စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မြင့်နိုင် အပါအဝင် ၆ ဦး အဂတိ ဥပဒေနဲ့ အမှုဖွင့်ခံရ


စစ်ကိုင်း၊ မေ ၆၊ ၂၀၂၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင် အပါအဝင် ၆ ဦး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် ခံရကြောင်း သတင်းရရှိပါတယ်။

အဆိုပါ ၆ ဦးမှာ ဒေါက်တာ မြင့်နိုင် အပါအဝင် ဝန်ကြီးဟောင်း ၄ ဦးနဲ့ ဦးစီးအရာရှိ ၂ ဦးတို့ ဖြစ်တယ်လို့ နစက ကောင်စီက မေလ ၅ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး (ဟောင်း) ဦးကမ်ဇာမုံ၊ ချင်း တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီး (ဟောင်း) ဦးလာလ်ထောင်ထန်း စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဦးစိုးဦး၊ လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး (ဟောင်း) ဦးသန်းညွန့်ဝင်း နဲ့ ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီး အရာရှိ ဦးဝေလင်းလှိုင်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်သန့်စင် တို့ကို အဂတိ ဥပဒေနဲ့ အမှုဖွင့် ထားကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ 

တိုင်းဒေသကြီး တင်ဒါ လုပ်ငန်းနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု ကျူးလွန်ကြောင်း တိုင်ကြားချက်အရ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့တယ်လို့လည်း ဆိုပါတယ်။

စုံစမ်း စစ်ဆေးတွေ့ရှိချက်အရ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်ဟာ ၎င်းတာဝန်ယူခဲ့စဉ်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မှာ တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေ မြောက်မြားစွာ သုံးစွဲရတဲ့ တင်ဒါလုပ်ငန်းမှာ လုပ်ထုံးလုပ်နည်း စည်းကမ်းများ ဖောက်ဖျက်လျက် တင်ဒါ ကြမ်းခင်းစျေးနှုန်းများ သတင်းပေါက်ကြားတဲ့ အတွက် တင်ဒါတန်ဖိုး ကျပ်သန်းပေါင်း ၂၀၀၀၀ ကျော်ရှိတဲ့ လုပ်ငန်း ၆၆ ခုမှာ မူလကြမ်းခင်းစျေးအတိုင်း တင်ဒါ အောင်မြင်ခဲ့ကြတဲ့အပေါ် နိုင်ငံတော်အတွက် သက်သာခွင့် ရရှိမယ့် ငွေကြေးများ ဆုံးရှုံးနစ်နာခဲ့ကြောင်း၊ စတဲ့ လုပ်ဆောင်ချက်များ အပေါ် တိုင်းကြားချက်အရ တရားစွဲဆို အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ဖော်ပြချက်များအရလည်း သိရပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မြင့်နိုင် အပါအဝင် ၆ ဦး အဂတိ ဥပဒေနဲ့ အမှုဖွင့်ခံရ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မြင့်နိုင် အပါအဝင် ၆ ဦး အဂတိ ဥပဒေနဲ့ အမှုဖွင့်ခံရ Reviewed by THITHTOOLWIN on 20:34 Rating: 5

No comments:

Powered by Blogger.