အိဒ်နေ့ကို ပျော်ပွဲရွှင်ပွဲအသွင်မလုပ်ဖို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်နဲ့လူငယ်အဖွဲ့အစည်းတချို့ကတောင်းဆို

မိတ္ထီလာက ဗလီတစ်ခုဆီ ဝတ်ပြုဖို့ ရောက်လာတဲ့ မွတ်စလင်အမျိုးသားတွေ

မကြာခင်ကျရောက်မယ့် အစ္စလမ်ဘာသာဝင်တွေရဲ့နေ့ထူးနေ့မြတ်တစ်ခုဖြစ်တဲ့ အိးဒ်နေ့ကို အများပြည်သူစိတ်အနှောက်ယှက်ဖြစ်အောင် ပျော်ပွဲရွှင်ပွဲအသွင်မပြုလုပ်ကြဖို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်နဲ့လူငယ်အဖွဲ့အစည်းတချို့ကတောင်းဆိုလိုက်ပါတယ်။

"ကျွန်တော်တို့ကအိးဒ်ပွဲတော်ကိုမလုပ်ဖို့တောင်းဆိုတာမဟုတ်ဘူး။ အများပြည်သူစိတ်အနှောက်ယှက်ဖြစ်စေတဲ့ ပုံစံနဲ့မပျော်ရွှင်ဖို့အတွက်မေတ္တာရပ်ခံထားတာပါ။ တိုင်းပြည်ကလူတွေဟာ ပူဆွေးသောကရောက်နေချိန်မှာ ပြည်သူတွေက စိတ်သောကရောက်နေတဲ့အတွက် ကျွန်တော်တို့မွတ်စလင်တွေကို ကျွန်တော်တို့မွတ်စလင်တွေကပဲ မေတ္တာရပ်ခံတာပါ"လို့ မော်လမြိုင်မွတ်စလင်မျိုးဆက်အဖွဲ့က မေတ္တာရပ်ခံစာထုတ်ပြန်ရတဲ့အကြောင်းရင်းကိုပြောပြပါတယ်။

ဒီလိုလူငယ်အဖွဲ့တွေရဲ့ထုတ်ပြန်ချက်နဲ့ပတ်သတ်ပြီး အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဦးစန်းလွင်ကလည်း အခုလိုမေတ္တာရပ်ပါတယ်။

''တကယ်တော့အစ်ဒ်ရဲ့သဘောကပျော်ပွဲရွှင်ပွဲကိုမဟုတ်ဘူး။ အိဒ်ဆိုတဲ့အဓိပ္ပါယ်ကတော့ ပျော်တယ်။ ဒါပေမဲ့ ပွဲဆိုတာတော့မဖြစ်သင့်ဘူး။ လက်ရှိမြန်မာတနိုင်ငံလုံးက အားလုံးက အပူလုံးကြွယူကျုံးမရဖြစ်နေတဲ့အချိန်အခါဖြစ်တယ်။ အဲ့ဒီတော့ဘာသာရေးဆိုင်ရာဝတ်ပြုပွဲတွေလုပ်ကြမယ်။ သိုသိုသိပ်သိပ်နဲ့ပဲလုပ်ကြမယ်။ အရင်လို ဝတ်ကောင်းစားလှနဲ့ပန်းခြံတွေလျှောက်သွားအပြင်ကိုသွားတာတွေ ဘာမှမလုပ်စေချင်ဘူး။ ဘုရားရှိခိုးမယ်၊အိမ်ပြန်မယ်၊ အိမ်မှာမုန့်လေးဘာလေးလုပ်မယ်၊ အိမ်နီးနားချင်းတွေဝေမယ်။တတ်နိုင်ရင်အပြင်တောင်မထွက်စေချင်ဘူး။ဝမ်းနည်းနေတယ်ဆိုတာ၊မပျော်နိုင်တာကို မွတ်စလင်လူထုတစ်ခုလုံးကပြစေချင်တယ်''

မြန်မာနိုင်ငံကြီးမှာရှိတဲ့ပြည်သူနဲ့အတူ မွတ်စလင်တွေဟာလည်း နိုင်ငံ့အစိတ်အပိုင်းတစ်ခုအနေနဲ့ပါတာကြောင့် ၀တ်တက်တဲ့အခါ ဗလီတိုင်းမှာ ကွယ်လွန်သွားတဲ့သူတွေ၊ ကျဆုံးသွားတဲ့သူတွေအတွက်ဆုတောင်းပေးစေချင်တဲ့အကြောင်း သူက ထပ်လောင်းမေတ္တာရပ်ခံပါတယ်။

ဒါ့ပြင် လတ်တလောအခြေနေမှာ လူမျိုးရေးဘာသာရေးအရ ထိလွယ်ရှလွယ်တဲ့ပြောဆိုမူတွေ၊ လူမူကွန်ယက်ကရေးသားမူတွေကိုရှောင်ရှားဖို့နဲ့ ဘာသာလူမျိုးတွေကြား အမုန်းပွားစေမယ့် အကြောင်းအရာဝါဒဖြန့်မူတွေကိုလည်း သတိထားရှောင်ရှားဖို့လိုတယ်ဆိုတဲ့အကြောင်း အစ္စလာမ်အဖွဲ့အစည်းတွေကမေတ္တာရပ်ခံထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

အိဒ်နေ့ကို ပျော်ပွဲရွှင်ပွဲအသွင်မလုပ်ဖို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်နဲ့လူငယ်အဖွဲ့အစည်းတချို့ကတောင်းဆို အိဒ်နေ့ကို ပျော်ပွဲရွှင်ပွဲအသွင်မလုပ်ဖို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်နဲ့လူငယ်အဖွဲ့အစည်းတချို့ကတောင်းဆို Reviewed by THITHTOOLWIN on 23:00 Rating: 5

No comments:

Powered by Blogger.