အနာဂတ်မှာ လူထုတစ်ရပ်လုံးနဲ့အတူ ရပ်တည်သွားမယ်လို့ KNU ဗဟိုပြော


နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့အတွက် NCA မူဘောင်ကို ဆက်လက်ကျင့်သုံးမယ်ဆိုတဲ့ KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးရဲ့ ပြောဆိုချက်အပေါ် အောက်ခြေတပ်မဟာတွေမှာ အမြင်အမျိုးမျိုးကွဲနေပေမဲ့၊ KNU ဗဟိုကတော့ နဂိုမူဝါဒတွေအတိုင်း လူထုတစ်ရပ်လုံးနဲ့အတူ ဆက်လက်ရပ်တည်သွားမယ်လို့ KNU ဗဟို နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီး က ပြောလိုက်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ KNU ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်ဟာ လက်ရှိပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးအပေါ် ရိုက်ခတ်လာနိုင်သလို၊ KNU ခေါင်းဆောင်ပိုင်း အပြောင်းအလဲတောင် ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

NCA မူဘောင်ကို ဆက်လက်ကျင့်သုံးပြီး နိုင်ငံရေးပြသနာကို တွေ့ဆုံညှိနှိုင်းရေးလမ်းကြောင်းအတိုင်း ဆက် သွားမယ်ဆိုတဲ့ KNU ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်ကို၊ KNU ကရင်အမျိုးသားအစည်းရုံးအတွင်းမှာ လက်ခံသူတွေ ရှိသလို လက်မခံသူတွေလည်းရှိနေပါတယ်။

အမျိုးသားတန်းတူရေးမူကိုကိုင်စွဲပြီး အနှစ် ၇၀ နီးပါး လက်နက်ကိုင်တော်လှန်ခဲ့တဲ့ KNU အနေနဲ့ ဒေသ ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးအတွက်၊ တွေ့ဆုံဆွေးနွေးမှုတွေကနေ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သလို၊ စစ်ကောင်စီလက်ထက်မှာလဲ NCA မူဘောင်အတိုင်းဆက် သွားမယ်လို့ KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးက အခုလ ၁၀ ရက်နေ့မှာ သူ့ရဲ့သဘောထားကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

တပ်မဟာ ၆ ဒူပလာခရိုင်ဥက္ကဋ္ဌ စောရွှေမောင်းဟာ KNU ဥက္ကဋ္ဌရဲ့‌မေလ ၁၀ ရက်နေ့ထုတ်ပြန်ချက်ကို၊ သုံးရက် အကြာ မေလ ၁၃ ရက်နေ့မှာကတည်းက ထောက်ခံကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

ဖြတ်သန်းလာတဲ့ နိုင်ငံရေးအတွေ့အကြုံရ၊ လက်ရှိပြဿနာတွေကို အကြမ်းဖက်နည်းလမ်းနဲ့ဖြေရှင်းရင် တိုင်းပြည် ဒီထက်ပိုပြီး နစ်နာနိုင်တာကြောင့်၊ ဥက္ကဋ္ဌရဲ့သဘောထားကို ထောက်ခံတယ်လို့ KNU တပ်မဟာ ၆ ဒူးပလာခရိုင် ဥက္ကဋ္ဌ စောရွှေမောင်း က RFA ကို ပြောပါတယ်။

“အကြမ်းဖက်နည်းနဲ့ ကျွန်တော်တို့ဆောင်ရွက်လာခဲ့ နှစ်ပေါင်းကလည်း ကျွန်တော်တို့ရဲ့ အတွေ့အကြုံ အရဆိုရင် ၆၃ နှစ် ကျွန်တော်တို့ဆောင်ရွက်ခဲ့တယ်၊ အဲဒါ KNUအစည်းအရုံးရဲ့ ဆောင်ရွက်မှုအနေနဲ့ ကျွန်တော်တို့ရဲ့လိုက်ပါလာမှုက နှစ်ပေါင်း ၅၀ လိုက်ပါလာခဲ့တယ်၊ အတွေ့အကြုံရဆိုရင် ဒီလိုဟာက အဖြေရလဒ်ကောင်းတစ်ခုမှ မတွေ့မြင်ရဘူး၊ အဲဒီအပေါ်မှာ ကျွန်တော်ကတော့ ယခင် ကျွန်တော်တို့ရဲ့ နိုင်ငံတကာရှေ့မှောက်မှာ ကတိပြုထားတဲ့ လမ်းကြောင်းကသာလျှင် တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာ တဲ့လမ်းကြောင်းကသာလျှင် ကျွန်တော်တို့ရဲ့နိုင်ငံအတွက်၊ ကျွန်တော်တို့ရဲ့ပြည်သူအတွက်၊ ကျွန်တော် တို့ရဲ့ အမျိုးသား အကျိုးစီးပွားအတွက် အကျိုးဖြစ်ထွန်းနိုင်တယ်လို့ ယုံကြည်တဲ့အပေါ်မှာ အဲဒီလိုမျိုး ထုတ်ပြန်ခြင်း ကျွန်တော်ရဲ့ သဘောထားကို တင်ပြခြင်းဖြစ်ပါတယ်”

