ဗဟိုနဲ့ မြို့နယ်ကာကွယ်ရေးတပ်တွေ ချိတ်ဆက်မည်



စစ်ကောင်စီတပ်တွေကို ခုခံကာကွယ်နိုင်ဖို့အတွက်၊ NUG က ဖွဲ့လိုက်တဲ့ ဗဟိုပြည်သူ့ကာကွယ်ရေး တပ်မ တော် PDF နဲ့ ပြည်တွင်းက ပြည်နယ်၊ တိုင်း၊ မြို့နယ် အလိုက် ပြည်သူ့ကာကွယ်ရေးတပ်တွေ ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ဒု-ကာကွယ် ရေးဝန်ကြီး ဒေါ်ခင်မမမျိုး က ပြောလိုက်ပါတယ်။

မကြာခင်ကမှ ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ဟာ ပြည်တွင်းမှာရှိတဲ့ တိုင်း နဲ့ ပြည်နယ်၊ မြို့နယ် အလိုက်ဖြစ်ပေါ်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ နဂိုကတည်းက သတင်းအချက်အလက် ချိတ် ဆက်ဆောင်ရွက်ထားသလို၊ ပြည်တွင်းတပ်ဖွဲ့အချို့ကလည်း ဗဟိုကို ဆက် သွယ်လာပြီးသားဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဒုကာကွယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုး က ပြောပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေး၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေကို စနစ်တကျ ဖွဲ့စည်းထားသလို၊ ဗဟိုပြည်သူ့ကာကွယ်ရေးတပ် PDF အောက်မှာလည်း ပြည်တွင်းနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်မယ့် အရေးကြီးကဏ္ဍ ငါးခု ဖွဲ့စည်းထားတယ်လို့ ဒေါ်ခင်မမမျိုး က ပြောပါတယ်။

“ကျမတို့တွေဆီကို ဆက်သွယ်လာတဲ့ သူတွေရှိပါတယ်။ ကျမတို့တွေကတော့ ကာကွယ်ရေး ဦးစီးချုပ် ရှိပါမယ်။ ဒုကာကွယ်ရေး စစ်ဦးစီးချုပ်ရှိပါမယ်။ ကာကွယ်ရေး တပ်မတော်နဲ့ပတ်သက်ပြီး ကဏ္ဍ ငါးခုပေါ့၊ GS 1 ကတော့ စစ်ရေးနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်မှာပါ။ GS 2 ကတော့ ထောက်လှမ်းရေးနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်မှာပါ။ GS 3 က စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ကိုင်တွယ် ဆောင်ရွက် မှာပါ။ GS 4 က ထောက်ပို့နဲ့ ပတ်သက်ပြီးဆောင်ရွက်မှာဖြစ်ပြီး GS 5 ကတော့ ပြည်သူ့လုံခြုံရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။”

အခုချိန်မှာ NUG ဗဟိုပြည်သူ့ကာကွယ်ရေးတပ်တွေကို မြို့နယ်အလိုက် မဖွဲ့ထားသေးပါဘူး။ မြို့နယ်တွေ တော်တော်များများမှာတော့ လူငယ်တွေက သူတို့ဘာသာဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှိထားကြပြီး အဲဒီအဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက်သွားကြမှာပါ။

ပဲခူးတိုင်း နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်၊ မန္တလေးတိုင်း ကျောက်ဆည်၊ စစ်ကိုင်းတိုင်း တမူး၊ စစ်ကိုင်း၊ ကလေး၊ ချင်းပြည်နယ် မင်းတပ်၊ ဟားခါး၊ မွန်ပြည်နယ် သိမ်ဇရပ်နဲ့ ရန်ကုန်တိုင်းက မြို့နယ်တွေ အပါအဝင် နေရာတော်တော်များများမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေကို ဖွဲ့စည်းထားကြပါတယ်။

ချင်းနယ်မြေခုခံကာကွယ်ရေးအဖွဲ့ CDF ကို ချင်းပြည်နယ်ထဲက မြို့နယ် ၉ မြို့နယ်နဲ့ ပြည်နယ်ပြင်ပ မှာရှိတဲ့ ချင်းအမျိုးသားတွေ စုပေါင်းပြီး ဧပြီလ ၄ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အခု မေလ ၅ ရက်နေ့မှာ NUG က ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF နဲ့ပူပေါင်းဖို့ အတွက် အခုထိဆက်သွယ်တာ မရှိသေး ဘူးလို့ ဟားခါး CDF အဖွဲ့တစ်ဦးက RFA ကိုပြောပါတယ်။

