တက္ကသိုလ်ကျောင်းတွေ ပြန်ဖွင့်ပေမယ့် တက်ရောက်သူနည်းပါး



ပညာရေးဝန်ကြီးဌာနရဲ့ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ခံ တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီ ကောလိပ်တွေ ကို နောက်ဆုံးနှစ်ကျောင်းသားတွေ ကျောင်းတက်ကြဖို့ မေလ ၅ ရက် မနေ့က ပြန်လည်ဖွင့်လှစ်လိုက်ပေမယ့် ကျောင်းသား ၁၀ ရာခိုင်နှုန်းသာ တက်ရောက်ကြပြီး ကျောင်းအနီးဝန်းကျင် ဗုံးပေါက်ကွဲမှုတွေကြောင့် လုံခြုံ ရေး စိုးရိမ်ရမှုတွေ ရှိနေပါတယ်။

တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီ၊ ပါရဂူဘွဲ့ကြိုသင်တန်းတွေ၊ မဟာတန်း (ရေးဖြေ)နဲ့ နောက်ဆုံးနှစ်သင်တန်း တွေ၊ နည်းပညာ၊ အသက်မွေးပညာ၊ စက်မှုလက်မှု သိပ္ပံကျောင်းတွေရဲ့ နောက်ဆုံးနှစ်သင်တန်းတွေနဲ့ အစိုးရ နည်းပညာအထက်တန်းကျောင်းတွေရဲ့ နောက်ဆုံးနှစ် ကျောင်းသားတွေအားလုံး မေလ ၅ ရက်နေ့ မနေ့က စစ်ကောင်စီအမိန့်နဲ့ တက္ကသိုလ်တွေကို ဖွင့်လှစ်လိုက်ပါတယ်။

ကျောင်းသားတွေက အာဏာဖီဆန်ရေးအတွက် CDM လုပ်ကြပေမယ့် တချို့ကျောင်းသားတွေ ကျောင်းပြန် တက်နေတာတွေ့ရပြီး စာသင်ခန်းတစ်ခန်းမှာ ကျောင်းသား ၅ ဦးလောက်တော့ ရှိနေတယ်လို့ ရန်ကုန် အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်က ပြောပါတယ်။

ရန်ကုန်တိုင်းထဲမှာ တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်း ၃၂ ခုရှိပြီး ကျောင်းသား တစ်သိန်းဝန်းကျင်ရှိတဲ့အနက် ကျောင်းသားအားလုံးနီးပါးက CDM လုပ်ဖို့ ဆုံးဖြတ်ထားကြပြီး လက်ရှိဖွင့်လှစ်တဲ့ နောက်ဆုံးနှစ် တက်ရောက် တဲ့ ကျောင်းသားက ၁၀ ရာခိုင်နှုန်းလောက်သာရှိတယ်လို့ ရန်ကုန် အခြေစိုက် တက္ကသိုလ် ကျောင်းသား သမဂ္ဂများအဖွဲ့က ကောက်ယူထားတဲ့ စာရင်းတွေအရ ဆိုပါတယ်။

နောက်ဆုံးနှစ် တက်ရောက်ရတာဖြစ်တဲ့အတွက် ကျောင်းသားတွေကို အိမ်ကမိဘတွေက ဖိအားပေးတာတွေ ရှိနေတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်းထဲက ဒဂုံတက္ကသိုလ်၊ ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်နဲ့ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်တွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားကြပြီး တက္ကသိုလ်ဝန်းအတွင်း လှည့်လည်သွားလာ တာတွေ ရှိနေပါတယ်။

ကျောင်းစဖွင့်တဲ့ မေလ ၅ ရက်နေ့မနက်ပိုင်းမှာပဲ ဒဂုံ တက္ကသိုလ်အနီး ဘုန်းကြီးကျောင်းကွေ့မှာ ကျောင်းကို ပြေးဆွဲပေးနေတဲ့ YBS 30 ဘက်စ်ကားတစ်စီး ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ကျောင်းတက်နေတဲ့ ကျောင်းသားတွေအတွက် လုံခြုံရေးအရ လုံးဝ စိတ်ချမရနိုင်တဲ့အခြေအနေမှာ ရှိနေတယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသူတစ်ဦးက ပြောပါတယ်။

အဆင့်မြင့်ပညာရေးစနစ်မှာ အရင်က နှစ်ဝက်တစ်ခုအတွက်ကို လေးလခန့် (ရက်ပေါင်း ၁၀၀) နီးပါး တက်ကြရပေမယ့် အခုစစ်ကောင်စီက ဖွင့်လှစ်မယ့်စနစ်မှာတော့ ၃၉ ရက်ပဲ တက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းတက်ရက်တွေကိုလည်း အရင်က တနင်္လာကနေ သောကြာထိ တက်ကြရပေမယ့် အခုတော့ တနင်္လာကနေ စနေနေ့အထိ ကျောင်းတက်ဖို့ သတ်မှတ်ထားတာတွေ့ရပါတယ်။

