တောင်ကြီးမြို့နယ် ကျောင်းဆရာတစ်ဦး နှင့် အမျိုးသား (၂)ဦးကို စစ်ကောင်စီ မှ ဖမ်းဆီးသွား


မေ ၁၇ရက် ၂၀၂၁

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ကျောင်းဆရာတစ်ဦး  နှင့်အတူ အမျိုးသား (၂) ဦးကို ယနေ့(မေ ၁၇)ရက် မနက် (၂)နာရီတွင် စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် ကျောင်းဆရာသည် တောင်ကြီးမြို့နယ် အထက်တန်းပြ ကျောင်းဆရာ ပြည့်ဖြိုးဝင်း နှင့် ၎င်း၏ သူငယ်ချင်း (၂)ဦးကို ယနေ့ မနက် (၂)နာရီတွင် စစ်ကောင်စီမှ အင်အား အလုံးအရင်းဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ကျောင်းဆရာ ပြည့်ဖြိုးဝင်းက တိမ်းရှောင်နေတာ ကြာပြီ။ အခု သူရိက္ခာ ပြတ်လို့ ပြန်လာယူရင်း မိသွားတာ။ သူ့ ရဲ့ သူငယ်ချင်း (၂)ယောက်လည်းပါတယ်။ ရဲတွေ စစ်သားတွေ အလုံးအရင်းနဲ့ လမ်းတွေပိတ်တော့ ထွက်ပြေးလို့မရဘူး” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ဆိုသည်။

ကျောင်းဆရာ ပြည့်ဖြိုးဝင်းသည် ရိက္ခာပြတ်လပ်သည့်အတွက် နေရပ်သို့ ပြန်လာသည့်အချိန် ဒလန် သတင်းပေးချက်ကြောင့် ဖမ်းခံရခြင်းဖြစ်ကြောင်းလည်း ဒေသခံများ က သုံးသပ်ပြောဆိုသည်။

လက်ရှိမှ ဆရာ နှင့် အတူ ဖမ်းခံရသည့် သူ(၂)ဦးကို တောင်ကြီးမြို့အမှတ်(၁)ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း ၊ ၎င်းတို့ ရိက္ခာ အဖြစ်စုဆောင်းထားသည် ဆန်များကိုလည်းသယ်ဆောင်သွားကြောင်း သိရသည်။

“ ဆရာကို အရင်ကတည်းက ဖမ်းဖို့ ချောင်းနေတာ။ အရင်က လွှတ်သွားတယ်။ အခုက ခဏပြန်လာပြီး ရိက္ခာ လာယူတာ မိသွားတယ်။ ကျန်တဲ့သူတွေ လည်း သတိထား ပြန်စေချင်တယ်။ ဖြစ်နိုင်ရင် ဒီချိန်က ပြန်မလာစေချင်သေးဘူး” ဟု ကျောင်းဆရာ ပြည့်ဖြိုးဝင်း ၏ မိတ်ဆွေ အရင်း တဦး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။

CDM ဖမ်းဝရမ်းဖြင့်တိမ်းရှောင်နေသူ၊ CDM ပြုလုပ်ထားသော်လည်း ဖမ်းဝရမ်း မထုတ်ခံထားရသူ နှင့် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေသူအားလုံး လက်ရှိ အချိန်မှာ မိမိနေအိမ်သို့ မပြန်သင့်သေးကြောင်း၊ ပတ်ဝန်းကျင် တွင် သတင်းပေး (ဒလန်)များရှိနေကြောင်း ၎င်း က ဆိုသည်။

ဆရာ ပြည့်ဖြိုးဝင်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေး CDM တွင်ပါဝင်လာခဲ့သူ တစ်ဦး ဖြစ်သည်။ 

ဖေဖော်ဝါရီ (၁)ရက်မှ ယနေ့ထိ တောင်ကြီးမြို့တွင် စစ်ကောင်စီမှ ဖမ်းဆီးထားသည့် ပြည်သူ (၆၀)ဦးအထက်ရှိကြောင်း လည်း သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

တောင်ကြီးမြို့နယ် ကျောင်းဆရာတစ်ဦး နှင့် အမျိုးသား (၂)ဦးကို စစ်ကောင်စီ မှ ဖမ်းဆီးသွား တောင်ကြီးမြို့နယ် ကျောင်းဆရာတစ်ဦး နှင့် အမျိုးသား (၂)ဦးကို စစ်ကောင်စီ မှ ဖမ်းဆီးသွား Reviewed by THITHTOOLWIN on 21:50 Rating: 5

No comments:

Powered by Blogger.