ဥက္ကဋ္ဌစောမူတူးစေးဖိုးရဲ့ ထုတ်ပြန်ချက်မှာ သက်ဆိုင်သူအားလုံးကို၊ NCA လမ်းကြောင်းအတိုင်း လိုက်နာ ကျင့်သုံးပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ တိုက်တွန်းထားပါတယ်။

KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောစိုးမြင့် ကတော့ လက်ရှိနိုင်ငံရေးအခင်းအကျင်းဟာ NCA လမ်းကြောင်း အတိုင်းသွားလို့မရဘူးလို့ ပြောပါတယ်။

“NCA လမ်းကြောင်းအတိုင်း ဆက်သွားလို့မရဘူးလို့ ကျွန်တော်ထင်တယ်၊၂၀၁၂ ကနေ ၂၀၂၁ အထိက ဘာမှကျွန်တော်တို့အရေးဆိုလို့မရဘူး၊ တပ်မတော်ဘက်က ကျွန်တော်တို့ကိုပြောတာကတော့ တပ်မတော် တစ်ခုထဲထားရှိရေးဆိုလို့ရင် ရှင်းရှင်းပြောရရင် ကျွန်တော်တို့ကို လက်နက်ချခိုင်းတာပဲ၊ ကျွန်တော်တို့က လက်နက်ချဖို့ တော်လှန်တာမှမ ဟုတ်တာ၊ စေ့ပ်ညှိနှိုင်းဖို့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့နော်၊တဘက်ကို ရန်သွားစဖို့လည်းမဟုတ်ဘူး။ တဘက်က ကျွန်တော်တို့ကို ရန်လာစရင်တော့ ကိုယ့်ကိုကိုယ်ကာကွယ် ဖို့တော့ လုပ်ရမှာပဲလေ၊ ပြည်တွင်းစစ်ကလည်း နှစ် ၇၀ ကျော်ပြီ၊ စစ်တပ်ကအာဏာသိမ်းတာလည်း ၆၂၊ ၈၈ အခုချိန်ထိ တပ်နဲ့ အာဏာသိမ်းတာ နိုင်ငံလည်းမွဲပြာကျပြီး၊ အခုတစ်တိုင်းပြည်လုံး ပြည်သူကလည်း လက်မခံဘူး၊ ကျွန်တော်ကတော့ ပြည်သူတွေနဲ့ တစ်သားထဲပဲရှိတယ်လို့ပဲ ပြောချင်တယ်”

လက်ရှိမှာ KNU အတွင်း တပ်မဟာတစ်ခုချင်းစီရဲ့ သဘောထားနဲ့ ခေါင်းဆောင်ပိုင်းအမြင်တွေ ထပ်တူကျ ဖို့တော့ ဆွေးနွေးရလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

“နိုင်ငံရေးဖြတ်သန်းမှုအရ အဖွဲ့အတွင်းမှာ အမြင်မတူတာတွေရှိနိုင်ပေမဲ့၊ KNU အဖွဲ့ဝင်အားလုံးဟာ အဖွဲ့ရဲ့ ဘုံရပ်တည်ချက်အောက်ကနေပဲ အတူသွားဖို့လိုတယ်” လို့ မှတ်ချက်ပေးပါတယ်။