စစ်ကောင်စီက သတ်မှတ်ထားတဲ့ တစ်နှစ်ကို နှစ်တန်းအောင်မယ့် ပညာရေးစနစ်မှာ ပါဝင်သင်ကြားမှာ မဟုတ်ဘူးလို့ ရတနာပုံ တက္ကသိုလ်က အင်္ဂလိပ်စာမေဂျာ မဟာတန်း ပထမနှစ်က ကိုသန့်သက်ဦးခန့် က ဆိုပါတယ်။

"ကျောင်းသားတွေအနေနဲ့ အာဏာသိမ်းတာကို လက်မခံလို့ သူတို့ဖွင့်တဲ့ ပညာရေးမှာ ပါဝင်သင်ကြားမှာ မဟုတ်ဘူး။ ကောင်စီကို ဆန့်ကျင်ဆန္ဒပြရာမှာ ကျောင်းသားတွေ ဖမ်းခံရတာ၊ ထောင်ချခံရတာ၊ မတရား ပစ်သတ်ခံရတာတွေ ရှိတယ်။ သူတို့ကိုလေးစားသောအားဖြင့် အရေးတော်ပုံ မအောင်မြင်မချင်း ကျောင်း မတက်ဘူး။ ရက်ပေါင်း ၄၀ ပဲ သင်မယ်။ တစ်နှစ်ကို နှစ်တန်းကို အောင်မယ်ဆိုတာ ယုတ္တိမရှိဘူး။ ကျွန်တော်တို့ လိုချင်တဲ့ ပညာရေးစနစ်က ဒီလိုပညာရေးမဟုတ်ဘူး။"

ကိုသန့်သက်ဦးခန့် တို့ မေဂျာမှာဆိုရင်လည်း ကျောင်းသား၊ ကျောင်းသူပေါင်း ၆၀ ကျော်ရှိပြီး စာရင်း ကောက်ယူထားတာအရ ၈၃ ရာခိုင်နှုန်းက ကျောင်းမတက်ကြဘူးလို့ သိရပါတယ်။

မုံရွာ စီးပွားရေးတက္ကသိုလ်မှာ ကျောင်းသား ၄၀၀၀ လောက်ရှိပြီး မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းသား သမဂ္ဂ ကောက်ယူထားတဲ့ စာရင်းအရ ၉၀ ရာခိုင်နှုန်းက ကျောင်းမတက်ဖို့ ဆုံးဖြတ်ထားတယ်လို့ တက္ကသိုလ် အုပ်ချုပ်ရေးယာယီကောင်စီအဖွဲ့ဝင် ကိုခန့်ဝေဖြိုးက ပြောပါတယ်။

မုံရွာတက္ကသိုလ်မှာလည်း ကျောင်းသား တစ်သောင်းကျော်ရှိပြီး ၉၀ ရာခိုင်နှုန်းလောက် CDM မှာ ပါဝင်နေ ကြပါတယ်။

စစ်ကျွန်ပညာရေး မလည်ပတ်နိုင်အောင် လုပ်မယ်လို့ မန္တလေးတက္ကသိုလ် ကျောင်းသားမျာသမဂ္ဂက ဗဟိုအလုပ်မှုဆောင် ကိုဇေမင်းထွဋ်အောင်က ပြောပါတယ်။

"ဖေဖော်ဝါရီလမှာကတည်းက စစ်ကျွန်ပညာရေးယန္တရားကို မလည်ပတ်နိုင်အောင် သဘောထားကိုလည်း စာထုတ်ထားတယ်။ အမှုဆောင်တစ်ဖွဲ့လုံးကတော့ ကျောင်းမတက်ဘူး။ စစ်ကျွန်ပညာရေးကို သပိတ် မှောက်မယ်။ စစ်အာဏာရှင်စနစ်ကို အပြီးပြတ် ချေမှုန်းနိုင်တဲ့အထိ ပြည်သူလူထုနဲ့ တစ်သားတည်း တိုက်ပွဲဝင်သွားမယ်။"

အဆင့်မြင့်ပညာဦးစီးဌာနအနေနဲ့ သင်ကြားရေးဆရာ၊ ဆရာမတွေနဲ့ စီမံဝန်ထမ်းတွေကို ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့ နောက်ဆုံးထားပြီး လုပ်ငန်းခွင်ဝင်ရောက်ဖို့ အသိပေးချက်ထုတ်ပြန်ထားပါတယ်။

စစ်အစိုးရဟာ သူတို့အာဏာမြဲတယ်ဆိုတာကို ပြသမယ့်သင်ကြားရေးဖြစ်သလို လုံခြုံမှုမရှိတဲ့ စာသင်ခန်း ထဲမှာ ဘယ်သူမှစာသင်မှာမဟုတ်တာကြောင့် ဒီ စနစ်ဟာ အောင်မြင်မှာမဟုတ်ဘူးလို့ မန္တလာတက္ကသိုလ်က အမည်မဖော်လိုတဲ့ အင်္ဂလိပ်စာသင်တဲ့ ဆရာတစ်ယောက် RFA ကိုပြောပါတယ်။

