နှစ်ဆယ့်လေးနာရီအတွင်း ငါးဦးသေဆုံး၊ ၁၁ ယောက် ဒဏ်ရာရ



နိုင်ငံအနှံ့ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုဖြစ်ရပ်တွေမှာ ၂၄ နာရီအတွင်း သေဆုံးတဲ့အရပ်သား အနည်းဆုံး ငါးယောက်ရှိပြီး၊ ၁၁ ယောက် ဒဏ်ရာရသလို၊ အဖမ်းခံရသူ တစ်ဒါဇင်ကျော် ရှိခဲ့ပါတယ်။ သေဆုံးတဲ့သူတွေကတော့ စစ်ကိုင်းတိုင်း ဝက်လက်မြို့က သုံးယောက်၊ မကွေးတိုင်း ထီးလင်း မြို့နယ်က နှစ်ယောက်ဖြစ်ပါတယ်။

မနေ့က မေလ ၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြပွဲမှာ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ဝက်လက်မြို့ပေါ်နဲ့ အနီးတဝိုက်ကျေးရွာကပြည်သူတွေသောင်းနဲ့ချီ ပါဝင်ခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲကို စစ်တပ်နဲ့ရဲက ပစ်ခတ်ခဲ့လို့ သေဆုံး၊ ဒဏ်ရာရကြတာပါ။ သုံးယောက်သေဆုံးပြီး ရှစ်ယောက်ထက်မနည်း ဒဏ်ရာရထားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

ဒီနေ့မှာတော့ ဝက်လက်မြို့ထဲမှာ ဈေးဆိုင်တွေပိတ်ထားပြီး ခြောက်သွေ့နေသလို၊ စစ်တပ်နဲ့ရဲက နေရာအနှံ လှည့်လည်ခြိမ်းခြောက် အင်အားပြနေကြပါတယ်။

မကွေးတိုင်း ထီးလင်းမြို့က ထန်းပင်ကုန်းရွာနားမှာတော့ ဒီနေ့ မနက် ၇ နာရီလောက်က ဒေသခံပြည်သူ့ ကာကွယ်ရေးအဖွဲ့နဲ့ စစ်တပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ တာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က နှစ်ယောက်သေ၊ သုံးယောက်ဒဏ်ရာရပြီး တစ်ယောက် အဖမ်းခဲ့ရပါတယ်။

မြို့နယ်ပညာရေးမှူးရုံးရှေ့မှာ ဒီနေ့မနက်က လက်လုပ်မိုင်းပေါက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ ဆိုင်ကယ်နောက်ကို စစ်တပ်ကလိုက်ရင်း ထန်းပင်ကုန်းရွာနားမှာ တိုက်ပွဲဖြစ်ကြတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။

မနက် ၇ နာရီလောက်ကနေ ၁၀ နာရီလောက်အထိ ပစ်ခတ်မှုတွေဖြစ်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်ကလည်း အကျအဆုံးရှိပေမယ့် အရေအတွက်ကိုတော့ မသိရသေးလို့ ပြောပါတယ်။ နောက်ထပ် စစ်ကားနှစ်စီးနဲ့ အင်အား ၄၀ လောက် ထပ်စုထားတာကြောင့် တိုက်ပွဲဆက်ဖြစ်နိုင်ခြေရှိနေတယ်လို့လည်း အဲဒီဒေသခံက ဆိုပါတယ်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာတော့ မေလ ၃ ရက် ဒီနေ့မှာ ကျောင်းပြန်ဖွင့်နိုင်ရေး ကျောင်းအုပ်တွေ ညှိနှိုင်းအစည်းအဝေးတက်ဖို့ မနေ့ကရောက်လာတဲ့ အက်ကြီးရွာက ကျောင်းအုပ်ဆရာကြီး မနေ့ညနေပိုင်းက ဓားနဲ့အထိုးခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ လည်ပင်းကိုအထိုးခံရတယ်လို့သိရပြီး နဘတ်ကြီး ဆေးရုံမှာ ကုသခံနေရတယ်လို့ ဆိုပါတယ်။