“ကျွန်မတို့အရပ်ဘက်အဖွဲ့အစည်းက ဒါကလက်ခံလို့မရဘူး၊ ဒါကဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ KNU ကလည်း ဒီအာဏာရှင်စနစ်ကိုတိုက်လာတာ နှစ်ပေါင်း ၇၀ ကျော်ရှိပြီလေ၊ KNU ကလည်း အရင်က ကြေညာချက်မှာ ထုတ်ထားတာ စစ်အာဏာရှင်ကို လက်မခံဖို့ပေါ့နော်၊ ပြီးတော့အသိအမှတ်မပြုဖို့ ပြီးတော့ ပြည်သူလူထုဘက်ကို ရပ်တည်ဖို့ ကြေညာချက်တွေ ထုတ်ထားတာရှိတယ်ဆိုတော့ KNU သဘောထားနဲ့တော့ မကိုက်ညီဘူး၊ ပုဂ္ဂိုလ်ရေးအရ ထုတ်ထားတာဖြစ်တယ်၊ ဒါကလုံးဝမဖြစ်သင့် ဘူးပေါ့နော်”

ဒီလိုအမြင်အမျိုးမျိုးကွဲနေတဲ့အပေါ်  KNU ဗဟိုရဲ့ပြောခွင့်ရသူလည်းဖြစ်တဲ့ ဗဟိုနိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ “ဥက္ကဋ္ဌရဲ့သဘောထားဟာ သူတစ်ဦးတည်းရဲ့ သဘောထားသာဖြစ်ပြီး၊ KNU ဗဟိုကတော့ နဂိုလ်ကတည်းကရှိထားတဲ့ မူဝါဒတွေအတိုင်းသာ လူထု တစ်ရပ်လုံးနဲ့အတူ ရပ်တည်သွားမယ်” လို့ ပြောပါတယ်။

“ဗဟိုကပြောလိုက်တာ မဟုတ်ပါဘူး၊ ဒါကဗဟိုခေါင်းဆောင်တစ်ယောက်ယောက်ရဲ့ သူ့ပုဂ္ဂလိက အတွေး အမြင်နဲ့ ပြောထားတာဖြစ်ပါတယ်။ ဒီထုတ်ပြန်ထားတဲ့ဟာတွေကို ကြည့်မယ်ဆိုရင်လည်း တစ်ဦးချင်းစီရဲ့ သဘောထားတွေဖြစ်ပါတယ်။ အဖွဲ့အစည်းနဲ့မဆိုင်ပါဘူး၊ အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ အလုပ်တွေ ကျွန်တော်တို့ဆက်လုပ်နေပါတယ်၊ အဲဒါကြောင့်မို့ အဲကိစ္စတွေနဲ့ပတ်သက်လို့ ထူးထူးထွေထွေပြောစရာ မရှိပါဘူး၊ အဖွဲ့အစည်းတစ်ခုလုံးနဲ့ ပတ်သက်ပြီးတော့ အမျိုးသားရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်နေပါတယ်”

KNU ဗဟိုဟာ “စစ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ဒီလိုအာဏာသိမ်းတာကို လက်မခံကြောင်း၊ ငြိမ်းချမ်း စွာ ဆန္ဒပြတဲ့ ကျောင်းသားလူငယ်တွေနဲ့ အရပ်သားတွေကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်နေတာကို ကန့်ကွက် ကြောင်းနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့” တစိုက်မတ်မတ် ထုတ်ပြန်တောင်းဆို နေတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းအာဏာဖီဆန်ရေးလှုပ်ရှားမှုကို စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းနေတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးတွေ၊ NLD အဖွဲ့ဝင်တွေနဲ့ Gen Z လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ် သုံးထောင်ကျော်လောက်ဟာ KNU နယ်မြေထဲ ခိုလှုံလာကြတယ်၊ သူတို့ကို ကူညီပေးနေ တယ်လို့လည်း နော်ဝါခူရှီး က ပြောပါတယ်။

KNU ဥက္ကဋ္ဌရဲ့ထုတ်ပြန်ချက်ကြောင့် ကေအဲန်ယူနယ်မြေထဲ ခိုလှုံလာတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ‌တွေရဲ့ အနာဂတ်လုံခြုံရေး အန္တရာယ်ရှိနိုင်သလား၊ ပြည်တွင်းခုခံမှုတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိလာနိုင်မလဲ ဆိုတာတွေ သိနိုင်ဖို့အတွက် NUG ဒုကာကွယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ရှိအခြေအနေဟာ သတိကြီးစွာထားရမယ့် အနေအထားဖြစ်ပြီး၊ KNU နဲ့ မဟာမိတ်အနေအထား ဆက်ဆံ‌ နေရတာကြောင့် မှတ်ချက်မပေးနိုင်သေးကြောင်း အင်တာနက်ကတဆင့် တုံ့ပြန်ဖြေကြားပါတယ်။