"လေးလသင်မယ့်စာကို တစ်လနဲ့ သင်မယ်ဆိုတာ ဘယ်နိုင်ငံမှာမှ မရှိဘူး။ အာဏာရှင်နိုင်ငံတွေမှာပဲ သူတို့လုပ်ချင်တာလုပ်နေတာ။ ကျောင်းသားတွေ ပညာရသွားလား၊ စာမေးပွဲက အရင်က တစ်ဘာသာ ကျန်သေးတယ်။ ကိုဗစ်ကြောင့် ပိတ်လိုက်ရတာ၊ အဲ့ဒါ ဘယ်လိုသွားမှာလဲ၊ အခုက နွေရာသီအရမ်းပူ နေတာ၊ ဘယ်သူက လာတက်မှာလဲ။"

မန္တလေးက တက္ကသိုလ်အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ဆရာတွေကတော့ CDM ဆက်လက် လုပ်ဆောင် သွားကြမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

သွေးမခြောက်သေးတဲ့ လမ်းကိုလျှောက်ပြီး စာသင်ဖို့ သွားမှာမဟုတ်ဘူးလို့ ရန်ကုန်တိုင်းထဲက အမည် မဖော်လိုတဲ့ တက္ကသိုလ်ဆရာမတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတဲ့ စစ်ကောင်စီရဲ့အမိန့်စာမှာ တက္ကသိုလ်၊ ကောလိပ်၊ ပညာရေး ကောလိပ် အသီးသီးက ဆရာ၊ ဆရာမနဲ့ စီမံဝန်ထမ်းများ အားလုံးအနေနဲ့ အားအင်အပြည့်နဲ့ ကျောင်းပြန်တက် ကြဖို့၊ ခွင့်မဲ့ပျက်ကွက်ပြီး ပြန်လည်ဝင်ရောက်လာသူတွေကိုလည်း ကတိခံဝန်ချက် ရေးထိုးစေပြီး နွေးနွေး ထွေးထွေး ကြိုဆိုဖို့ အဆင့်မြင့်ပညာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်း လက်မှတ်ထိုးပြီး ထုတ်ပြန် ထားပါတယ်။

ဧပြီလ ၂၈ ရက်နေ့မှာတော့ တက္ကသိုလ်၊ ဒီဂရီ၊ကောလိပ် ၁၃၀ ကျော်အတွက် နည်းပြ၊ သရုပ်ပြဝန်ထမ်းတွေ ကို အဆင့်မြင့်ပညာဦးစီးဌာနက အလုပ်ခေါ်ယူနေတာ တွေ့ရပါတယ်။

ထားဝယ်နည်းပညာတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ် ဥပဒေအထူးပြုနောက်ဆုံး နှစ်ကျောင်းသားတွေ၊ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒအထူးပြု နောက်ဆုံးနှစ် ကျောင်းသားတွေ၊ ရတနာပုံတက္ကသိုလ် ဘူမိဗေဒ မဟာသိပ္ပံသင်တန်း ပထမနှစ် ကျောင်းသားတွေ၊ ကော့သောင်းခရိုင်အတွင်းက တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ်အသီးသီးကကျောင်းသားတွေ၊ ရခိုင်ကျောင်းသားများသမဂ္ဂ၊ ဒဂုံတက္ကသိုလ် သင်္ချာဌာန စတုတ္ထနှစ် ကျောင်းသားတွေ၊ အပါအဝင် တက္ကသိုလ် ကောလိပ်အများစုက ကျောင်းသားတွေက ကျောင်းပြန် မတက်ဘူးဆိုတဲ့အကြောင်း ကြေညာချက်တွေ ထုတ်ပြန်ပြောဆိုထားပါတယ်။

အဆင့်မြင့်ပညာဦးစီးဌာနရဲ့လက်အောက်မှာ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်သင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေ၊ နည်းပညာနဲ့ ကွန်ပျုတာတက္ကသိုလ် ပညာရေးကောလိပ် အစရှိသဖြင့် ကျောင်းပေါင်း (၁၃၄) ကျောင်းရှိပါတယ်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်စာရင်းအရ ကျောင်းသား၊ ကျောင်းသူ သင်တန်းသားပေါင်း ၆၀၉၁၁၄ ယောက်နဲ့ ဆရာ၊ ဆရာမဝန်ထမ်းပေါင်း ၃၇၁၄၉ ယောက်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ် မှာ ဖော်ပြ ထားပါတယ်။

RFA Burmese



တက္ကသိုလ်ကျောင်းတွေ ပြန်ဖွင့်ပေမယ့် တက်ရောက်သူနည်းပါး တက္ကသိုလ်ကျောင်းတွေ ပြန်ဖွင့်ပေမယ့် တက်ရောက်သူနည်းပါး Reviewed by THITHTOOLWIN on 20:58 Rating: 5

No comments:

Powered by Blogger.