“ဆက်သွယ်တာလမရှိဘူး။ သူတို့ မဆက်သွယ်ရင်တော့ ကျွန်တော်တို့က ဒီတိုင်းပဲ။ CDF တည်ထောင်ပြီ ဆိုတော့ ကျွန်တော်တို့ NUGနဲ့ သီးသန့်ပြန်ပြီး ညှိနှိုင်းစရာတော့ မလိုဘူး။ CDF ကိုပဲ ထောက်ပံ့ပေးရင် ထောက်ပံ့ပေးမယ်။ မထောက်ပံ့ပေးရင်လည်း ဒီမှာ သီးသန့်လက်နက်ကိုင် တစ်ခုပုံစံမျိုး တည်ထောင်မယ် ဆိုရင်တော့ ဒါကတော့ ပြန်ဆွေးနွေးရမှာပေါ့။”

မင်းတပ် CDF အဖွဲ့နဲ့ စစ်တပ်တို့ ဧပြီ ၂၄ရက်ကနေ ၂၈ရက်နေ့အထိ တိုက်ပွဲ သုံးရက် ဖြစ်ပွားခဲ့ပါ တယ်။ စစ်ကောင်စီ ဘက်က အနည်းဆုံး ၂၀ ကျော်သေဆုံးခဲ့ပြီး ဟားခါး CDF အဖွဲ့နဲ့ စစ်တပ်တို့အကြား မေလ ၂ ရက်နေ့ကနေ မေ လ ၄ ရက်နေ့အထိ ပစ်ခတ်မှုတွေရှိခဲ့ပြီး စစ်သား ကိုးဦး သေဆုံး ခဲ့တယ်လို့ Chinland Defense Force က သတင်းထုတ် ပြန်ထားပါတယ်။

ကလေးမြို့က ခုခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း NUG အစိုးရရဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်နဲ့ ပူးပေါင်းတိုက်ခိုက်ဖို့ ဆန္ဒရှိတယ်လို့ RFA ကို ပြောပါတယ်။

“လုပ်တော့လုပ်နေကြတယ်။ သူတို့နဲ့ မပူးပေါင်းရသေးဘူး။ တကယ်လို့များ ပူးပေါင်းမိရင် သူတို့ လက်အောက်မှာ သူတို့ခိုင်းသလို ပူးပေါင်းချင်တာပေါ့။ ပိုပြီးတော့ အဆင်ပြေတာပေါ့။ ကျတော်တို့က လာပြီဆိုမှသာလျှင် တစ်ရွာနဲ့တစ်ရွာ ချိတ်ဆက်ပြီးတော့ ဖွဲ့လိုက်တာပဲ။ ပြောက်ကျားစနစ်ပါပဲ။ အဖွဲ့စည်း အကြီးကြီးတော့ မဖွဲ့ရသေးဘူး။ ဖြစ်ပြီဟေ့ဆိုရင်တော့ အကုန်လုံးဝိုင်းလိုက်တာပဲ။ လှမ်းချိတ်ဆက်လိုက် တာလေ။ မြန်မြန်ပူးပေါင်းချင်တာပေါ့၊ ဒီဘက်လည်း မြန်မြန် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တာရော။ သူတို့ကိုလည်း အမြစ်ပြတ်စေချင်ပြီ”

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ ကာ ကွယ်ရေးတပ် PDF မှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုရဲ့ စည်းမျည်း စည်းကမ်း၊ မဟာဗျုဟာတွေအလိုက် ချမှတ်ပြီး တပ်ရင်း၊ တပ်ဖွဲ့တွေ အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်နေတာဖြစ်ပါတယ်။

အဲဒီတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံတကာကချမှတ်ထားတဲ့ ဂျီနီဗာကွန်းဗင်းရှင်းအတိုင်း လိုက်နာပြီး လက်နက်မဲ့ ပြည်သူတွေကို မထိခိုက်ရအောင် ကာကွယ်သွားမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်နဲ့ မန္တလေးမြို့တွေအပါဝင် မြို့တွေရဲ့ အများပြည်သူပိုင်နေရာတချို့ တစ်ရက်ကို ၅ ကြိမ်ထက်မနည်း ဗုံးပေါက်ကွဲပါတယ်။ ဒါတွေဟာ စစ်ကောင်စီတပ်တွေက အယောင်ပြလုပ်ဆောင်နေတာ ဖြစ်နိုင်သလို လူငယ်တွေဖွဲ့စည်းထားတဲ့ မြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တချို့က ဘုံရန်သူကို တိုက်ခိုက် တဲ့ အတွေးမျိုးနဲ့ လုပ်နိုင်တာဖြစ်တဲ့အတွက် ဒီလူငယ်အဖွဲ့တွေနဲ့ စုစည်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီး CRPH အဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်က ပြောပါတယ်။

“ စစ်ကောင်စီက ပြောက်ကျားဆောင်ရွက်တာလည်း ဖြစ်နိုင်သလို လူငယ်အဖွဲ့တွေ၊ တချို့အဖွဲ့တွေက ဘုံရန်သူကို တိုက်ဖျက်ရမယ်ဆိုတဲ့ အတွေးလည်း ရှိနိုင်ပါတယ်။ အဲဒါတွေကို ဒါတွေကို ကျနော်တို့က ဒီလိုလုပ်လို့မရဘူး။ စနစ်တကျနဲ့ စုပေါင်း တွန်းလှန်မှရမယ်။ မြို့နယ်တွေ မြို့နယ်တွေမှာ ပြည်သူ့ ကာကွယ်ရေး တပ်အနေနဲ့ တာဝန်ပေးထားတာမျိုး တိုင်းတွေမှာ တာဝန်ပေးထားတာမျိုး မရှိပါဘူး။ သူ့ဟာသူ ဖွဲ့စည်းထားတဲ့ တပ်တွေကို ပြန်ပြီး စုစည်းဖို့လိုတယ်။ ပြည်သူလူထု အထင်မြင် လွဲမှားနိုင်တဲ့ ဆောင်ရွက်မှုတွေကို ကျနော်တို့က ဘာမှလုပ်လို့မရဘူး။ စုစည်းပြီးတော့ ကျနော်တို့အနေနဲ့ စိတ်ခံစားမှုကို အခြေတည်တာမဟုတ်ဘဲ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို အမြန်အမြစ်ပြတ် သွားဖို့အတွက် စည်းမျဉ်းစည်းကမ်းနဲ့အညီ စနစ်တကျ တုံ့ပြန်ဆောင်ရွက်ဖို့လိုတာ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ မေ ၃ ရက်က ပဲခူးတိုင်း နတ်တလင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မြို့မရဲစခန်းကို ဗုံးပစ်ခတ်ခဲ့တဲ့အတွက် ရဲမေတစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။ အဲ့ဒီဗုံးကို ရဲစခန်းကို ပစ်မယ့်နေရာမှာ ကစားနေတဲ့ ကလေး ၂ ယောက်နဲ့ အမျိုးသမီး တစ်ယောက်ရှိနေတာကြောင့် မထိခိုက်စေချင်တဲ့ အတွက် လွတ်တဲ့နေရာကိုပစ်ခဲ့တာလို့ လူငယ်တွေဖွဲ့စည်းထားတဲ့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က RFA ကို ပြောပါတယ်။

“တကယ်တန်း ကျနော်တို့ ပစ်ဖို့ချောင်းတဲ့ နေရာမှာက ကလေး နှစ်ယောက် ဆော့နေတယ်။ အမျိုးသမီး တစ်ယောက် ရှိတယ်။ ရဲ သုံး၊ လေးယောက်ရှိတယ်၊ တကယ်တမ်း ပစ်လိုက်ရင်ရတယ်။ ဒါပေမဲ့ ကလေးတွေနဲ့ အမျိုးသမီးကို ထိခိုက်မှာစိုးလို့ အထိခိုက်နည်းနိုင်တဲ့နေရာကို ပစ်တာ၊ အဓိကကတော့ ကလေးနဲ့ အမျိုးသမီးတွေကို မထိခိုက်စေချင်တဲ့ စိတ်နဲ့ လှုပ်ရှားတာပါ။ ပြည်သူ့ကို ဖိအားပေးနေရင် ကျနော်တို့က ရှိတဲ့အင်အားနဲ့ တွန်းလှန်ဖို့ ရည်ရွယ်ထားပြီးသား၊ အတတ်နိုင်ဆုံး ကာကွယ်ပေးမယ်လို့ ဆုံးဖြတ်ထားတာခင်ဗျ။”