ဥက္ကဋ္ဌ စောမူတူးစေးဖိုးရဲ့ ထုတ်ပြန်ချက်ဟာ၊ စစ်ကောင်စီနဲ့ လောလောဆယ် မဆွေးနွေးပေမယ့် တရားမဝင်အဖွဲ့အဖြစ် ကြေညာထားတဲ့ NUG လို အဖွဲ့တွေနဲ့ လက်တွဲလုပ်မယ်ဆိုရင် KNU အနေနဲ့ NCA လမ်းကြောင်းကနေ သွေဖယ်ရာရောက်နိုင်တယ်လို့ ယူဆတာကြောင့် အခြေအနေထိန်းတဲ့အနေနဲ့ ထုတ်ပြန်တာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဥိးရဲထွန်း က သုံးသပ်ပါတယ်။

“အဓိကက အဲဒီဟာထုတ်ပြန်တဲ့ပုဂ္ဂိုလ်က စောမူတူးစေးဖိုးဆိုတော့ သူက NCA လမ်းကြောင်းကို လျှောက်ဖို့ NCA ဖြစ်အောင် ကြိုးစားခဲ့တဲ့ အရေးကြီးတဲ့အခန်းကဏ္ဍမှာပါတယ်၊နစက က အာဏာ လွှဲယူလိုက်တဲ့အခါ ဒီကာလမှာ မဆွေးနွေးသေးဘူးဆိုတာက ပြဿနာမရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အစိုးရမရှိသေးလို့၊ ပြည်သူလူထု ရွေးကောက်ထားတဲ့အစိုးရ မရှိသေးလို့စသဖြင့်ပေါ့ဗျာ ဒါကပြဿနာ မရှိသေးဘူး၊ ဒါပေမဲ့ ဒီအစိုးရက အခြေခံဥပဒေအရသွားနေတာ၊ သူတို့ကိုပုန်ကန်တိုက်ခိုက်မယ်၊ အသိ အမှတ် မပြုဘူး၊ စင်ပြိုင်အစိုးရထောင်မယ် ဆိုတဲ့အဖွဲ့နဲ့ ပူးပေါင်းမယ်ဆိုလို့ရင် သူတို့က NCA လမ်း ကြောင်းကနေ ချော်ထွက်သွားတဲ့သဘောဖြစ်သွားတယ်၊ ဒါကြောင့်မို့ သူက မူတူးစေးဖိုးက ဒါတွေကို သဘောပေါက်လို့ ပြန်ပြီးတည့်မတ်လိုက်တဲ့သဘောပေါ့၊ NCA လမ်းကြောင်းအတိုင်းသွားမယ် ရွေးကောက်ပွဲလုပ်ပေးပါမယ်ဆိုတဲ့ ဒီနှစ်နှစ်အတွင်းမှာတော့ ဆွေးနွေးချင်မှဆွေးနွေးမယ်ပေါ့နော် ဒီအစိုးရနဲ့ နစကနဲ့”

KNU ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်ဟာ KNU အဖွဲ့အတွင်းမှာရော၊  တော်လှန်ရေးအင်အားစုတွေကြားမှာပါ ရိုက်ခတ်မှု ရှိလာနိုင်တယ်လို့လည်း ဦးရဲထွန်းက ဖြည့်စွက်ပြောကြားသွားပါတယ်။

တိုင်းရင်းသားအရေးလေ့လာသူ စိုင်းထွန်းအောင်လွင် ကတော့ “KNU ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်ဟာ လာမယ့် ဇွန်လထဲမှာကျင်းပမယ့်၊ လေးနှစ်တစ်ကြိမ်ပြုလုပ်လေ့ရှိတဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်ရွေးချယ်မှုအထိပါ ရိုက်ခတ်နိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။