မနေ့က မေလ ၂ ရက်နေ့ မနက်ပိုင်းကစပြီးတစ်နေ့လုံး ရန်ကုန်မြို့ရဲ့ လေးနေရာလောက်မှာ ဗုံးတွေ ပေါက်ကွဲ ခဲ့ပါတယ်။ မနက်ပိုင်းမှာ စမ်းချောင်းမြို့နယ်ထဲ ပေါက်ကွဲခဲ့ပြီး နေ့လယ်ပိုင်းမှာ တာမွေအဝိုင်း ကြီးလမ်းဆုံခုံး တံတားအောက်မှာ တစ်လုံးပေါက်ကွဲခဲ့သလို သာကေတမြို့နယ်မှာ သုံးနေရာလောက်အထိ ပေါက်ကွဲခဲ့ပါ တယ်။ ရန်ကုန်တိုင်း ဗိုလ်တစ်ထောင်မြို့နယ် ၄၆ လမ်း၊ ၄၇ လမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာတော့ ပြည်သူတွေရဲ့ ရပ်ထားတဲ့ကားတွေကို မေ ၂ ရက်နေ့ မနေ့ညပိုင်းက စစ်တပ်က ပစ်ခတ်ရိုက်ခွဲတာတွေလုပ်ခဲ့ ပါတယ်။ နေအိမ်တိုက်ခန်းတွေက မှန်တံခါးတွေကို လေးခွတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်တာ၊ ကားမှန်တွေ ကို ရိုက်ခွဲတာနဲ့ မှန်တွေပေါ်မှာ ဆဲဆိုတဲ့စာသားတွေကို ဆေးဗူးမှုတ်ပြီး ရေးဆွဲသွားကြပါတယ်။

ပဲခူးတိုင်း နတ်တလင်းမြို့က ရဲစခန်းမှာလည်း မနေ့ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရဲမေတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နတ်တလင်းမြို့မှာ ရဲစခန်း သုံးခုရှိပြီး ဗုံးပေါက်ကွဲတဲ့ ရဲစခန်းဟာ CDM လုပ်တဲ့ဝန်ထမ်းတွေကို ဖိအားပေးတာနဲ့ ပြည်သူတွေကို ဖမ်းဆီးနေတာကြောင့် သတိပေးတဲ့ အနေနဲ့ ဗုံးပစ်တာလို့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်မဟုတ်တဲ့ လူငယ်နှစ်ယောက် အဖမ်းခံရတယ် လို့လည်း သူကပြောပါတယ်။ ဒီနေ့မနက်မှာတော့ နတ်တလင်းမြို့ထဲမှာ စစ်တပ်နဲ့ရဲအင်အား ထပ်တိုးချတာ တွေ တွေ့ရတယ်လို့ ပြောပါတယ်။ နတ်တလင်းမြို့မှာ စစ်တပ်က အကြမ်းဖက်လို့ သေဆုံးတဲ့သူမရှိပေမဲ့ အဖမ်းခံထားရတဲ့သူ ၁၀ ယောက်ထက်မနည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၃ ဒီနေ့မှာလည်း ရန်ကုန်မြို့၊ မန္တလေးမြို့၊ ထားဝယ်မြို့၊ တောင်ငူ၊ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေ သာစံမြို့နယ်၊ ပဲခူးမြို့၊ ရှမ်းပြည်နယ် ဟိုပုံးမြို့၊ ကရင်ပြည်နယ် ဘားအံ အိန္ဒုကျေးရွာ၊ မော်လမြိုင်မြို့ အပါ အဝင် မြို့နယ်တော်တော်များများမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြောင်းနဲ့ စစ်အာဏာ ရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်စစ်ကြောင်းတွေနဲ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ တစ်နိုင်ငံလုံးမှာ စစ်တပ်နဲ့ ရဲကြောင့် သေဆုံးတဲ့သူ အယောက် ၇၅၀ ကျော်နေ ပြီ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းအရ ဒီနေ့ အချိန်ထိ အဖမ်းခံထားရတဲ့သူ ၃၄၀၀ ကျော်နေပြီး ဖမ်းဝရမ်းအထုတ်ခံထားရသူ ၁၂၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

RFA Burmese



နှစ်ဆယ့်လေးနာရီအတွင်း ငါးဦးသေဆုံး၊ ၁၁ ယောက် ဒဏ်ရာရ နှစ်ဆယ့်လေးနာရီအတွင်း ငါးဦးသေဆုံး၊ ၁၁ ယောက် ဒဏ်ရာရ Reviewed by THITHTOOLWIN on 19:48 Rating: 5

No comments:

Powered by Blogger.