်မာနိုင်ငံအနှံ့မှာ စစ်တပ်အာဏာသိမ်း အုပ်ချုပ်နေတဲ့အပေါ် ပြည်သူတွေက ရတဲ့နည်းနဲ့ ဆက်ပြီး ဆန္ဒပြနေကြသလို တချို့ကလည်း တော်လှန်ပုန်ကန်တဲ့ပုံစံမျိုး လုပ်လာကြပါတယ်။


 စုမြတ်မွန်/ VOA Burmese

https://burmese.voanews.com/a/myanmar-on-going-protest-against-military-coup/5890653.html

ဆန္ဒပြပွဲတွေဆက်ရှိ၊ တွံတေးမှာပေါက်ကွဲမှုဖြစ်ပြီး ၁၁ ယောက် ဖမ်းဆီးခံရ ဆန္ဒပြပွဲတွေဆက်ရှိ၊ တွံတေးမှာပေါက်ကွဲမှုဖြစ်ပြီး ၁၁ ယောက် ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 02:40 Rating: 5

No comments:

Powered by Blogger.