“အဲတော့ KNU အနေနဲ့ လာမယ့် ကွန်ဂရက်မှာ အဓိကကျတာပေါ့ဗျာ၊ အဲဒီမှာတစ်ခုခု အလုပ်ဖြစ်ဖွယ်ရှိတဲ့ ဆုံးဖြတ်ချက်တွေဘာတွေလဲမကျဘူး၊ တစ်ချိန်ထဲမှာလဲ ဥပမာ နိုင်ငံရေးက ဒီအတိုင်း ဆက်ပြီးမှ လိပ်ခဲတည်းလဲဖြစ်နေမယ်ဆိုရင် ဒါကြီးကရိုက်ခတ်မှုတွေ ရှိနိုင်မယ့်သဘောပေါ့၊ နောက်တစ်ခု က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း အနောက်ဖက်ကနေ မရပ်ပေးနိုင်ဘူးဆိုရင် ကြား ဝင်ပြီးတော့ ညှိနှိုင်းတာမျိုးတို့ ဘာတို့ကိုလုပ်သင့်တယ်ပေါ့နော်၊ စမ်းကြည့်သင့်တယ်ပေါ့၊ အာဏာသိမ်း စစ်ကောင်စီနဲ့ တဘက်က NUG ခေါင်းဆောင်တွေ ကြားမှာလည်း အရှိန်တက်ပြီး ထိပ်တိုက်တွေ့မယ့် လမ်းပေါ်ကိုပဲ ဦးတည်နေတဲ့သဘောဖြစ်တယ်ပေါ့နော်၊ ဆွေးနွေးမယ်ဆိုရင်တောင် တဘက်နဲ့ တဘက် သူအသာရကိုယ်အသာရပုံစံမျိုးနဲ့မှ ဆွေးနွေးမယ့်သဘောဖြစ်နေတော့ ဒီပုံစံအတိုင်းဆက်သွားရင် အဖြရှာရခက်မယ်”

KNU ဗဟိုဟာ ထိပ်တန်းခေါင်းဆောင်တွေပါဝင်တဲ့ ဗဟိုကွန်ကရက်အစည်းအဝေးကို လေးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး၊ ပြီးခဲ့တဲ့အစည်းအဝေးကို ၂၀၁၆ နှစ်က နောက်ဆုံးကျင်းပခဲ့တာပါ။

ဒါကြောင့် ၂၀၂၀ မှာ ကွန်ကရက်အစည်းအဝေး ထပ်ခေါ်ရမှာဖြစ်ပေမယ့်၊ ကိုရိုနာကပ်ရောဂါကြောင့် မလုပ် နိုင်ခဲ့ဘဲ အခု ၂၀၂၁ ထဲမှာ လုပ်ဖို့စီစဉ်ထားတယ်လို့ ဗဟိုနိုင်ငံခြားရေးတာဝန်ခံ စောတောနီးက ပြောထား ပါတယ်။

KNUအဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ နိုင်ငံရေးသြဇာအရှိဆုံးနဲ့ စစ်အာဏာရှင်ကို သက်တမ်းအရှည်ဆုံး တော်လှန်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၁၉၆၂၊ ၁၉၈၈ ခုနှစ်ကာလတွေမှာ KNU နယ်မြေထဲ ထွက်ပြေး ခိုလှုံလာတဲ့ ပြည်တွင်းအင်အားစုတွေကို လက်ခံကူညီခဲ့ပြီး၊ ဘုံရန်သူကို အတူတိုက်ရေးမှာ တစ်လျှောက်လုံး အတူရပ်တည်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်မှာတော့၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးခဲ့ပြီးတဲ့နောက်၊ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှာပါဝင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ‌ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ စစ်ကောင်စီနဲ့ငြိမ်းချမ်းရေး ဆွေးနွေးတာ တွေကို ရပ်နားထားခဲ့တာကြောင့်၊ မေလ ၁၀ ရက်နေ့ကထုတ်ပြန်တဲ့ KNU ဥက္ကဋ္ဌရဲ့ ကြေညာချက်အပေါ် KNU ဗဟိုက ဘယ်လိုဆက်လက်ဆောင်ရွက်မလဲဆိုတာကို တစ်နိုင်ငံလုံးက စိတ်ဝင်တစားစောင့်ကြည့်နေကြ ပါတယ်။

RFA Burmese



အနာဂတ်မှာ လူထုတစ်ရပ်လုံးနဲ့အတူ ရပ်တည်သွားမယ်လို့ KNU ဗဟိုပြော အနာဂတ်မှာ လူထုတစ်ရပ်လုံးနဲ့အတူ ရပ်တည်သွားမယ်လို့ KNU ဗဟိုပြော Reviewed by THITHTOOLWIN on 21:44 Rating: 5

No comments:

Powered by Blogger.