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန က မေ ၅ ရက်မှာ ဖွဲ့စည်းလိုက်တဲ့ PDF အဖွဲ့ မဖွဲ့ခင်ကတည်းက အဲဒီနတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖွဲ့စည်းထားတာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တိုက်ရိုက် ဆက်သွယ်တာ မရှိသေးဘူးလို့လည်း ပြောပါတယ်။

NUG ဒုကာကွယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုး က “လက်ရှိတိုင်းပြည်မှာဖြစ်ပျက်နေတာတွေဟာ ကာကွယ်ရေး ဦးစီးချုပ်က အာဏာကိုအလွဲသုံးစားလုပ်ပြီး စစ်သူပုန်ထတာဖြစ်တဲ့အတွက် ပြည်တွင်းကာကွယ်ရေး တပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ပြီး နှိမ်နင်းတိုက်ခိုက်ကြဖို့” နှိုးဆော်သွားပါတယ်။

“အစိုးရအနေနဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ရေးအရ ရန်လိုတာတွေကို နိမ်နင်းတာ ဖြစ်ပါတယ်။ စစ်ရေးအရ ပါဝါကို ကာကွယ်ရေးဦးစီးချုပ်က အလွဲသုံးစားလုပ်ပြီး သူပုန်ထမှု ဖြစ်ပါတယ်။ ဒါကြောင့် ဘုံရန်သူကို ချေမှုန်းရေးအတွက် ပထမခြေလှမ်းအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားရှိလာပါပြီ။ တဖြည်းဖြည်းနဲ့ အားလုံးပြည်သူလူထုနဲ့ အစိုးရနဲ့ ဒီတပ်မတော်နဲ့ အားလုံးပေါင်းစည်းပြီးတော့ ကျမတို့တွေ ဖယ်ရှားနိုင်မယ်ဆိုရင် ကျမတို့ရဲ့ အနာဂတ်လမ်းက ချောမွေ့နိုင်တယ်ဆိုတာကို ပြည်သူလူထုကိုရော၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကိုရော ပြည်သူ့တပ်မတော်သား၊ ပြည်သူ့ရဲ့တပ်ဖွဲ့ဝင်တွေ၊ လက်နက်ကိုင် အဖွဲ့ဝင်အားလုံးကို ကျမအနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။ ကျမတို့နဲ့ ပူးပေါင်းဆောင်ရွက် ပြီးတော့ ကျမတို့ တိုင်းပြည်ရဲ့ အနာဂတ်ကို ကျမတို့ တည်ဆောက်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။”

NUG အစိုးရက ဖွဲ့စည်းလိုက်တဲ့ ဗဟို ပြည်သူ့ကာကွယ်ရေးတပ်နဲ့ မြို့နယ်တွေအလိုက် လူငယ်တွေ ဖွဲ့စည်း ထားကြတဲ့ ပြည်သူ့လုံခြုံရေး၊ ကာကွယ်ရေးတပ်တွေအားလုံး အခုချိန်မှာ ချိတ်ဆက်မိဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေကို အသတ်သေသည်အထိ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းရုံသာမက လူ့အခွင့်အရေး မျိုးစုံကို ချိုးဖောက်နေတဲ့ စစ်ကောင်စီတပ်တွေကို ပြန်လည်တိုက်ခိုက်ဖို့၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့၊ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံးတိုက်ဖျက်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်း ပေါ်ကို ရောက်ရှိဖို့ ပူးပေါင်းသွားကြမှာဖြစ်တယ်လို့လည်း ပြောကြပါတယ်။

RFA Burmese



ဗဟိုနဲ့ မြို့နယ်ကာကွယ်ရေးတပ်တွေ ချိတ်ဆက်မည် ဗဟိုနဲ့ မြို့နယ်ကာကွယ်ရေးတပ်တွေ ချိတ်ဆက်မည် Reviewed by THITHTOOLWIN on 22:57 Rating: 5

No comments:

Powered by Blogger.